အာဆာ အဖွဲ့နဲ့ ရာမူးမြို့ တွေ့ဆုံပွဲ ဆိုတာ မရှိခဲ့ဘူးလို့ အေအေ အဖွဲ့ ပယ်ချ

အေအေ ဓာတ်ပုံ မူပိုင် Arakan Army Info
Image caption အာဆာနဲ့ မပတ်သက်ဘူးလို့ အေအေငြင်းဆို

အေအေအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အာဆာအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ် ဆိုတဲ့ သမ္မတရုံးရဲ့ ပြောဆိုချက်ကို အေအေ အဖွဲ့က ငြင်းဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးမြို့မှာ အာဆာနဲ့ အေအေ အဖွဲ့တွေ့ဆုံခဲ့တယ် ဆိုတဲ့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို ခဲ့တာဟာ အခြေအမြစ်မရှိ စွပ်စွဲတာသာ ဖြစ်တယ်လို့ အေအေအဖွဲ့က တုံ့ပြန်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ အေအေ အဖွဲ့ရဲ့ ဘယ်လို အခြေစိုက် စခန်းမှ ရှိမနေဘူးလို့ အေအေရဲ့ ပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၈ ဇူလိုင်လထဲတုန်းက အေအေနဲ့ အာဆာ အဖွဲ့ ရာမူးမှာ တွေ့ဆုံကြတာဟာ ရခိုင်ပြည်နယ်ထဲ ဘယ်အဖွဲ့တွေက ဘယ်နယ်မြေတွေမှာ လှုပ်ရှားမလဲ ဆိုတာ ခွဲခြားဖို့ ဖြစ်နိုင်တယ်လို့ အစိုးရဘက်က စွပ်စွဲထားပြီး အစိုးရရထားတဲ့ သတင်းအရ အဲဒီ အဖွဲ့ နှစ်ဖွဲ့ကြားမှာ မူးယစ်ကုန်သွယ်မှုလို ဘုံ အကျိုးစီးပွားမျိုးလည်း ရှိနေတယ်လို့ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အစိုးရမှာ အဲဒီ သတင်းတွေ ရရှိရာ ရင်းမြစ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Arakan Army Info
Image caption ရခိုင်ထဲ အာဆာနဲ့ နယ်မြေပိုင်းခြား ထားတယ် ဆိုတဲ့ အစိုးရ ပြောဆိုချက်ကို အေအေ ပယ်ချ

မူးယစ်ကုန်သွယ်မှုထဲ အေအေ ပါဝင်နေတယ် ဆိုတဲ့ ပြောဆိုချက် အပေါ်မှာလည်း အေအေအဖွဲ့က ပယ်ချပြီး အေအေ အဖွဲ့ဝင်တွေ အနေနဲ့ မူးယစ်ဆေးနဲ့ မပတ်သက်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်လို့ ခိုင်သုခက ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသတွေထဲ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိမှုတချို့ကို ကြည့်ရင် တချို့ အကြိမ်တွေမှာ အစိုးရစစ်တပ် တပ်ဖွဲ့ဝင်တချို့ ပါဝင်နေတာ တွေ့ရပြီး တကြိမ်မှာလည်း အာဏာရပါတီ NLD ရဲ့ အဖွဲ့ဝင်တယောက် ပါဝင်တာမျိုး တွေ့ခဲ့ရတယ်လို့ ခိုင်သုခက တုံ့ပြန်ပါတယ်။

လွတ်လပ်ရေးနေ့က ရဲကင်းစခန်း လေးခုကို အေအေက ချိန်ကိုက် တိုက်ခိုက်လာတဲ့ စစ်ရေး လုပ်ဆောင်ချက်ဟာ အေအေနဲ့ အာဆာတို့ရဲ့ အစည်းအဝေးကနေ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ အကျိုးဆက် ဖြစ်တယ်လို့ အစိုးရဘက်က ယူဆနေပါတယ်။

အေအေကတော့ အဲဒီ ရဲစခန်းတွေမှာ စစ်တပ်က နေရာယူပြီး အေအေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့လို့ လက်တုံ့ပြန်ခဲ့တာလို့ ပြောဆို ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အတိုက်ခံခဲ့ရတဲ့ ဂုပ္ပိရဲကင်းစခန်း

ရဲစခန်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ အတွက် အေအေ အဖွဲ့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အပါအဝင် ပုဒ်မတချို့ တပ်ပြီး ရဲက အမှုဖွင့်ထားပါတယ်။

အာဆာအဖွဲ့က ရဲကင်းတွေကို တိုက်ခိုက် ခဲ့တုန်းကလည်း အာဆာဟာ အကြမ်းဖက် အဖွဲ့ ဖြစ်တယ်လို့ အစိုးရက ကြေညာခဲ့တဲ့ အပြင် ကူညီသူတွေကိုလည်း အကြမ်းဖက်တွေ အဖြစ် သတ်မှတ်မယ်လို့ သတိပေး ခဲ့ပါတယ်။

အခု အေအေအဖွဲ့နဲ့ ပတ်သက်ပြီးတော့လည်း ရခိုင် တိုင်းရင်းသားတွေထဲ အေအေကို ထောက်ခံသူတွေ ရှိရင် ရပ်ပါဆိုပြီး သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲ အတွင်း သတိ ပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ တန်းတူအခွင့်အရေးတွေ ရရှိဖို့ ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်တာမျိုး ပုံမှန်လမ်းကြောင်းက လုပ်ဆောင်သင့်တယ်၊ ဒါမှမဟုတ် စစ်ပွဲ သံသရာလည်လိမ့်မယ် လို့ ဦးဇော်ဌေးက ပြောဆိုရင်းမှာပဲ ရခိုင်ဟာ နိုင်ငံကြီးတွေရဲ့ စိတ်ဝင်စားမှု ခံနေရပြီး မဟာဗျုဟာ ကစားပွဲလို ဖြစ်နေတယ် ဆိုပြီးတော့လည်း ဦးဇော်ဌေးက ဆိုပါတယ်။

