ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ်ရှိတ်ဟာစီနာ ပြန်အနိုင်ရ

တတိယသက်တမ်းအတွက် ထပ်မံအနိုင်ရသွားတဲ့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption တတိယသက်တမ်းအတွက် ထပ်မံအနိုင်ရသွားတဲ့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာ

ဘင်္ဂလားဒေ့ရှ်မှာ လက်ရှိဝန်ကြီးချုပ်ရှိတ်ဟာစီနာပြန်လည်အနိုင်ရရှိသွားတဲ့အတွက် ရခိုင်ကဒုက္ခသည် တွေပြန်လည်လက်ခံရေးဟာ အရင်အတိုင်းအခက်အခဲတွေရှိနေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်စိုးကဘီဘီစီကိုပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကသူ့ရဲ့ တတိယမြောက်သက်တမ်းအတွက် မဲအပြတ် အသတ်နဲ့ အနိုင်ရသွားခဲ့ ပြီလို့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ တနင်္လာနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အာဏာရ ပါတီဟာ လွှတ်တော်အမတ်နေရာ ၃ ပုံ ၂ ပုံဖြစ်တဲ့ အမတ်နေရာ ၂၈၈ နေရာ ကို အတွက်နိုင် သွားတာပါ။ ဒါဟာပြီးခဲ့တဲ့အကြိမ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အရေအတွက်ထက် ကျော်လွန်ပြီး ရသွားခဲ့ တာဖြစ်ပါတယ်။

အဓိက အတိုက်အခံ BNP ပါတီ ကတော့ အမတ်နေရာ ၇ နေရာပဲ အနိုင်ရခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် K M Asad/LightRocket via Getty Images
Image caption မြန်မာဘက် ပြန်မလာဖို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ဒုက္ခသည်တွေ

ရှိတ်ဟာစီနာရဲ့ အဝါမီလစ်ခ်ပါတီကပဲဆက်လက်အနိုင်ရသွားခဲ့တဲ့အတွက် မြန်မာနဲ့ဆပ်စပ်နေတဲ့ ကိစ္စရပ်တွေ အပေါ် မူဝါဒအပြောင်းအလဲကတော့ရှိလာမှာမဟုတ်ဘူးလို့ ဦးမောင်မောင်စိုးက သုံးသပ် ပြောဆိုပါတယ်။

'' ဒုက္ခသည်တွေပြန်ပို့ရေးနဲ့ပတ်သက်လို့တော့ တချို့ကိုပြန်ပို့ရေးတော့လုပ်လာနိုင်တယ်၊ ဒါကလည်း သိပ်တော့မလွယ်ဘူး၊ ဒုက္ခသည်ပြန်ပို့ရေးကနိုင်ငံရေးတောင်းဆိုမှုတွေနဲ့ ရောထွေးနေတဲ့အခါကျတော့ အဲဒါကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံထားတယ်ဆိုရင်တော့ ဒုက္ခသည်ပြန်ပို့ရေးက သိပ်ထူးခြား မယ်မထင်ပါဘူး၊ ဒီပုံအတိုင်းသွားမယ်ဆိုရင်တော့ ဒီအရေးက ပါလက်စတိုင်းဒုက္ခသည်အရေးလိုပဲ နှစ်ပေါင်း များစွာကြာသွားနိုင်ပါတယ်'' လို့ ဦးမောင်မောင်စိုးကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရောက်နေတဲ့ ဒုက္ခသည်တွေပြန်လာရေးကို နိုဝင်ဘာလမှာ လက်ခံဖို့ မြန်မာ ဘက်က ပြင်ဆင်ထားခဲ့ပေမယ့်လည်း ပြန်မလာနိုင်ခဲ့ဘဲ ရွေးကောက်ပွဲပြီးမှသာ ဒုက္ခသည်တွေအရေးကို ဆက်လက်ဆောင်ရွက်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကပြောဆိုထားခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကအတိုက်အခံ ပါတီကတော့ မနေ့တုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ ရယ်ဖို့ကောင်းတဲ့ မဲပေးပွဲဖြစ်တယ် လို့ ပြောဆိုပြီး မဲပေးပွဲအသစ် ထပ်လုပ်ဖို့ တောင်းဆိုနေပါတယ်။

မဲပေးပွဲနေ့တုန်းကတော့ အာဏာရပါတီနဲ့ အတိုက်အခံပါတီကို ထောက်ခံသူတွေကြား ခိုက်ရန်ဖြစ်ခဲ့ကြလို့ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

"ဒီရလဒ်ကို ချက်ခြင်းပယ်ဖျက်ပေးဖို့ ကော်မရှင်ကို တိုက်တွန်းတယ်" လို့ အတိုက်အခံ ခေါင်းဆောင် ကာမယ်လ်ဟူစိန်ကတော့ ကန့်ကွက်ခဲ့ပါတယ်။

ဘက်မလိုက်တဲ့အစိုးရတစ်ရပ်ရဲ့အောက်မှာ ရွေးကောက်ပွဲအသစ်ကို တတ်နိုင်သလောက် အမြန်ဆုံးကျင်းပ ပေးဖို့ အကြံပြုတယ်လို့လည်း သူကပြောပါတယ်။

အတိုက်အခံ ဘီအန်ပီ ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ရွေးကောက်ပွဲဝင်ဖို့ကို သပိတ်မှောက် ထား ခဲ့တာဖြစ်ပြီး မနေ့က တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ကို ပထမဆုံးပြန်လည် ပါဝင်ပြီး ရွေး ကောက်ခံခဲ့တာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