တိုင်းဝန်ကြီးချုပ်ပုံ မီးရှို့မှုနဲ့ ရတနာပုံကျောင်းသား ငါးဦး ဝရမ်းထုတ်

burma ဓာတ်ပုံ မူပိုင် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
Image caption တိုင်းဝန်ကြီးချုပ်ကို အလိုရှိသည်ဆိုပြီး ကျောင်းမှာ စာကပ်

မန္တလေးတိုင်း ဝန်ကြီးချုပ် နဲ့ တက္ကသိုလ် ပါမောက္ခချုပ်တို့ရဲ့ ဓာတ်ပုံတွေကို မီးရှို့ဆန္ဒပြခဲ့တဲ့ မန္တလေး ရတနာပုံတက္ကသိုလ် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြတယ်ဆိုပြီး ကျောင်းသား ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ပြီး စီးနင်း ရှာဖွေနေပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကျောင်းသား သုံးဦးကိုတော့ ပုဒ်မတွေနဲ့ တရားစွဲပြီး ဖမ်းထားပါတယ်။

ရတနာပုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုနိုင်ရဲဝေ၊ ကိုဘုန်းမြင့်ကျော်၊ ကိုမျိုးချစ်ဇော်တို့အပါအဝင် ကျောင်းသား ငါးဦးရဲ့ နေအိမ်တွေကို မြို့နယ်ရဲတပ်ဖွဲ့က ဒုရဲမှူး၊ နယ်ထိန်း၊ ရာအိမ်မှူး နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေက ရဲကားတွေနဲ့ ဝင်ရောက်ရှာဖွေနေတာပါ။

ဓာတ်ပုံ မူပိုင် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
Image caption သမဂ္ဂအဖွဲ့အမှုဆောင်တွေကို ဝန်ကြီးချုပ် ကျမ်းကျိန်ပေးခဲ့စဉ်က

ရတနာပုံတက္ကသိုလ်ဝင်းထဲက ဆန္ဒပြပွဲ ဖြစ်ပြီးပြီးချင်း နောက်ရက်တွေမှာ အမရပူရမြို့နယ်ရဲတပ်ဖွဲ့က အိမ်ကို နှစ်ကြိမ်တိုင် လာရောက်ရှာဖွေခဲ့တယ်လို့ ကိုနိုင်ရဲဝေရဲ့ ဖခင် ဦးကျော်ဝင်းက ပြောပါတယ်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်က ဒီဇင်ဘာလ ၂၈ ရက်က ကျောင်းလုံခြုံရေး တောင်းဆိုမှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်၊ တိုင်းအစိုးရတာဝန်ရှိသူတချို့ နဲ့ တက္ကသိုလ် ပါမောက္ခချုပ်တို့ရဲ့ ဓာတ်ပုံတွေကို မီးရှို့ ဆန္ဒပြ ခဲ့ကြတာပါ။

တက္ကသိုလ်ကျောင်းသားတချို့ ကျောင်းနားမှာ သတ်ဖြတ်လုယက်ခံရတာတွေ ရှိတဲ့အတွက် လုံခြုံရေး ပိုချပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲ ဦးဆောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း၊ ကိုရဲမင်းဆွေတို့ သုံးဦးကို မီးရှို့ဖျက်ဆီးမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဝတ္တရားနှောင့်ယှက်မှုစတဲ့ ပုဒ်မ ငါးခုနဲ့ အမရပူရ မြို့နယ် တရားရုံးက တရားစွဲပြီး ဖမ်းထားပါတယ်။

ဓာတ်ပုံ မူပိုင် Soe Paing
Image caption မကြာခင်က သတ်ဖြတ်ခံရတဲ့ ကျောင်းသား ကိုစိုးမိုးဟိန်း

ဝရမ်းထုတ်ထားသူတွေကို ဇာတိရွာထိ လိုက်ရှာတယ်လို့ နောက်ထပ် ဖမ်းဝရမ်းထုတ်ခံရတဲ့ ကျောင်းသား ရတနာပုံတက္ကသိုလ်သမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော်က ပြောပါတယ်။

ဆန္ဒပြပွဲမှာ မပါဘဲ ရပ်ကြည့်နေတဲ့ ကျောင်းသားတွေကိုပါ ဝရမ်းထုတ်တယ်လို့လည်း ဆိုပါတယ်။

အမရပူရမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစန်းမြင့်ကတော့ ဆန္ဒပြပွဲမှာ ပါခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ထပ်မံအရေးယူဖို့ဆိုတာ ရဲလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေဆဲဖြစ်လို့ သေချာမပြောနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အဖမ်းခံထားရတဲ့ ကျောင်းသား သုံးဦးကိုတော့ အမရပူရမြို့နယ် တရားရုံးမှာ ဇန်နဝါရီလ ၁၁ ရက်မှာ ရုံးထုတ်စစ်ဆေးဖို့ ရှိပါတယ်။

လောလောဆယ် ကျောင်းသားသမဂ္ဂရုံးခန်း အပိတ်ခံထားရပြီး လိုက်လံ ဖမ်းဆီးခံနေရပေမယ့် လှုပ်ရှားတောင်းဆိုမှုတွေကို ပုံစံမျိုးစုံနဲ့ ဆက်လုပ်သွားမယ်လို့ ရတနာပုံတက္ကသိုလ်သမဂ္ဂက ပြောပါတယ်။