မြန်မာနိုင်ငံရဲ့ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ကချင်စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ တရုတ်အစိုးရ ကူမယ်၊ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ ဝန်ကြီးချုပ်ဟာစီနာရဲ့ပါတီ ပြန်လည်အနိုင်ရအပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption ကချင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တချို့

၁)မြန်မာနိုင်ငံရဲ့ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ကချင်စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ တရုတ်အစိုးရ ကူမယ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်ဟာ (ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၉ ရက်ထိ၂ ရက်ကြာ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင်နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်ဖို့ တရုတ်က အကူအညီတွေ ပေးမယ်လို့ ပြောခဲ့ပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်တဲ့ ဆေးဝါး ထောက်ပံ့ပေးမှာဖြစ်သလို စစ်ဘေးရှောင်တွေ နေရပ်ပြန် လာနိုင်ဖို့ကို တရုတ်က အကူအညီတွေ ပေးမယ်ဆိုတာကို ပြောခဲ့တယ်လို့ ကချင်နိုင်ငံရေးပါတီ ပါတီ ၃ ခု ပေါင်းစည်းထားတဲ့ နိုင်ငံရေးပါတီသစ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာတူးဂျာက ပြောပါ တယ်။

ဒုက္ခသည်တွေနေရပ်ပြန်နိုင်ဖို့အရေး တပ်မတော်ဘက်ကလည်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

လောလောဆယ်မှာ မြစ်ကြီးနား-ဗန်းမော်လမ်းမှာရှိတဲ့ နန်ဆန်ယန်ကျေးရွာမှာ မိုင်းရှင်းလင်းရေးတွေ စနေပြီလို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးထွန်းနေလင်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SHWEGUMAYHNIN'FACEBOOK
Image caption ကန်တော့ခံပုဂ္ဂိုလ်တွေကို စိစစ်ပြီးမှရွေးချယ်ခဲ့တာဖြစ်ကြောင်း စာရေးဆရာ အသင်းကြေညာချက်ထုတ်

၂)သက်ကြီးစာပေကန်တော့ပွဲမှာကန်တော့ခံပုဂ္ဂိုလ်တွေကို စိစစ်ပြီးမှရွေးချယ်ခဲ့တာဖြစ်ကြောင်း စာရေးဆရာ အသင်းကြေညာ

ဒီဇင်ဘာ ၂၉ရက်နေ့က ကျင်းပတဲ့ သက်ကြီးစာပေပညာရှင်များပူဇော်ကန်တော့ပွဲအခမ်းအနားမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ထည့်သွင်းဖိတ်ခေါ်တဲ့အတွက် စာရေးဆရာတချို့က အခမ်းအနားက ထပြန်တာ၊ ကန့်ကွက်တာ၊ ဝေဖန်ရေးသားတာတွေရှိခဲ့တာပါ။

ဒီလိုဝေဖန်မှုတွေရှိနေတဲ့အပေါ် ဒီကနေ့ ဒီဇင်ဘာ ၃၁ရက်နေ့ ထုတ်နိုင်ငံပိုင်သတင်းစာမှာ သတင်းစာ ဆရာများ အသင်းအနေနဲ့ ကန်တော့ခံသက်ကြီးစာပေပညာရှင်တွေကို ဗဟိုအမှုဆောင်ကော်မတီကနေ လူမျိုးဘာသာ ဆင်းရဲချမ်းသာ နိုင်ငံရေးအရောင်အသွေး ခွဲခြားတာမျိုးမလုပ်ဘဲ သတ်မှတ်ထားတဲ့ စာပေ ဆိုင်ရာ အချက်အလက် နဲ့ကိုက်ညီမညီကိုပဲ ဓမ္မဓိဋ္ဌာန်ကျကျစိစစ်ရွေးချယ်ခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်းကို ကျေးဇူးတင်ကြောင်းမှတ်တမ်းလွှာ ထည့်သွင်းကြော်ငြာခဲ့တာဖြစ်ပါတယ်။

