ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်ရှောင်တွေနေရပ်ပြန်နိုင်ရေး တရုတ်ကူမယ်

တိုက်ပွဲတွေကြောင့် နေအိမ်တွေစွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကချင်ပြည်နယ်ကစစ်ရှောင်တွေ ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ပွဲတွေကြောင့် နေအိမ်တွေစွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကချင်ပြည်နယ်ကစစ်ရှောင်တွေ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်ဟာ ကချင်နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်ဖို့ တရုတ်က အကူအညီတွေ ပေးမယ်လို့ ပြောခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ရက်ကနေ ၂၉ရက်ထိ ၂ ရက်ကြာ သွားရောက်ခဲ့တဲ့ သူရဲ့ကချင်ပြည်နယ်ခရီးစဉ်အတွင်းမှာ ပြောဆို သွားခဲ့တာဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်တဲ့ ဆေးဝါး ထောက်ပံ့ပေးမှာဖြစ်သလို စစ်ဘေးရှောင်တွေ နေရပ်ပြန်လာနိုင်ဖို့ကို တရုတ်က အကူအညီတွေ ပေးမယ်ဆိုတာကို ပြောခဲ့တယ်လို့ ကချင်နိုင်ငံရေးပါတီ ပါတီ ၃ ခု ပေါင်းစည်းထားတဲ့ နိုင်ငံရေးပါတီသစ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကဘီဘီစီကိုပြောပါတယ်။

ဒုက္ခသည်တွေနေရပ်ပြန်လာနိုင်ရေးအတွက် တပ်မတော်ဘက်ကဆောင်ရွက်နေတာတွေလည်းရှိပါတယ်။

Image caption မြစ်ဆုံ စီမံကိန်းကို ဒေသခံတွေဘက်က အပြင်းအထန်ကန့်ကွက်ခဲ့

ပဋိပက္ခဖြစ်ခဲ့တဲ့ နေရာတဝိုက်မှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီး လက်ရှိမှာ မြစ်ကြီးနား-ဗန်းမော်လမ်းမှာရှိတဲ့ နန်ဆန်ယန်ကျေးရွာမှာ မိုင်းရှင်းလင်းရေးတွေ စနေပြီလို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးထွန်းနေလင်းကပြောပါတယ်။

တပ်မတော်အနေနဲ့ ကချင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ၄ လေးလကျော်ကြာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်ဆိုပြီးတော့လည်း ပြီးခဲ့တဲ့ အပတ်ကတည်းက ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက ကချင်ပြည်နယ်တွင်း တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူဟာ သိန်းဂဏန်းဝန်းကျင်ရှိတယ်လို့ ဒုက္ခသည်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

တရုတ်သံအမတ်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကူညီမယ်လို့ ပြောပေမယ့် ဘယ်လိုကူညီပေးမလဲ ဆိုတာကိုတော့ သေချာပြောဆိုခဲ့ခြင်းမရှိသေးဘူးလို့ တရုတ်သံအမတ်နဲ့တွေ့ဆုံခဲ့တဲ့ ကချင်ပါတီတွေ ထံကနေ သိရပါတယ်။

ဒုက္ခသည်တွေကို ကူညီပေးရေးအပြင် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီးတော့လည်း တရုတ်သံအမတ်ဘက်က မေးမြန်းတာတွေရှိခဲ့ပေမယ့် ဒီစီမံကိန်းဟာ အစိုးရနဲ့ပဲ သက်ဆိုင်တယ်ဆိုပြီးတော့ ပြန်ပြောခဲ့တယ်လို့လည်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