မြန်မာမှာ ဟွာဝေးကျောင်းတွေ ဖွင့်ဖို့ ပညာရေးဌာနနဲ့လက်မှတ်ထိုး

ဟွာဝေး ဓာတ်ပုံ မူပိုင် Reuters
Image caption ပညာရေး ၀န်ကြီးဌာနဲ့ ပေါင်းပြီး သင်တန်းကျောင်း ဖွင့်မယ့် ဟွာဝေး

တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးကုမ္ပဏီက မြန်မာ့ပညာရေးကဏ္ဍမှာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာပိုင်းဆိုင်ရာ သုတေသနတွေနဲ့ သင်တန်းကျောင်းတွေ ဖွင့်လှစ်ဖို့တွေ ပါဝင်တဲ့ နားလည်မှု စာချွန်လွှာ ကို ပညာရေးဌာနအောက်မှာ ရှိတဲ့ တက္ကသိုလ်ပါမောက္ခချုပ်များ ကော်မတီ နဲ့ လက်မှတ်ထိုးလိုက်ပါတယ်။

သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာပိုင်းဆိုင်ရာ အိုင်စီတီ သုတေသနတွေလုပ်ဖို့၊ အိုင်စီတီ ဒီပလိုမာသင်တန်းတွေ ဖွင့်ဖို့၊ နည်းပညာ နဲ့ ကွန်ပျူတာတက္ကသိုလ်တွေမှာ သတင်း အချက်အလက် နည်းပညာပိုင်း ဆိုင်ရာ အကယ်ဒမီ သင်တန်းကျောင်းတွေဖွင့်ဖို့၊ အနာဂတ်အတွက် အလားအလာရှိသူ ထူးချွန်ကျောင်းသားတွေကို ပညာသင်ဆု ထောက်ပံ့ပေးဖို့ စတဲ့ ကဏ္ဍ ခြောက်ရပ်မှာ ပူးပေါင်းလုပ်ဖို့ သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လုံခြုံရေး အရ ဟွာဝေး နည်းပညာတွေကို ကမ္ဘာတလွှား စိုးရိမ်ကြ

ဒီသဘောတူညီချက်ဟာ အရင်သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက သဘောတူခဲ့တဲ့ စာချုပ်ကို သက်တမ်းထပ်တိုးတာ ဖြစ်တယ်လို့ အမ်အိုယူလက်မှတ်ရေးထိုးခဲ့တဲ့ တက္ကသိုလ်ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုး ကပြောပါတယ်။

အရင် ချုပ်ဆိုခဲ့တဲ့ စာချုပ် သက်တမ်း ပြည့်သွားလို့ နောက်ထပ် ပြန်သက်တမ်း တိုးတဲ့ သဘောဖြစ်ပြီး အရင် ဟွာဝေးနဲ့ သဘောတူညီခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာ ဌာန မရှိတော့တဲ့ အတွက် အခုအခါ အဆင့်မြင့် ပညာ ဌာနက သိပ္ပံနဲ့ နည်းပညာ အောက်က ရှိတဲ့ တက္ကသိုလ် တွေမှာ ထပ်ထည့်ဖို့ ၊ အိုင်စီတီ သုတေသန လုပ်ငန်းတွေမှာ အကူအညီပေးဖို့ ဒီစာချုပ်ကို ရေးထိုးတာ လို့ သူက ဆိုပါတယ်။

ဟွာဝေးကုမ္ပဏီဟာ လက်ကိုင်ဖုန်းအပါအဝင် အင်တာနက်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးမှာ အဓိကကျတဲ့ နည်းပညာဆက်သွယ်ရေး ပစ္စည်းတွေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟွာဝေးက မြန်မာနိုင်ငံမှာ သုတေသနကျောင်း ဖွင့်မယ်

မကြာခင်က ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးအကြီးအကဲကို ကနေဒါမှာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် သြစတြေးလျ နဲ့ နယူးဇီလန်နိုင်ငံတွေမှာ ဟွာဝေးရဲ့ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေသုံးရင် နိုင်ငံရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေ ရှိနိုင်တယ် ဆိုပြီး စိုးရိမ်နေကြသလို ဟွာဝေးထုတ်ပစ္စည်းတွေ ဝယ်ယူတာကို ကန့်သတ်တာတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ဟွာဝေးက သင်တန်းကျောင်းဖွင့် သုတေသနတွေမှာ ကူညီမယ့် ကိစ္စတွေကို စတင် ဆွေးနွေးတုန်းက အခု ကမ္ဘာမှာ ဟွာဝေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မဖြစ်သေးကြောင်း ၊ အခု စီမံကိန်း ကိုတော့ ပညာရေး ဌာနနဲ့ ပါမောက္ခချုပ်များ ကော်မတီက လုပ်တာ ဖြစ်ကြောင်း ၊ သုတေသန လုပ်ငန်းတွေကို ကိုယ့်ဖာသာကိုယ် လုပ်မှာ ဖြစ်ပြီး ဟွာဝေး အနေနဲ့ ထောက်ပံ့ကြေး ချပေးဖို့သာ ဖြစ်ကြောင်း ၊ ဟွာဝေး အနေနဲ့ ထဲထဲဝင်ဝင် မပါသင့်ဘူး ထင်ရင် ရပ်ထားလို့ ရကြောင်း တက္ကသိုလ်ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုး က ရှင်းပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အမှောင်ကမ္ဘာထဲက ဟွာဝေး ပုံရိပ်

ဟွာဝေးကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး သတင်းအချက်အလက်နဲ့ နည်းပညာပိုင်းဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် အဲရစ်ဆင်ဖုန်းကုမ္ပဏီ တယ်လီဖုန်း အပါအဝင် တယ်လီနော၊ အော်ရီဒူး၊ အမ်ပီတီ စတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေဟာလည်း အခြေခံပညာကျောင်းတွေမှာ အိုင်စီတီနည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ရှိနေတယ်လို့ ပညာရေးဌာနဘက်က ပြောပါတယ်။

အဆင့်မြင့်ပညာ ဦးစီးဌာနနဲ့တော့ ဟွာဝေးကုမ္ပဏီပဲ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အမ်အိုယူသက်တမ်းတိုးတဲ့ သဘောတူညီချက်ကတော့ ၂၀၂၁ ခုနှစ်အထိ သုံးနှစ်ကြာမယ့် စီမံကိန်းဖြစ်ပါတယ်။

ဟွာဝေးကုမ္ပဏီဘက်ကတော့ မြန်မာနိုင်ငံရဲ့ အိုင်စီတီကဏ္ဍဖွံဖြိုးတိုးတက်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ အနီးကပ်ပူးပေါင်း လုပ်ဆောင်ပေးမယ်လို့ ထုတ်ပြန်ပါတယ်။