တရုတ်မြန်မာ နယ်စပ်က ကျင်ဆန်းကျော့ဂိတ်ပိတ်လိုက်လို့ ဖရဲ၊သခွားတောင်သူတွေ ကျပ်ငွေ ကုဋေနဲ့ချီဆုံးရှုံးမယ့် အရေးနဲ့ရင်ဆိုင်နေရ

ဓာတ်ပုံ ရင်းမြစ်, SAIKHINMAUNG
တရုတ်ပြည်ထဲ မရောက်သေးတဲ့ ဖရဲသခွားကားတွေ တစ်ထောင်ကျော်ရှိနေသေး
တရုတ် - မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင်က ကျင်ဆန်းကျော့ဂိတ်ကို ပိတ်ပစ်လိုက်တဲ့အတွက် ပိတ်ဆို့နေတဲ့ ဖရဲသခွားကုန်ကားတွေအရေးကို အစိုးရဘက်ကအမြန်ဆုံး ကူညီဖြေရှင်းပေးဖို့ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက မူဆယ်မြို့၊ သစ်သီးဝလံကုန်စည်ဒိုင်အသင်းမှာပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲကတဆင့်တောင်းဆိုခဲ့ကြပါတယ်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို ဖရဲသခွား စိုက်ပျိုးထုတ်လုပ်သူတချို့အပါအဝင် တရုတ်ဘက်ကိုတင်ပို့ ရောင်းချနေတဲ့ကုန်သည်တွေ အစုအဖွဲ့တွေပါဝင်ပြီး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
'' အဓိကကတော့ ကျင်ဆန်းကျော့ဂိတ် ပိတ်လိုက်တော့ ကြူကုတ် - ပန်ဆိုင်းဘက်ကနေ ကားတွေက လှည့်သွားနေရတယ်။ ပိုလည်းဝေးတယ် လမ်းလည်း ပိုကြမ်းတယ်။ ဒီတော့ ကျင်ဆန်းကျော့ဂိတ်ကို ပြန်ဖွင့်ပေးဖို့နဲ့ ဖရဲသခွားတောင်သူတွေနစ်နာတဲ့အရေးကို ပြည်နယ်အစိုးရတွေ နိုင်ငံတော်အစိုးရအနေနဲ့ အခြေ အနေမှန် ကို သိဖို့ အောက်ခြေကို သေချာဆင်းကြည့်ပြီး စာနာပေးဖို့ ကူညီဖြေရှင်းပေးဖို့ ပြောဆို ခဲ့ကြတာပါ။'' လို့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက်ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ မူဆယ် အခြေ စိုက် ဖရဲသခွား ကုန်သည်တစ်ဦးလည်းဖြစ် ကိုယ်တိုင်တင်ပို့နေသူလည်းဖြစ်တဲ့ ဦးစိုင်းခင်မောင်က ဘီဘီစီကိုပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, SAIKHINMAUNG
တရုတ်ဝယ်လက်က အကောင်းဆုံးအသီးတွေကိုသာယူပြီးကျန်အသီးတွေကို ပယ်သီးအဖြစ် စွန့်ပစ်
တရုတ်နိုင်ငံ ဝမ်တိန်ဘက်ကို တင်ပို့နေတဲ့ ဖရဲသခွားကုန်ကားတွေကို ပြီးခဲ့တဲ့ တစ်ပတ်ကျော်အတွင်းကစပြီး တရုတ်ဘက်ကစစ်ဆေးရေးတွေကို ကြန့်ကြာအောင်လုပ်ပြီး ကားတွေပိတ်ဆို့ကာ ဖရဲသခွားတွေ အနာ များပြီး ဈေးကျအောင် တရုတ်ဘက်က လုပ်နေတယ်လို့ တောင်သူတွေနဲ့ ကုန်သည်တွေဘက်က ပြောဆို တာတွေရှိခဲ့ပါတယ်။
ဒီလိုအသံတွေထွက်ပေါ်အပြီးသိပ်မကြာခင်မှာပဲ မြန်မာ့တပ်မတော်က ကျင်ဆန်းကျော့ဂိတ်ကို နယ်မြေ လုံခြုံရေးအတွက် ဆိုကာ ဒီဇင်ဘာ ၂၆ရက်နေ့မှာ ပိတ်ပစ်လိုက်တာဖြစ်ပါတယ်။
အခုလို ပိတ်ပစ်လိုက်တဲ့အတွက် ဖရဲသခွားကုန်ကားအစီးရေတစ်ထောင်ကျော်ဟာ ကြူကုတ် - ပန်ဆိုင်း လမ်းကတဆင့် တရုတ်ပြည်ထဲကိုဝင်ဖို့ ပြန်လှည့်သွားနေရတဲ့အခြေအနေဖြစ်နေတာပါ။
'' အဓိက နစ်နာတာက ကုန်သည်ပွဲစားလည်းမဟုတ်ဘူး။ တရုတ်ဝယ်လက်လည်းမဟုတ်ဘူး တောင်သူပဲ။ စစိုက်တာကနေ တရုတ်ဘက်ထဲအရောက် ကားချိန်းပြီး အသီးလှယ်ပြီးတဲ့အထိ တောင်သူကပဲ တာဝန်ယူရ တာ။ အခုလို ကားကြာလို့ ပုတ်လည်း တောင်သူပဲဆုံးရှုံးတာ။ အခုဆို ဖရဲရောသခွားရော တန်ချိန် ၅ထောင် လောက်ရှိတယ် ပိတ်မိနေတဲ့ကားတွေပေါ်မှာ။ တစ်တန်ကို ယွမ် ၁၆၀၀ ဈေးနဲ့တွက်ရင်တောင် အဲဒီအသီး တွေ အကုန်ဆုံးရှုံးကုန်ရင် ကျပ်ငွေ ကုဋေနဲ့ချီပြီးတော့ ဆုံးရှုံးမှာ။'' လို့ ဖရဲစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဦးသစ္စာ က ဘီဘီစီကိုပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, SAIKHINMAUNG
