ပါဘက်မုန်တိုင်း တနင်္သာရီတိုင်း ကော့သောင်းကို ကနေ့ည အဖျားခတ်ဝင်မယ်

ကော့သောင်းဘက်က ကျွန်းတွေ ဓာတ်ပုံ မူပိုင် Khin Maung Win (Shwe Inn Thar)
Image caption ကော့သောင်းဘက်က ကျွန်းတွေ

အပူပိုင်း မုန်တိုင်း ပါဘက်ဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာ တနာရီ လေတိုက်နှုန်း မိုင် ၅၀ အထိ ရှိနိုင်ပြီး ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းမှာတော့ ထိုင်းနိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်မှာဖြစ်ပြီး အဲဒီကနေတဆင့် ညသန်းခေါင်ယံပိုင်း အချိန်မှာတော့ မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းကို အဖျားခတ် ဝင်ရောက်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေခဲ့တဲ့ အပူပိုင်းမုန်တိုင်း ပါဘက်ဟာ ထိုင်းနိုင်ငံ နခွန်စီသမာရက်မြို့ရဲ့ အရှေ့တောင်ဘက် ၈၅ မိုင်ခန့်၊ ကော့သောင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ မုန်တိုင်းအဖျား ခတ်နိုင်တဲ့ တနင်္သာရီတိုင်းထဲက မြိတ်၊ ထားဝယ်နဲ့ ကော့သောင်းမြို့ ကမ်းခြေတစ်လျှောက် နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက လိုက်လံနှိုးဆော် နေပါတယ်။

အထူးသဖြင့် ပင်လယ်ပြင် ငါးဖမ်းထွက်မယ့် ငါးဖမ်းလှေတွေနဲ့ ရေလုပ်သားတွေကို အဓိက ဦးစားပေး နှိုးဆော်နေတယ်လို့ ကော့သောင်းမြို့က လွှတ်တော်ကိုယ်စားလှယ်ရုံး တာဝန်ခံ ဦးတင်အောင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Image caption အပူပိုင်းမုန်တိုင်း ပါဘက်

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကတော့ အပူပိုင်းမုန်တိုင်း ပါဘက်ဟာ ကော့သောင်းကို ဝင်တဲ့အချိန်မှာ အားပျော့သွားပြီး လေတိုက်နှုန်းက တနာရီ မိုင် ၃ဝ ဝန်းကျင်လောက်ပဲ ရှိနိုင်မယ်လို့ ပြောပါတယ်။

ဒီနောက်တော့ အပူပိုင်းမုန်တိုင်းဟာ အနောက်မြောက်ပိုင်းကို ဆက်ရွေ့လျားမှာဖြစ်ပြီး ရခိုင်တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေဆီမှာ မုန်တိုင်းဒဏ် အဖျားခတ်တာ ဆက်ကြုံရနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

အဲ့ဒီဒေသတွေမှာ မုန်တိုင်းအရှိန်ကြောင့် ဇန်နဝါရီလ ၆ ရက် ၇ ရက်တွေမှာ မိုးသက်လေပြင်းကျတာ ရှိနိုင်သလို ပင်လယ်ပြင်သွားလာတာကို အထူးသတိပြုကြဖို့ လိုတယ်လို့ မိုးဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။