' ' စည်းကမ်းချက်အရ ကန်တော့ခံထိုက်တယ်လို့ပဲထားတော့။ ဒါပေမယ့် ၎င်းပုဂ္ဂိုလ်ရဲ့ယခင်အတိတ်းက ဘယ်လိုရှိတယ်ဆိုတာကိုထည့်မကြည့်တော့ဘူးလား။ မင်းလူဟာ ဘာတွေဖြစ်ကုန်လဲဆိုတဲ့ကဗျာ တစ်ပုဒ်နဲ့ ထောင် ၇နှစ်ကျခဲ့တယ်။ သူ့အမေဈာပနကို လက်ထိပ်တန်းလန်းနဲ့ခဏပဲလာကြည့်ခဲ့ရတယ်။ ဆရာဦးဝင်းတင် ဆရာမောင်သော်က ဆရာတင်မိုး စတဲ့စာပေနဲ့တော်လှန်ခဲ့ကြလို့ နိုင်ငံရေးအကျဉ်းသား အဖြစ်နဲ့အများကြီးရှိခဲ့တယ်။ ဒါတွေက ဘယ်ကလဲ ဘယ်လိုလဲ အားလုံးသိပြီးသားဖြစ်ပါတယ်။'' လို့ စာရေးဆရာချစ်ဦးညိုက ဦးခင်ညွန့်ကိုထည့်သွင်းခဲ့တဲ့အပေါ် မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။

၃)ကွန်ဂိုရွေးကောက်ပွဲမှာ မဲသမာမှုတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တယ်လို့ အတိုက်အခံဘက်ကပြော

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာတော့ တနင်္ဂနွေနေ့တုန်းက သမ္မတရွေးကောက်ပွဲမှာ မဲသမမာမှုတွေ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ခဲ့တယ်လို့ အတိုက်အခံသမ္မတလောင်းတွေက ပြောဆိုနေကြပါတယ်။

မဲပေးချိန် မဲဆန္ဒရှင်တွေ အချိန်အကြာကြီး တန်းစီရတာ၊ မဲပေးစက်တွေ ပျက်တာနဲ့ မိုးရွာတာတွေအပြင် တောင်ကီဗူးပြည်နယ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တာ တွေကြောင့် မဲပေးတဲ့လုပ်ငန်း အခက်အခဲတွေ ဖြစ်ခဲ့ပါတယ်။

ကွန်ဂိုသမ္မတ ဂျိုးဇက် ခါဘီလာကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သိက္ခာရှိရှိမဲပေးခဲ့ကြတဲ့ပြည်သူတွေကို ဂုဏ်ပြုစကားပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်တဲ့ အဝါမီလစ်ခ် ပါတီ က အနိုင်ရ

၄)ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ ဝန်ကြီးချုပ်ဟာစီနာရဲ့ အဝါမီလစ်ခ် ပါတီ ပြန်လည် အနိုင်ရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇင်ဘာ ၃၀ ရက်နေ့ တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်တဲ့ အဝါမီလစ်ခ် ပါတီ က အနိုင်ရ သွားပြီလို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

အာဏာရ ပါတီဟာ လွှတ်တော်အမတ်နေရာ ၃ ပုံ ၂ ပုံဖြစ်တဲ့ အမတ်နေရာ ၂၈၇ နေရာ အတွက်နိုင် သွားတာပါ။ ဘင်္ဂလားဒေ့ရှ် အဓိက အတိုက်အခံပါတီ အမျိုးသားညီညွတ်ရေးတပ်ဦး ကတော့ အမတ်နေရာ ၆ နေရာပဲ အနိုင်ရခဲ့ပါတယ်။

အတိုက်အခံ ပါတီကတော့ မနေ့တုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ ရယ်ဖို့ကောင်းတဲ့ မဲပေးပွဲဖြစ်တယ်လို့ ပြောဆိုပြီး မဲပေးပွဲအသစ် ထပ်လုပ်ဖို့ တောင်းဆိုနေပါတယ်။

မဲပေးပွဲနေ့တုန်းကတော့ အာဏာရပါတီနဲ့ အတိုက်အခံပါတီကို ထောက်ခံသူတွေကြား ခိုက်ရန်ဖြစ်ခဲ့ကြလို့ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။