လုံခြုံရေး ပိုဆောင်ရွက်ဖို့ လိုတယ်လို့ ဘူးသီးတောင်ရဲစခန်းတွေ တိုက်ခိုက်ခံရအပြီး တပ်မတော် ပြော

ရခိုင်၊ အေအေ၊ တပ်မတော်၊ ဘူးသီးတောင်၊ နယ်ခြားစောင့် ရဲစခန်း၊ ဓာတ်ပုံ မူပိုင် MOI
Image caption နယ်စပ် လုံခြုံရေးအတွက် ရခိုင်ပြည်နယ် မောင်တောဘက်မှာ လုံခြုံရေးတွေ တိုးချထား

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင်၊ ဂုတ်ပီ၊ ခထိလှနဲ့ ငမြင်းဘော် နယ်ခြားစောင့် စခန်းတွေကို ရက္ခိုင့်တပ်မတော် (AA) က ဇန်နဝါရီလ ၄ရက်နေ့ မနက် ၆ နာရီလောက်မှာ တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

အရင်က မောင်တောဘက်က နယ်ခြားစောင့် ရဲစခန်းတွေကို အာဆာ လက်နက်ကိုင်အဖွဲ့က စီးနင်းတိုက်ခိုက်တာမျိုး ရှိခဲ့ပေမယ့် အတွင်းပိုင်း ကျတဲ့ ဘူးသီးတောင်က ရဲစခန်းတွေ ဒီလို တိုက်ခိုက်ခံရတာ ဒါပထမဆုံး အကြိမ် ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

နယ်စပ် လုံခြုံရေးနဲ့ အာဆာရဲ့ ရန်ကို ကာကွယ်ဖို့ နယ်စပ်မှာ ရဲအင်အားတွေ တိုးချထားချိန်မှာ အတွင်းပိုင်းကို အခုလို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တဲ့အတွက် နောက်တရန်ပါ စိုးရိမ်လာရပြီမို့ လုံခြုံရေး ပိုဆောင်ရွက်ဖို့ လိုတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန
Image caption အရင်က တပ်အင်အား အနည်းငယ်ပဲ ရှိခဲ့တဲ့ (AA) ဟာ အခုဆိုရင် တပ်အင်အား ထောင်နဲ့ချီ ဖြစ်လာပြီလို့ တိုင်းရင်းသား လက်နက်ကိုင်အရေး စောင့်ကြည့်လေ့လာသူတွေက ပြော

(AA)တပ်ဖွဲ့ ပြောခွင့်ရသူ ခိုင်သုခ ကတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေကို တပ်မတော်က သူတို့ရဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေမှာ ခေါ်ယူ အသုံးပြုနေတာတွေ ရှိနေသလို ဒီစခန်းတွေဟာ (AA) နဲ့ တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေကို တပ်မတော်အတွက် လက်နက်ကြီး စစ်ကူပေးနေတဲ့ စခန်းတွေ ဖြစ်တာကြောင့် အခုလို ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှာရှိတဲ့ ဒုရဲအုပ် တဦး အပါအဝင် ပြည်သူတချို့ကို (AA) တပ်ဖွဲ့က ကျည်ဆန် တစ်တောင့်စီပါဝင်တဲ့ သတိပေးစာတွေ ပေးပို့ခဲ့တယ်လို့ ကာယကံရှင်တချို့က ဘီဘီစီကိုပြောပါတယ်။

တဦးချင်းစီကိုလိပ်မူပြီး AA ကပေးပို့ခဲ့တဲ့ စာထဲမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) /ရက္ခိုင့်တပ်မတော် (AA) ရဲ့ ရခိုင်ပြည်အတွင်း အမျိုးသားရေးလုပ်ငန်း တာဝန်တွေနဲ့ ULA ဘက်က ချမှတ်ထားတဲ့ လမ်းစဉ် တွေကို အကောင်အထည် ဖော် ဆောင်ရွက်နေကြသူတွေကို အနှောင့် အယှက် မပေးဖို့ အထူး သတိပေးလိုတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် အနှောင့်အယှက် ပေးသူတွေကို ဘယ်သူ့ကိုမဆို တိကျပြတ်သားစွာ လက်တုံ့ ပြန်သွားမယ်လို့လည်း သတိပေး ရေးသား ထားတာ တွေ့ရပါတယ်။

အခု တိုက်ပွဲတွေအတွင်း နယ်ခြားစောင့် တပ်ဖွဲ့အလောင်း ခုနစ်လောင်း သိမ်းဆည်းမိသလို တပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ လက်နက် ခဲယမ်း မီးကျောက် အများအပြားကို သိမ်းဆည်းမိခဲ့တယ်လို့ (AA) ဘက်ကပြောပါတယ်။

တပ်မတော်ဘက်ကတော့ အကျအဆုံး သတင်းတွေနဲ့ ပတ်သက်လို့ အတည်ပြု ပြောကြားတာမျိုး မရှိသေးပေမယ့် ဒီစခန်းတွေကို တပ်မတော်က ပြန်လည် သိမ်းပိုက်လိုက်ပြီလို့ ဆိုပါတယ်။

အခု လတ်တလော လပိုင်းတွေအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းအပါအဝင် ရခိုင်နဲ့ ချင်းပြည်နယ် ထိစပ်တဲ့ နေရာတွေမှာ တပ်မတော်နဲ့ (AA) တပ်ဖွဲ့အကြား တိုက်ပွဲအရှိန် မြင့်တက်လာနေတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေ နေအိမ်တွေ ကနေ စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဆက်စပ် အကြောင်းအရာများ