ခရစ္စမတ်တဝိုက် ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် တိုက်ပွဲတွေထဲ တပ်မတော် မပါဝင်ဘူးလို့ ငြင်းဆို

တပ်မတော်
ဓာတ်ပုံ ပုံစာ,

တိုက်ပွဲသတင်းတွေ အကြောင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ အပေါ်မှာပဲ မူတည်ပြီး သတင်းရေးနေတယ်လို့ တပ်မတော် စွပ်စွဲ

မြန်မာနိုင်ငံတဝန်း အခြေစိုက်ထားတဲ့ တိုင်းစစ်ဌာနချုပ် အသီးသီးက ပြောရေးဆိုခွင့် ရှိသူတွေရဲ့ အမည်စာရင်းကို တပ်မတော်က စာနယ်ဇင်းသမားတွေထံ အသိပေးလာပါတယ်။

တိုင်းဦးစီး ဗိုလ်မှူးကြီး အဆင့် ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို စာနယ်ဇင်းကောင်စီထံ ပေးပို့လာတာ ဖြစ်ပါတယ်။

တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေရေးသားတဲ့အခါ စစ်တိုင်းအလိုက် ပြောရေးဆိုခွင့် ရှိသူတွေကို မေးမြန်းနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်က ဒီလို ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ပေးပြီး တာဝန်ယူ ဖြေကြားမယ့်သူတွေ ထားရှိဖို့ စာနယ်ဇင်း သမားတွေရဲ့ တောင်းဆိုမှုတွေ အစဉ်အဆက် ရှိခဲ့ပါတယ်။

အခုရက်ပိုင်းတွေ အတွင်း ရှမ်းပြည်နယ်ထဲက တိုက်ပွဲသတင်းတွေအကြောင်း ပြည်တွင်း ပြည်ပ မီဒီယာတချို့ ရေးသားမှုတွေ အပေါ် အစိုးရတပ်က ငြင်းပယ် ကန့်ကွက်တာတွေ ပြုလုပ် လာပြီးတဲ့နောက် အခုလို ပြောခွင့်ရ အမည်စာရင်း ထွက်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ရှမ်းတောင်ပိုင်းတပ်နဲ့ရော အစိုးရတပ်နဲ့ကြားပါ တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်နေခဲ့တဲ့ တအာင်းတပ် TNLA

တပ်မတော်က ကချင်နဲ့ ရှမ်းပြည်နယ် အခြေစိုက် စစ်တိုင်း ၅ တိုင်းထဲမှာ ၄ လ ကြာ စစ်ရေးလှုပ်ရှားမှု မလုပ်ပဲ ရပ်ထား ပေးမယ် ဆိုပြီး ကြေညာခဲ့တဲ့နောက် ရက်ပိုင်း အတွင်းမှာပဲ ရှမ်းပြည်နယ်ထဲ ပေါ်ပေါက်ခဲ့တဲ့ တိုက်ပွဲတချို့မှာ တပ်မတော် ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ သတင်းဖော်ပြမှုတွေ မီဒီယာ တချို့မှာ တွေ့လာ ခဲ့ရပါတယ်။

ဒီဇင်ဘာ ၂၄ ရက် တုန်းက ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ထဲမှာ တအာင်းလက်နက်ကိုင် TNLA နဲ့ အစိုးရတပ်ကြား တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းကို သတင်းမီဒီယာတချို့ ရေးသားခဲ့တာ မှားယွင်းနေပြီး အဲဒီ ရေးသားမှုဟာ TNLA ရဲ့ ထုတ်ပြန်မှု အပေါ်မှာပဲ ကိုးကားပြီး ထပ်ဆင့် သတင်းထုတ်လွှင့်ခဲ့တာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ကြေညာခဲ့ပါတယ်။

အလားတူ ဖြစ်ရပ်နှစ်ခုကိုလည်း အစိုးရတပ်က ထောက်ပြခဲ့တာမှာ သီပေါမြို့နယ်ထဲ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းတပ်တွေ အကြား ခရစ္စမတ်အကြိုနဲ့ ခရစ္စမတ်နေ့တွေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်း တပ်မတော်က တောင်ပိုင်းတပ် ဘက်က ကူပြီး လက်နက်ကြီးနဲ့ ပစ်ခတ် ခဲ့တယ်ဆိုတဲ့ သတင်းဟာလည်း မှားယွင်းနေတယ်လို့ ဆိုပါတယ်။

မိုင်းပန်နယ်ထဲ ပအိုဝ်းတပ် PNLO နဲ့ အစိုးရတပ်ပေါင်းပြီး ရှမ်းတောင်ပိုင်းတပ် RCSS ကို တိုက်ခဲ့တယ် ဆိုတဲ့ သတင်းဖော်ပြမှုဟာလည်း အလားတူ မှားယွင်းနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

တိုက်ပွဲသတင်းမှားယွင်းရေးရင် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်လို့ တပ်မတော်ပြော

တပ်မတော် အဓိက ပြောနေတဲ့ အချက်ကတော့ တိုက်ပွဲ သတင်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ အပေါ်မှာပဲ ကိုးကားပြီး သတင်းကို မစိစစ်ပဲ ထပ်ဆင့် လွှင့်နေတာတွေဟာ ငြိမ်းချမ်းရေး ရရန် ဆောင်ရွက်နေတာကို ပျက်ပြားစေဖို့ ရည်ရွယ်တာပဲလို့ ပြင်းပြင်းထန်ထန် ပြောဆိုတာ ဖြစ်ပါတယ်။

