သက်ကြီးစာပေပညာရှင်များကန်တော့ပွဲမှာဗိုလ်ချုပ်ကြီး(ဟောင်း)ဦးခင်ညွန့်ပါလို့ကန့်ကွက်သူတွေရှိနေ၊ဘင်္ဂလားဒေ့ရှ်မှာအထွေထွေရွေးကောက်ပွဲကျင်းပနေ၊လုံခြုံရေးအင်အားခြောက်သိန်းကျော်ချထားအပါဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် SHWEGUMAYHNIN'FACEBOOK
Image caption သက်ကြီးစာပေပညာရှင်များကန်တော့ပွဲမှာ ကန်တော့ခံပုဂ္ဂိုလ် အဖြစ် တက်ရောက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်

သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲမှာ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်ပါဝင်ခဲ့တဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ ကန့်ကွက်ပြောဆိုသူအများအပြားရှိနေ

ဒီဇင်ဘာ ၂၉ ရက်နေ့က စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပတဲ့ သက်ကြီး စာပေပညာရှင်များ ကန်တော့ပွဲမှာ ဗိုလ်ချုပ်ကြီး( ဟောင်း ) ဦးခင်ညွန့်ကို ကန်တော့ခံ ပုဂ္ဂိုလ် အဖြစ်ပါဝင်ခဲ့ တဲ့အပေါ် ကန့်ကွက်ပြောဆိုမှုတွေရှိနေပါတယ်။

ကန့်ကွက်ပြောဆိုမှုတွေအပြင်ဗဟိုကော်မတီဝင်ဖြစ်တဲ့ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ကလည်း စာရေးဆရာအသင်းကနေ နုတ်ထွက်စာ တင်လိုက်ကြောင်းကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ မှာရေးသား ဖော်ပြခဲ့ပါတယ်။

အဆိုပါသက်ကြီးစာပေပညာရှင်းများ ကန်တော့ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လည်း တက်ရောက်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး( ဟောင်း ) ဦးခင်ညွန့်ပါဝင်တဲ့အပေါ်ကန့်ကွက်ပြောဆိုသူတွေထဲမှာ စာရေးဆရာတွေအပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ဇနီးဖြစ်သူကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်ကတဆင့် ကန့်ကွက် ရေးသားထားတာကို တွေ့ရပါတယ်။

Image caption ကချင်နဲ့ ရှမ်းနယ်တွေထဲ အပစ်ရပ် ကြေညာတဲ့ ကာချုပ်

တိုက်ပွဲသတင်းတွေ ထုတ်ပြန်ရာမှာ မြန်မာ့တပ်မတော်ရဲ့ အတည်ပြုချက်ကိုပါယူဖို့ မီဒီယာကောင်စီကိုပြော

အပစ်ရပ် ကြေညာပြီး နောက်မှာလည်း တပ်မတော်က စစ်ရေးလုပ်ဆောင်မှုတွေ ရှိတယ် ဆိုတဲ့ သတင်းမျိုး မီဒီယာ တချို့ရဲ့ရေးသားမှုတွေအပေါ် ဖြေရှင်းပေးဖို့ စာနယ်ဇင်း ကောင်စီကို တပ်မတော်က အကြောင်း ကြား လာခဲ့တာဖြစ်ပါတယ်။

တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေရေးသားတဲ့အခါ စစ်တိုင်းအလိုက် ပြောရေးဆိုခွင့် ရှိသူတွေကို မေးမြန်းနိုင်ဖို့ တိုင်းစစ်ဌာနချုပ် အသီးသီးက ပြောရေးဆိုခွင့် ရှိသူတွေရဲ့ အမည်စာရင်းကို တပ်မတော်က စာနယ်ဇင်းသမားတွေထံ အသိပေးလာပါတယ်။

ဒါ့အပြင် တိုက်ပွဲ သတင်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ အပေါ်မှာပဲ ကိုးကားပြီး သတင်းကို မစိစစ်ပဲ ထပ်ဆင့် လွှင့်နေတာတွေဟာ ငြိမ်းချမ်းရေး ရဖို့ ဆောင်ရွက်နေတာကို ပျက်ပြားစေဖို့ ရည်ရွယ်တာပဲလို့ တပ်မတော်ဘက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ တစ်ဘက်သတ် အပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်း စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ် ဆိုတဲ့ အဲဒီ ဆုံးဖြတ်ချက်ကို ခိုင်မြဲအောင်လုပ်သွားမှာ ဖြစ်တယ်လို့လည်း တပ်မတော်က ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption လုံခြုံရေးအင်အား ခြောက်သိန်းကျော်ချထား

ဘင်္ဂလားဒေ့ရှ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပနေ၊ လုံခြုံရေးအင်အား ခြောက်သိန်းကျော်ချထား

ဒီကနေ့ အထွေထွေရွေးကောက်ပွဲရှိတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လုံခြုံရေးကို ပိုမို အကြီးအကျယ် တင်းကျပ်ထားပြီး နိုင်ငံတဝှမ်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အင်အား ၆သိန်းကျော် နေရာချထားပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအုပ်စုတွေကြားပဋိပက္ခတွေကြောင့် လူ ၁၂ယောက်ကျော် သေဆုံးခဲ့ရပါတယ်။

တတိယရွေးကောက်ပွဲသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက သူ့နိုင်ငံရေး ပါတီအပေါ် အဲဒီတိုက်ခိုက်မှုတွေအတွက်တာဝန်ရှိတယ်လို့ စွပ်စွဲတဲ့အပေါ် လက်မခံဘဲပယ်ချခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေက အဲဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒီမိုကရေစီအရေး လုပ်ငန်းစဉ်တွေ ထိခိုက်မဲ့အပေါ် စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားထားပါတယ်။

ဆက်စပ် အကြောင်းအရာများ