ဖရဲသခွားတင်ပြီးကားတွေ ပြည့်နေလို့ ကုန်ကားတွေလည်း ဈေးတက်ကာငှားမရဖြစ်နေ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ဖရဲသခွားစိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ ပိတ်ပစ်လိုက်တဲ့ ဂိတ်ပေါက်ကို ပြန်ဖွင့်ရေးအပါအဝင် တရုတ် ဘက်က ဖရဲသခွားတွေကို ကြာရှည်အထားမခံတဲ့အချက်ကို အားပြုပြီး စစ်ဆေးရေးကြန့်ကြာအောင် လုပ်ကာ အပုပ်မခံနိုင်လို့ ဈေးလျှော့ရောင်းရအောင်လုပ်လေ့ရှိတာတွေကိုလည်း အစိုးရအဖွဲ့သိရှိနိုင်စေဖို့ ဒီရက်ပိုင်းထဲမှာပဲ မုံရွာမြို့မှာ စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေစုပေါင်းပြီး သတင်းစာရှင်းလင်းပွဲလုပ်ကာ ထုတ်ဖော်ပြောဆိုသွားကြဖို့ လည်းရှိတယ်လို့ ဦးသစ္စာကပြောပါတယ်။
ဖရဲသခွားကုန်ကားတွေ ပိတ်မိနေတဲ့အရေး၊ တောင်သူတွေဆုံးရှုံးမယ့်အရေးနဲ့ပတ်သက်ပြီး ဝန်ကြီးဌာန အနေနဲ့ တရုတ်ဘက်ကို ညှိနှိုင်းဆောင်ရွက်နေတာတွေရှိနေတယ်ဆိုပေမယ့်လည်း တရားဝင်ဂိတ်တစ်ခု မဟုတ်တဲ့အတွက် ပြောဆိုညှိနှိုင်းရာမှာ အခက်အခဲတွေရှိနေတယ်လို့လည်း ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးမျိုးသူက ဘီဘီစီကိုပြောပါတယ်။
' ' အစိုးရဘက်ကလည်း ကျင်ဆန်းကျော့ဂိတ်ကို အမြန်ဆုံးပြန်ပွင့်ရေးကို တရုတ်ဘက်နဲ့ ညှိပြီးလုပ်နေတာ တွေရှိပါတယ်။ ဒါ့အပြင် ဒီဂိတ်ကို တရားဝင် နယ်စပ်ဂိတ်တစ်ခုဖြစ်လာဖို့လုပ်နေတာတွေလည်းရှိပါတယ်။ ဒါပေမယ့်လည်း မူဆယ်နဲ့ဆက်နေတဲ့နေရာ ယူနန်က ပြည်နယ်အဆင့်ပဲရှိတယ်။ ဗဟိုအစိုးရအထိ သူတို့ တင်ပြရမှာလား။ ဘယ်လိုလုပ်ရသလဲတော့ မသိဘူး။ ဒါကြောင့် ညှိနှိုင်းနေတာတွေရှိပေမယ့် ချက်ခြင်းကြီး တော့လည်း အဆင်ပြေဖို့ မလွယ်ဘူး ။''လို့ ဦးမျိုးသူက ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, SAIKHINMAUNG
ဖရဲသခွားတွေကို ရောင်းချပြီးသော်လည်း တရုတ်ပြည်ထဲအရောက် ပို့ဆောင်ပေးပြီးတဲ့အထိမြန်မာတောင်သူတွေဘက်ကတာဝန်ယူရ
တရုတ်ဗဟိုအစိုးရဘက်က ချမှတ်လိုက်တဲ့ မူဝါဒအသစ်တွေကြောင့် တရုတ် မြန်မာ နယ်စပ်ဂိတ်တွေမှာ စစ်ဆေးရေးတွေကို အသေးစိတ်အချိန်တော်ကြာစိစစ်နေတယ်လို့ မူဆယ်ဒေသခံတချို့ကပြောပါတယ်။
ဒါကြောင့်လည်း ဖရဲသခွားအပြင် နွားတင်ပို့တဲ့ ကုန်ကားတွေ ဆန်ကားတွေနဲ့ မြန်မာဘက်ကတင်ပို့နေတဲ့ ကုန်ကားအမျိုးမျိုးဟာပိတ်ဆို့မှုတွေနဲ့ တွေ့ကြုံနေရတာဖြစ်ပြီး တာရှည်မခံတဲ့ အသီးအနှံကုန်ကားတွေ အတွက် ပုပ်သိုးပြီး ပျက်စီးဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
' ' ကျွန်တော်တို့က တရုတ်ဘက်ကို ရောက်ရောက်မရောက်ရောက် ဒီကားတွေ စပြီး မူဆယ်ကို တင်ပြီ ဆိုတာနဲ့ အစိုးရကို အခွန် ၂ ရာခိုင်နှုန်းက ကြိုဆောင်ထားရပြီးပြီ။ အသီးတွေ ပုပ်သွားလို့ အကုန်လွှင့်ပစ် လိုက်ရရင်တောင် ကားခတွေက ၁၂ ဘီးကားတစ်စီးကို အနည်းဆုံး ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းဝန်းကျင် ရှိတယ်။ ကျွန်တော်ဆို ကားခသိန်း ၆၀ ကျော် ထပ်စိုက်ပြီး ရှင်းပေးရဦးမယ့်အခြေအနေဖြစ်နေတာ'' လို့ ဖရဲစိုက်တောင်သူ ဦးသစ္စာကပြောပါတယ်။