ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့ အယူခံဆုံးဖြတ်ချက် လာမယ့်ဇန်နဝါရီ ၁၁ ရက် ချမှတ်မယ် စတဲ့ ဇန်နဝါရီ ၉ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ
(၁) ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့အယူခံဆုံးဖြတ်ချက် လာမယ့်ဇန်နဝါရီ ၁၁ ရက် ချမှတ်မယ်
နိုင်ငံတော်လျှို့ဝှက်ချက် အက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံအမှုကို လာမယ့် ဇန်နဝါရီ ၁၁ ရက်မှာ ချမှတ်တော့မှာ ဖြစ်ပါတယ်။
အယူခံတင်သွင်းမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားရုံးမှာ နှစ်ဖက်ရှေ့နေ တွေရဲ့ လျှောက်လဲချက်ကို ကြားနာစစ်ဆေးခဲ့ပြီးနောက် အခုလို အပြီးသတ် အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။
တိုင်းတရားရုံးက ချမှတ်မယ့် အယူခံဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ရိုက်တာသတင်းထောက်တွေရဲ့ရှေ့နေ ဦးသန်းဇော်အောင် "အကောင်းဆုံး အဖြေတစ်ခုရမယ်လို့တော့ ယုံကြည်တယ်၊ ဒီအမိန့်အပေါ်မှာပဲ စောင့်စားဖို့ ရှိတယ်၊ လာမယ့် ၁၁ ရက် အမိန့်က တင်ပြစရာ ရှိတယ်ဆိုလည်း တစ်မျိုးပေါ့၊ တင်ပြစရာမရှိဘူး ဆိုလည်း မရှိတဲ့အတိုင်း ဥပဒေကြောင်းအရ ထောင်ထဲကပဲ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားမယ်" လို့ ပြောပါတယ်။
ရိုက်တာသတင်းထောက် နှစ်ယောက်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာလူသတ်မှု သတင်းအတွက် အချက်အလက်တွေ ရှာဖွေနေစဉ်မှာပဲ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်လျှို့ဝှက်ချက် အက် ဥပဒေနဲ့ တရားစွဲဆိုခံရပြီးနောက် မြောက်ပိုင်ခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာပါ။
သတင်းထောက် ကိုဝလုံးရဲ့ အမျိုးသမီး မပန်းအိမွန်ကတော့ လာမယ့် ၁၁ ရက် တရားရုံးရဲ့ အဆုံးအဖြတ်ကို အကောင်းဘက်က မျှော်လင့်ထားသလို၊ အမြန်ဆုံးလည်း ပြန်လွှတ်ပေးစေချင်ပြီလို့ ပြောပါတယ်။
- ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ TIME မဂ္ဂဇင်းရဲ့ Person of the Year ရွေးချယ်ခံရ
- ရိုက်တာ သတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ အင်းဒင်သတ်ဖြတ်မှု
- အင်းဒင် လူသတ်မှုမှာ ပါတဲ့ တပ်မတော်သားတွေကို ပြစ်ဒဏ်ချ
(၂) လေပြင်းတိုက်လို့ ရေးမြို့နယ်က နေအိမ် ၄၀၀ နီးပါး ပျက်စီး
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်အောက်ဆိပ်ကျေးရွာမှာ လေပြင်းတိုက်ခတ်ခဲ့လို့ နေအိမ် ၄၀၀ နီးပါး ပျက်စီး ကုန်တယ်လို့ ကျေးရွာသားတွေကို ကူညီပေးနေတဲ့ ရေးမြို့ခံ ကိုဝင်းနိုင်သက်က ပြောပါတယ်။
လေပြင်းကြောင့် လူ ၁၅ ယောက် နီးပါး ထိခိုက်ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့ သူက ပြောပါတယ်။
ဇန်နဝါရီ ၈ ရက်မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ကျေးရွာမှာရှိတဲ့ အထက စာသင်ကျောင်းက ကျောင်းဆောင် ၃ ဆောင် အပါအဝင် ဘုန်ကြီးကျောင်းလည်း အမိုးလန် ပျက်စီးတယ်လို့ ဆိုပါတယ်။
အဲဒီကျေးရွာမှာ လူ ၁,၉၀၀ ကျော် နေထိုင်ပြီး ကျောင်းသားကျောင်းသူ ၅၀၀ ကျော်ပါ လေပြင်းဒဏ်ခံရလို့ ကျောင်းသုံးပစ္စည်းတွေနဲ့ ရွာသားတွေ နေထိုင်ရေးအတွက် ခက်ခဲနေတယ်လို့လည်း ကိုဝင်းနိုင်သက်က ပြောပါတယ်။
