အပူပိုင်းမုန်တိုင်း "ပါဘက်" ကြောင့် ကော့သောင်းမြို့ လေပြင်းတိုက်ခတ်နိုင် စတဲ့ ဇန်နဝါရီ ၄ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် ရွှေအင်းသား ခင်မောင်ဝင်း
Image caption ကော့သောင်းဘက်က ကျွန်းတွေ

(၁) အပူပိုင်းမုန်တိုင်း "ပါဘက်" ကြောင့် ကော့သောင်းမြို့ လေပြင်းတိုက်ခတ်နိုင်

မြန်မာနိုင်ငံတောင်ဘက်စွန်းပိုင်း ကော့သောင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၄၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတဲ့ အပူပိုင်းမုန်တိုင်း "ပါဘက်" (Pabuk) ကြောင့် ကော့သောင်းမြို့မှာ လေပြင်းတိုက်ခတ် နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

" လက်ရှိ မုန်တိုင်းလမ်းကြောင်းအရ တောင်ဘက်စွန်း ကော့သောင်းမြို့က လေတိုက်ခတ်နှုန်း ပိုပြင်းနိုင်တယ်။ အဓိကတော့ ထိုင်းပင်လယ်ကွေ့ကနေ တက်လာတာဆိုတော့ ပင်လယ်လှိုင်းအမြင့်က သူတို့ဘက်မှာ ပိုကြီးတယ်၊ ပိုသက်ရောက်မှုများတယ်" လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

မုန်တိုင်းလမ်းကြောင်းဟာ ထိုင်းပင်လယ်ကွေ့ကနေ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ပြီးမှ ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး ပြန်ဆင်းလာမှာ ဖြစ်တဲ့အတွက် မုန်တိုင်းအကြွင်းအကျန်ကတော့ မြိတ်၊ ထားဝယ်ဘက်ကို သက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ပါဘက်ဟာ ထိုင်းပင်လယ်ကွေ့ကနေ ထိုင်းနိုင်ငံတောင်ပိုင်းကို ဇန်နဝါရီလ ၄ ရက် ညနေပိုင်းလောက်မှာ ဝင်ရောက်တိုက်ခတ်မယ်လို့ ဆိုပါတယ်။

ဒီအပူပိုင်း မုန်တိုင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ထိုင်းနိုင်မှာ ပထမဆုံး အပြင်းထန်ဆုံးဖြစ်လို့ ထိုင်းတောင်ဘက်ပိုင်းတွေက ကျွန်းတွေဆီ သွားရောက်လည်ပတ်မယ့် နိုင်ငံခြား ခရီးသွားတွေကို မသွားလာကြဖို့ သတိပေးတားမြစ်ထားသလို လေကြောင်းခရီးစဉ်တချို့ကိုလည်း ဖျက်သိမ်းထားပါတယ်။

ပင်လယ်လှိုင်း အမြင့်ပေ ၂၂ ပေနဲ့ ၁ နာရီကို လေတိုက်နှုန်း ၆၅ မိုင်နှုန်း တိုက်ခတ်နိုင်တာကြောင့် မုန်တိုင်းလမ်းကြောင်းမှာ နေထိုင်တဲ့သူတွေကိုလည်း ဘေးလွတ်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပါဘက် မုန်တိုင်းအရှိန်ကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ဝကျွန်းပေါ်၊ ကမ်းလွန် ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းကျ လှိုင်းကြီးနိုင်ပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာမယ်လို့ သတိပေးထားပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption သမ္မတဦးဝင်းမြင့်

(၂) ဒီမိုကရေစီကျင့်စဉ်၊ ဖက်ဒရယ်မူတွေနဲ့အညီ သင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ဖို့ သမ္မတတိုက်တွန်း

ငြိမ်းချမ်းရေးလုပ်ငန်း အောင်မြင်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် အဓိက လိုအပ်ချက်က ယုံကြည်မှု ဖြစ်တယ်လို့ သမ္မတဦးဝင်းမြင့်က "၇၁" နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားပါတယ်။

လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် ၅ ရပ် ဖြစ်တဲ့ တိုင်းရင်းသားတွေရဲ့ သွေးစည်းညီညွတ်မှုနဲ့ ဒီမိုကရေစီကျင့်စဉ်၊ ဖက်ဒရယ်မူတွေနဲ့အညီ သင့်လျော်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ဖို့ ဝိုင်းဝန်းကြိုးပမ်းရမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို ထိရောက်စွာ တားဆီးဖို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့လည်း သမ္မတက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဒီမိုကရက် အမျိုးသမီးလွှတ်တော်အမတ် နန်စီပလိုစီ

(၃) အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဒီမိုကရက် အမျိုးသမီးလွှတ်တော်အမတ် နန်စီပလိုစီကို ခန့်အပ်

ဒီမိုကရက် အမျိုးသမီးလွှတ်တော်အမတ် ဝါရင့်နိုင်ငံရေးသမား နန်စီပလိုစီဟာ အမေရိကန်နိုင်ငံရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် နောက်တကြိမ် ခန့်အပ်ခံလိုက် ရပါတယ်။

အောက်လွှတ်တော်မှာလည်း ဒီမိုကရက်လွှတ်တော် အမတ်ဦးရေက အသာစီးရနေတဲ့အတွက် ရီပတ်ပလင်ကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် သဘောထား ကွဲပြားတဲ့ အစိုးရတရပ်ရဲ့ ကဏ္ဍသစ်တခု ဖွင့်လှစ်လိုက်သလို ဖြစ်သွားပါပြီ။

ဒီမိုကရက်လွှတ်တော် အမတ်တွေဟာ မက္ကဆီကိုနိုင်ငံနဲ့ နယ်စပ်မှာ တံတိုင်းဆောက်ဖို့ သမ္မတ ဒေါ်နယ်ထရမ့် တောင်းထားတဲ့ ရန်ပုံငွေကိစ္စ သဘောတူညီချက် မရတာကြောင့် အစိုးရ ဌာတချို့ ပိတ်ထားရတာကို အဆုံးသတ်ရေး ရည်ရွယ်တဲ့ အသုံးစရိတ် မူကြမ်းတွေကို သူတို့ဘာသာ ရေးဆွဲပြီး လွှတ်တော်ကို တင်မယ်လို့ ပြောပါတယ်။

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ တခုမှာတော့ တံတိုင်းမရှိဘဲ နယ်စပ်လုံခြုံစရာ မရှိဘူးလို့ သမ္မတထရမ့်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Image copyrightSCIENCE PHOTO LIBRARY
Image caption တရုတ်အာကာယာဉ် လရဲ့အမှောင်ဘက်ခြမ်းမှာ လေ့လာမှုတွေ စလုပ်နေ

(၄) တရုတ်အာကာယာဉ်လရဲ့အမှောင်ဘက်ခြမ်းမှာ လေ့လာမှုတွေ စလုပ်နေ

တရုတ်အာကာယာဉ် တစ်စင်းဟာ လကမ္ဘာပေါ်ကို မနေ့တုန်းက အောင်မြင်မြင် ဆင်းသက်ခဲ့ပြီးတဲ့နောက် အဲဒီလ လေ့လာရေးယာဉ်ဟာ လရဲ့အမှောင်ဘက်ခြမ်းမှာ လေ့လာမှုတွေ စလုပ်နေပါပြီ။

Jade Rabbit Two လို့ ခေါ်တဲ့ အဲဒီလေ့လာရေးယာဉ်ဟာ လမျက်နှာပြင်ပေါ်က Von Karman ချိုင့်ဝှမ်းကြီး တလျှောက် လေ့လာမှုတွေ ပြုလုပ်မှာပါ။

ယာဉ်ဟာ လ ဓာတ်ပုံတွေကို အချက်အလက် လွှဲပြောင်းရေး ဂြိုဟ်တုကနေ တဆင့် ကမ္ဘာမြေကို ပို့ထားပြီး ဖြစ်ပါတယ်။