Image caption သမ္မတရုံးက တပ်ကို စစ်ရေးနဲ့ ပတ်သက်ပြီး ညွှန်ကြားထားတယ်လို့ ပြောတဲ့ သတင်းစာ ရှင်းလင်းပွဲ

ဘယ်နိုင်ငံကြီးတွေရဲ့ ဘယ်လို စိတ်ဝင်စားမှုလည်း၊ ဘယ်လို မဟာဗျုဟာမြောက် ကစားပွဲမျိုး ဖြစ်နေလဲ စတဲ့ အစိုးရရဲ့ ထင်မြင် သုံးသပ်ချက်တွေကိုတော့ ထုတ်ပြောတာမျိုး မရှိပါဘူး။

ဒါပေမယ့် ရခိုင်ပြည်နယ်ထဲက အခြေအနေတွေ အပေါ် အသေအချာ သုံးသပ်ဝေဖန်ပြီး လွှတ်တော်ထဲက ရခိုင် တိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေး ပါတီတွေက အမတ်တွေ ဦးဆောင်ဖို့ လိုတယ်လို့ ဦးဇော်ဌေးက တိုက်တွန်း ခဲ့ပါတယ်။

အေအေကတော့ သူတို့ဟာ စတင် ဖွဲ့စည်းကတည်းက ရခိုင်ပြည်နယ်ထဲ အခြေစိုက်ဖို့ ရည်ရွယ်တာ ဖြစ်ပြီး ရခိုင် တိုင်းရင်းသားတွေရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး အတွက် အေအေအဖွဲ့ တည်ရှိနေတာ ဖြစ်တယ်လို့ အေအေ အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ လမ်းကြောင်းကို အမြဲဖွင့်ထားတယ်လို့ အေအေက ပြောပေမယ့် အခုလို ရဲကင်းတွေ ဝင်စီးခံရ၊ လူတွေ ဆယ်ဂဏန်းကျော် သေဆုံး ခဲ့တဲ့နောက် စစ်ရေး အရ တုံ့ပြန်မယ်၊ လိုအပ်ရင် လေကြောင်းကနေပါ တိုက်ခိုက်မယ်လို့ အစိုးရက သတိပေးထားပါတယ်။

Image caption ပစ်မှတ်ထားခံနေရတဲ့ ရဲကင်းတွေ

သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲဟာ ကာလုံလို့ အတိုကောက် ခေါ်ကြတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါသူတချို့ပါ တက်ရောက်ခဲ့တဲ့ အစည်းအဝေး အပြီးမှာ ပြုလုပ်လာ တာဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးမှာ သမ္မတ၊ ဒုသမ္မတ နှစ်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတပ်ချုပ်၊ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌတို့ တက်ရောက် ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးအပြီး သမ္မတရုံးက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်လာတာမှာ အေအေကို တိုက်တဲ့အခါ လိုအပ်ရင် ရဟတ်ယာဉ် အသုံးပြုဖို့ တပ်ကို သမ္မတရုံးက ညွှန်ကြားထားတယ် ဆိုတဲ့ ပြောဆိုချက်နဲ့ အေအေကို ရခိုင်တိုင်းရင်းသား တွေ ထောက်ခံမှု မပြုကြဖို့ သတိပေးချက်တွေ ပါဝင် လာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာလည်း ရှမ်းတွေ ကချင်တွေလို တခြား တိုင်းရင်းသားတွေလိုပဲ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ပြဿနာ ကြုံတွေ့ နေရတာ ဖြစ်တယ်လို့ မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက သုံးသပ် ပြောဆိုပါတယ်။

Image caption အေအေနဲ့ လတ်တလော တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထောင်ချီ ထွက်ပြေးရ

ကာလုံတိုးချဲ့ အစည်းအဝေးလို့ ခေါ်ဆိုနိုင်တဲ့ ဇန်နဝါရီ ၇ ရက် တွေ့ဆုံပွဲဟာ ရခိုင်ပြဿနာ အရေး ပွင့်ပွင့်လင်းလင်းနဲ့ နွေးနွေးထွေးထွေး ဖြေရှင်းမယ့် လမ်းကြောင်းနဲ့ လွဲချော်နေတယ်လို့ ထင်မြင်ကြောင်း ဦးဦးလှစောက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေး လမ်းကြောင်းအရ ဆွေးနွေးမယ်လို့ တအာင်းတပ်၊ ကိုးကန့်တပ်တွေနဲ့ အေအေပူးပေါင်း ထုတ်ပြန်ခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်ကို ဦးဦးလှစောက ရည်ညွှန်းပြီး ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်းကို သွားကြစေချင်တယ်လို့ ဆိုပါတယ်။

တခါ စစ်ရေးနဲ့ ပတ်သက်ပြီး သမ္မတရုံးကနေ တပ်ကို ညွှန်ကြားတယ် ဆိုတဲ့ အပြောမျိုးဟာ ထူးဆန်းသလို အေအေကို မထောက်ခံဖို့ ရခိုင် တိုင်းရင်းသားတွေကို တိုက်ရိုက် ပြောဆိုတာမျိုးကလည်း မကြုံစဖူးဖြစ်တယ် ဆိုပြီး မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း ပြောပါတယ်။

ရခိုင်ပြည်နယ် အနာဂတ်အရေး အတွက် လက်ရှိ ပေါ်ပေါက်နေတဲ့ စစ်ပွဲ ရပ်တန့်ဖို့ လိုတယ်လို့ ဦးဖေသန်းက ဆိုပါတယ်။