ခမီ စစ်ဘေးရှောင်တွေ အဆောင်နား လက်နက်ကြီးကျလို့ လေးယောက် ဒဏ်ရာရ

ရခိုင် ဓာတ်ပုံ မူပိုင် Narinjara
Image caption အမျိုးသမီးတွေ ကလေးတွေအပေါ် ရိုက်ခတ်နေတဲ့ ရခိုင်ပြည်နယ်တိုက်ပွဲ

ရခိုင်ပြည်နယ်ထဲ လက်နက်ကိုင် တိုက်ပွဲတွေ ဆက်ရှိနေပြီး ရသေ့တောင် မြို့နယ်ထဲမှာ ဆိုရင် စစ်ဘေးရှောင်တွေ ခိုလှုံနေရာ အနီး လက်နက်ကြီးကျည် ကျရောက်ခဲ့လို့ လူ လေးယောက် ဒဏ်ရာ ရရှိသွားပါတယ်။

သက်ပေကျ ဆိုတဲ့ ရွာ အနီး အစိုးရတပ်နဲ့ အေအေတို့ တိုက်ပွဲ ဖြစ်ရာကနေ လက်နက်ကြီး ကျည်တွေ ရွာဘက် ကျရောက်လာတာမှာ ခမီ မျိုးနွယ်စုဝင် လေးယောက် ဒဏ်ရာ အသီးသီး ရခဲ့ပါတယ်။

ဒဏ်ရာပြင်းတဲ့ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် မခင်ခင်ဝင်းကို ရသေ့တောင် မြို့ပေါ်က ဆေးရုံအထိ ပို့ခဲ့ရတယ်လို့ မိသားစု ဝင်တွေက ပြောပါတယ်။

မနက်ပိုင်း ကိုးနာရီ ဝန်းကျင် ကတည်းက တိုက်ပွဲ ဖြစ်သံတွေ ကြား လာခဲ့ရပြီး သူတို့ ခိုလှုံနေတဲ့ သက်ပေကျ အနီးထိ လာကျတဲ့ လက်နက်ကြီးကျည်တွေဟာ မရေနိုင်လောက် အောင်ပဲလို့ လူနာ မိန်းကလေးငယ်ရဲ့ ဖခင် ဦးအင်္ဂါဖြူက ဆိုပါတယ်။

သူတို့ မိသားစုတွေ အပါအဝင် ဗောဓိကုန်းရွာက သူတွေဟာ တိုက်ပွဲတွေကြောင့် သက်ပေကျကို လာရောက်ခိုလှုံ နေကြတာ ဖြစ်ပါတယ်။

အခုတော့ တိုက်ပွဲက သူတို့နောက် လိုက်လာတာကြောင့် မရှောင်နိုင်တော့ဘဲ လက်နက်ကြီးကျည် သင့်ရတဲ့အထိ တိုက်ပွဲကြား ညပ်ခဲ့ကြရပါတယ်။

ဓာတ်ပုံ မူပိုင် Arakan Army
Image caption ရခိုင်ပြည်နယ်ထဲ အေအေကို ခြေကုပ် အချမခံဘဲ အစိုးရတပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ

ရခိုင်ပြည်နယ်ထဲ အစိုးရတပ်နဲ့ အေအေအဖွဲ့တို့ကြား အခု သီတင်းပတ်တွေ အတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပြီး တိုက်ပွဲ ပေါ်ပေါက်ရာ နေရာတချို့ ဆိုရင်လည်း လူနေ ကျေးရွာတွေရဲ့ ဝန်းကျင်တွေမှာ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေရဲ့ အသံတွေ အနီးကပ် ကြားနေခဲ့ရတယ်လို့ ထွက်ဆို ကြသူတွေ ရှိခဲ့သလို ကံပြင်ဆိုတဲ့ ရွာမှာလည်း နှစ်ဆန်း တရက်နေ့က ရွာ ဘုန်းကြီးကျောင်း ထဲထိ လက်နက် ကြီးကျည်တွေ ကျလာတဲ့ အတွက် ရွာသား နှစ်ရာ ကျော် ထွက်ပြေး ခဲ့ကြ ရပါတယ်။

ခုတော့ လက်နက်ကြီးကျည် သင့်တယ်ဆိုတဲ့ ဖြစ်ရပ်တွေပါ အတည်ပြုလာနိုင်ပြီး စစ်ဘေးရှောင် အရေအတွက်လည်း နေ့စဉ်နဲ့ အမျှ တိုးလာနေပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲက စေတီတောင်ရွာကိုလည်း ဒီဇင်ဘာ ၃ ရက်နေ့က စစ်ဘေးရှောင် ၈၆ ယောက် ရောက်လာတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption ဘူးသီးတောင်မှာလည်း လူတွေ ပြေးနေကြရဆဲ

လတ်တလော တိုက်ပွဲတွေကြောင့် ပေါ်ပေါက်လာတဲ့ စစ်ဘေး ဒုက္ခသည် ပြဿနာဟာ အဓိက ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်နဲ့ ပုဏ္ဏကျွန်း မြို့နယ် လေးခုထဲမှာ တွေ့ကြုံနေတာ ဖြစ်တယ်လို့ ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက် အထိ ပြည်နယ် အစိုးရဘက်က အတည်ပြုထားနိုင်တဲ့ စာရင်းထဲ အိမ်ထောင်စု ၇ဝဝ ကျော်၊ လူ ဦးရေ သုံးထောင့်သုံးရာကျော် ရှိနေပေမယ့် ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးတွေ လုပ်ဆောင်ပေးနေသူတွေကတော့ လက်ရှိ အခြေအနေအတိုင်း လူတွေ ဆက်ပြီး ပြေးနေရဦးမယ် ဆိုရင် လာမယ့် တရက် နှစ်ရက် အတွင်းမှာကို သောင်းကျော် သွားနိုင်တယ်လို့ သတိပေး နေပါတယ်။

ဒုက္ခသည်တွေကို အစိုးရ အနေနဲ့ ဆန် ၇ ရက်စာ အပါအဝင် ကယ်ဆယ်ရေး ပစ္စည်း တွေ ထောက်ပံ့နေတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ အကြီးအကဲ ဦးရဲမင်းဦးက ဘီဘီစီကို ပြောပါတယ်။

လက်နက်ကြီး ကျတာလိုမျိုး တိုက်ရိုက် သက်ရောက်မခံရရင်တောင်မှ တောတောင်တွေကို မှီခိုပြီး ဝမ်းစာရှာ အသက်မွေးရတဲ့ သူတွေအတွက် တိုက်ပွဲတွေကြောင့် လုပ်ကိုင်စားသောက်ဖို့ ခက်လာစေပြီး မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ရွှေ့ပြောင်းရတာမျိုး ဖြစ်လာစေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း လက်ရှိ တိုက်ပွဲတွေကြောင့် ထောင်ဂဏန်း တချို့ ရှိတဲ့ ဒုက္ခသည်တွေဟာ ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေရတဲ့ အခြေအနေတွေ အပေါ် စိုးရိမ်တယ်လို့ ကုလသမဂ္ဂကလည်း အခု နှစ်ဆန်းကပဲ ပြောထားပါတယ်။