မိုင်းပန်နယ်ထဲ RCSS အဖွဲ့က လာရောက် ပစ်ခတ်လို့ တပ်မတော်သား တချို့ သေဆုံး ဒဏ်ရာရခဲ့တယ် ဆိုတဲ့ သတင်းကိုတော့ တပ်မတော်က ထုတ်ဖော် ပြောခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ တစ်ဘက်သတ် အပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်း စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ် ဆိုတဲ့ အဲဒီ ဆုံးဖြတ်ချက်ကို ခိုင်မြဲအောင်လုပ်သွားမှာ ဖြစ်တယ်လို့လည်း တပ်မတော်က ဆိုထားပါတယ်။

စစ်တိုင်း ၅ တိုင်းမှာ အပစ်ရပ် ကြေညာပေးခဲ့ အပြီး နောက်ပိုင်း သူတို့ဘက်က အာမခံထားတဲ့ အတိုင်း ဘယ်လို စစ်ရေး လှုပ်ရှားမှုမှ မပြုလုပ်ဘူး၊ ပေါ်ပေါက်ခဲ့တယ် ဆိုတဲ့ တိုက်ပွဲတွေ အတွင်းမှာလည်း သူတို့ ပါဝင် ပတ်သက်တာမျိုး မရှိဘူးလို့ တပ်မတော်က ပြောနေတာ ဖြစ်ပါတယ်။

အပစ်ရပ် ကြေညာပြီး နောက်မှာလည်း တပ်မတော်က စစ်ရေးလုပ်ဆောင်မှုတွေ ရှိတယ် ဆိုတဲ့ သတင်းမျိုး မီဒီယာ တချို့က ရေးလာတဲ့ အခါ အဲဒီ လို ရေးသားမှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ စာနယ်ဇင်း ကောင်စီ အထိ တပ်မတော်က အကြောင်းကြားလာ ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ကချင်နဲ့ ရှမ်းနယ်တွေထဲ အပစ်ရပ် ကြေညာတဲ့ ကာချုပ်

ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ အချိန်တွေမှာ စစ်သတင်းမျိုးကို တိတိကျကျ ရေးသားဖို့ အရေးကြီးတယ်လို့ စာနယ်ဇင်းကောင်စီကလည်း သက်ဆိုင်ရာ မီဒီယာတွေကို အကြံပေး ခဲ့ပါတယ်။

တပ်မတော်ဘက်ကို မေးတဲ့ အခါ တာဝန်ယူ ဖြေကြားမယ့်သူ မရှိတာမျိုး၊ ဖုန်းမကိုင်တာမျိုးတွေပဲ ကြုံနေခဲ့ရလို့ ပုံမှန် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ပြီး ပြောရေးဆိုခွင့် ရှိသူတွေ သတ်မှတ် ထားတာမျိုး၊ အဆင်သင့် ရေးသားထားတဲ့ သတင်းတွေပဲ ထုတ်ပြန်တာမျိုး မဟုတ်ဘဲ အပြန်အလှန် မေးခွန်းမေးခွင့် ပေးတာမျိုးတွေ လုပ်ဖို့ သတင်းထောက် တွေကလည်း အစဉ်အဆက် ထောက်ပြ နေခဲ့ပါတယ်။

အခုအခါမှာတော့ စစ်တိုင်းအလိုက် ဆက်သွယ်နိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ ဖုန်းနံပါတ်တွေ ထုတ်ပြန်လာဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို သက်ဆိုင်ရာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေထံ မေးပြီး အတည်ပြုလို့ ရတယ်လို့လည်း သတင်းမှန် ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက် တခုထဲ ရေးသား ထားပါတယ်။

အဲဒီလို ပြောခွင့်ရ ပုဂ္ဂိုလ်တွေနဲ့ စိစစ် အတည်ပြုတာမျိုး မလုပ်ပဲ သတင်း ဆက်လက် ထုတ်ပြန် နေဦးမယ် ဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ သတိပေးပါတယ်။

ဒီ အဓိပ္ပာယ်ဟာ တပ်နဲ့ ပတ်သက်တဲ့ သတင်းတိုင်းမှာ တပ်ရဲ့ ပြောခွင့်ရ တယောက်ယောက်မှာ အတည် မပြုရင် မရေးနိုင်၊ မထုတ်လွှင့် နိုင်တော့ဘူးလား ဆိုတဲ့ မေးခွန်းမျိုး ပေါ်ပေါက် လာစေပါတယ်။

တပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကို ဆက်သွယ်တဲ့အခါ မဖြေဆိုပဲနေတာ၊ ဖုန်းမကိုင်ပဲ နေတာမျိုးတွေ ရှိရင် တပ်ကို ဆက်သွယ်ပေမယ့် ဖြေဆိုခြင်း မရှိပါဘူး၊ ဖုန်းကိုင်ခြင်း မရှိပါဘူး ဆိုတာမျိုး ကိုယ့်ရဲ့သတင်းထဲ ထည့်ရေးနိုင်တယ်လို့ စာနယ်ဇင်းကောင်စီဝင် တဦးက အကြံပြုပါတယ်။

အသံဖိုင် ပုံစာ,

ဒီမိုကရေစီ အစိုးရ လက်ထက်မှာ တပ်မတော် ပုံရိပ် ကို ထိခိုက်မခံနိုင်