တပ်မတော်က စခန်းသစ်တွေ တိုးချဲ့လာနေတယ်လို့ TNLA ထုတ်ပြန်တဲ့အကြောင်းအပါအဝင် ဇန်နဝါရီ ၆ ရက် မနက်ခင်းသတင်းများ

Image caption တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA

(၁) တပ်မတော်က စခန်းသစ်တွေ တိုးချဲ့လာနေတယ်လို့ TNLA ထုတ်ပြန်

မြန်မာ့တပ်မတော် ရှေ့တန်းတပ်မ ၄ ခုက တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA လှုပ်ရှားနေတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်း နယ်မြေထဲမှာ တပ်စခန်းအသစ်တွေ တိုးချဲ့လာနေလို့ ဒေသခံတွေကြား စိုးရိမ်မှုတွေရှိနေတယ်ဆိုပြီး TNLA က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တကယ်တော့ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ၄ လကျော်ကြာ ရပ်ထားမယ်ဆိုပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တုန်းက တပ်မတော်ဘက်က ကြေညာထားခဲ့တာပါ။

တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ TNLA ပြောသလို စခန်းသစ်တွေ တိုးချဲ့ပြီး ထိန်းချုပ်နယ်မြေ ချဲ့ထွင်တာမျိုးလုပ်တာမဟုတ်ဘူး ဆိုပြီး ငြင်းဆိုပါတယ်။

TNLA ဘက်ကတော့ တအောင်းဒေသထဲ တပ်စခန်းတွေ တိုးချလာတာ အခုချိန်ထိဆိုရင် စခန်း ၁၂ ခုတောင် ရှိနေပြီး အဲဒီစခန်းတွေကို ပြန်ရုပ်ပေးဖို့ တောင်းဆိုနေပါတယ်။

(၂) ပအိုဝ်းနဲ့ RCSS ကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိမ်မပြန်နိုင်သေး

ဓာတ်ပုံ မူပိုင် TAI FREEDOM
Image caption ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA

တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားပေမယ့် ရှမ်းပြည်တောင်ပိုင်းမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLOနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသခံတွေဟာ တိုက်ပွဲဖြစ်ပွားရာ ပန်မိ၊ တာဆွင်းညိ ကူးတို့ဆိပ်ကနေ တဆင့် သံလွင်မြစ်ကို ဖြတ်ကူးပြီး UWSA ၀ တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေက ဒုက္ခသည်ခိုလှုံရေးစခန်းတွေမှာ ဝင်ရောက်ခိုလှုံခဲ့ရပါတယ်။

"ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကတော့ သံလွင်မြစ်ကိုဖြတ်ပြီး ဝနယ်မြေထဲမှာ လာရောက် ခိုလှုံတဲ့ ပအို့ဝ်အိမ်ထောင်စု ၆၂ စု ရှိပြီး အဲ့ဒီထဲမှာ အသက် ၁၂ နှစ်အောက် ကလေးငယ် ၉၄ ယောက်ပါဝင်တယ်လို့ ပြောပါတယ်။

၀ တပ်ဖွဲ့က လက်ခံထားတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ သူတို့အတွက်ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပြီး သူတို့တွေနေရပ်မှာ လုံခြုံစိတ်ချရတဲ့အချိန်အထိ လက်ခံထားရှိပေးမယ်လို့လည်း ဦးညီရန်းက ပြောပါတယ်။

(၃) ကွာရှင်းပြတ်စဲရင် သက်ဆိုင်ရာအမျိုးသမီးကို အကြောင်းကြားဖို့ ဆော်ဒီမှာ စည်းကမ်းသစ်ထုတ်

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ကွာရှင်းပြတ်စဲရင် အမျိုးသမီးကို အကြောင်းကြားဖို့ ဆော်ဒီမှာ စည်းကမ်းသစ်ထုတ်

ဆော်ဒီအာရေဗျနိုင်ငံမှာ တရားရုံးကနေ လင်မယားကွာရှင်းခွင့်အတည်ဖြစ်ပြီလို့ ဆုံးဖြတ်ရင် ကာယံကံရှင် အမျိုးသမီးဆီကို တရားရုံးကနေ တရားဝင် text မတ်ဆေ့ချ်ပို့ပြီးတော့ တရားဝင်အသိပေးအကြောင်းကြားရမယ်ဆိုတဲ့ စည်းမျဉ်းသစ်တစ်ခုကို ချမှတ်လိုက်ပါတယ်။

အရင်တုန်းက အမျိုးသားက တိတ်တိတ်လေး အိမ်ထောင်ကွာရှင်းထားပြီးတော့ အဲ့လို ပြတ်စဲထားတယ်ဆိုတာကို ကာယံကံရှင်အမျိုးသမီးဆီကို အကြောင်းမကြားဘဲ နေလို့ရကြတယ်လို့ ဆိုပါတယ်။

အခုစည်းမျဉ်းသစ်ကြောင့် အဲ့ဒီလို အမျိုးသားတွေ လုပ်တဲ့အပြုအမှုကို တားဆီးနိုင်တော့မှာပါ။

အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေးကို ပိုပြီးတော့ကာကွယ်နိုင်အောင် အိမ်ထောင်ရေးသတ်မှတ်ချက်ကို ပိုပြီးတော့ သိနိုင်အောင် လင်မယားပြတ်စဲရင် သူတို့ကို ပေးရမယ့်ငွေကြေးတွေကို ရနိုင်အောင် အဲ့ဒီစည်းမျဉ်းသစ်က ရည်ရွယ်တာလို့ သိရပါတယ်။

(၄) ကွန်ဂိုရွေးကောက်ပွဲရလဒ် သတ်မှတ်ရက် မကြေညာနိုင်သေး

ဓာတ်ပုံ မူပိုင် AFP
Image caption ကွန်ဂိုရွေးကောက်ပွဲမဲရလဒ်တွေ ရေတွက်လို့ မပြီးနိုင်သေး

ဒီမိုကရက်တစ်ကွန်ဂို ပြည်သူ့သမ္မတနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက သမ္မတရွေးကောက်ပွဲရလဒ်ကို ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားပေမယ့် ရည်ရွယ်ထားသလို မဖြစ်နိုင်တော့ဘူးလို့ ပြောလိုက်ပါတယ်။

ကော်မရှင်ဥက္ကဌ ကော်လင်းနမ့်ကာက ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရထားတဲ့ မဲအရေအတွက်စာရင်းက တဝက်လောက်ပဲရှိသေးတယ်လို့ ပြောပြီးတဲ့နောက် နောက်သီတင်းပတ်လောက်မှပဲ မဲရလဒ်ကို ကြေညာနိုင်လိမ့်မယ်လို့ ပြောပါတယ်။

ဒီကနေ့မနက်မှာ ကော်မရှင်အဖွဲ့ဝင်တွေ အစည်းအဝေးထိုင်ပြီး အဲ့ဒီနောက်တော့မှ သူတို့ကြေညာချက်ကို ထုတ်ပြန်ဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်က လုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲဟာ တင်းမာမှုတွေ ရှိခဲ့ပေမယ့် နှိုင်းယှဉ်မှုအရ အတော်လေး အေးအေးဆေးဆေး ငြိမ်သက်ခဲ့ပါတယ်။ အခုတော့ မဲရလဒ်ကို တနိုင်ငံလုံးက စောင့်ဆိုင်းနေကြပါတယ်။