ကုလားကုတ်အောက်ဆိပ် ကျေးရွာဟာ ကျွန်းပုံစံ သီးခြားတည်ရှိတဲ့ ကျေးရွာလည်းဖြစ်ပြီး ရေးမြို့၊ လမိုင်းကနေ ၁ နာရီကျော် ကြာ ရေလမ်းခရီးနဲ့ ပင်လယ်ကို ဖြတ်ပြီးသွားရလို့ လက်ရှိအချိန် မိုးမရွာတော့ပေမယ့် လှိုင်းကြီးပြီး သွားလာဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။
(၃) မက္ကဆီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးရန်ပုံငွေ ထရမ့် တောင်းဆိုနေဆဲဖြစ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူသားချင်း စာနာထောက်ထားမှုနဲ့ လုံခြုံရေး အကျပ်အတည်း ဖြစ်နေတာ ရပ်သွားအောင် သူကတိပေးထားတာ ကြာပြီဖြစ်တဲ့ မက္ကဆီကို နိုင်ငံနဲ့ နယ်စပ်မှာ တံတိုင်းဆောက်ရေးအတွက် ရန်ပုံငွေကို တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့မှာပဲ အိမ်ဖြူတော်ကနေ နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတထရမ့်က အခုလို ပြောလိုက်တာပါ။
လူဝင်မှု ကြီးကြပ်ရေးကို မထိန်းသိမ်းနိုင်လို့ ဖြစ်လာတဲ့ ရာဇဝတ်မှုတွေ၊ မူးယစ် ဆေးဝါးမှုတွေကို အမေရိကန် ပြည်သူတွေ ခံစားနေရသလို လုပ်အားခ လျော့နည်းတာလည်း ခံစားနေရတယ်လို့ သမ္မတထရမ့်က ပြောပါတယ်။
ဒါကို အရေးတယူ မလုပ်ဆောင်ဘူးဆိုရင် နောက်ထပ် အသက်ပေါင်း ထောင်နဲ့ချီ ဆုံးရှုံးရလိမ့်မယ်လို့လည်း သမ္မတထရမ့်က ပြောပါတယ်။
ဒီပြဿနာတွေကို ဖြေရှင်းဖို့ အစီအစဉ် အသေးစိတ်ကို ကွန်ဂရက်လွှတ်တော်ကို သူ တင်ပြပြီး ဖြစ်တယ်လို့လည်း သမ္မတထရမ့်က ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေကတော့ သမ္မတဟာ အမေရိကန် ပြည်သူတွေကို ဓားစာခံလို လုပ်နေတယ်လို့ ပြောပါတယ်။
သမ္မတထရမ့်ဟာ မက္ကဆီကိုနိုင်ငံနဲ့ နယ်စပ်မှာ စတီးလ်တံတိုင်း တည်ဆောက်ဖို့ အသုံးစရိတ် ဒေါ်လာ ၅.၇ ဘီလီယံကို ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုထားပေမယ့် ဒီမိုကရက်ပါတီဝင်တွေက ဒါကို ကန့်ကွက်ပြီး အတည်မပြုသေးပါဘူး။
ဒါ့ကြောင့် အမေရိကန် အစိုးရဌာန တချို့ကို ပိတ်သိမ်းထားရတာလည်း ၁၈ ရက် အထိ ရှိလာပါပြီ။
- မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ကနေ အနာဂတ်ကိုမျှော်ကြည့်ရရင်
- ချစ်တယ်လို့ပုံဖော်တဲ့ K-pop လက်သင်္ကေတ လုပ်ပြတဲ့ ကင်ဂျုံအွန်း
- ကင်ဂျုံအွန်း-ထရမ့် ဆွေးနွေးပွဲ ဘယ်သူကြိုးဆွဲသလဲ
(၄) ၃ ရက်ကြာ ခရီးစဉ် ဘေကျင်းကို ရောက်ရှိနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့ ဖိတ်ကြားမှုကြောင့် ကြိုတင် ကြေညာထားမှု မရှိဘဲ ဘေကျင်းမြို့ကို ၃ ရက်ကြာ ခရီးစဉ် ရောက်ရှိနေပါတယ်။
မစ္စတာ ကင်နဲ့ မစ္စတာ ရှီတို့ဟာ မနေ့တုန်းက တစ်နာရီ နီးပါးကြာ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲအရေး ဆွေးနွေးခဲ့တယ်လို့ တောင်ကိုရီးယားသတင်းဌာန ယွန်ဟတ်က သတင်း ဖော်ပြပါတယ်။
မစ္စတာ ကင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဒုတိယအကြိမ် မြောက်ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး ညှိနှိုင်းတာတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီးမှာ မစ္စတာကင်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် ထွက်ပေါ်လာတာပါ။
မစ္စတာကင်ရဲ့ အခုတစ်ကြိမ် တရုတ်ခရီးစဉ်ဟာ တစ်နှစ်မပြည့်ခင် အချိန်အတွင်းမှာ လေးကြိမ်မြောက်လည်း ဖြစ်ပါတယ်။
