လောင်းလုံးက ကျွန်း နေရာ ၄ ခုမှာ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ တည်ဆောက်မှာကို ကန့်ကွက်

အခုနောက်ပိုင်း တနင်္သာရီကမ်းရိုးတန်းက သဘာဝ ကျွန်းတွေမှာ အပန်းဖြေ လာရောက်သူတွေ ပိုတွေ့လာရ ဓာတ်ပုံ မူပိုင် ရွှေအင်းသားခင်မောင်ဝင်း
Image caption အခုနောက်ပိုင်း တနင်္သာရီကမ်းရိုးတန်းက သဘာဝ ကျွန်းတွေမှာ အပန်းဖြေ လာရောက်သူတွေ ပိုတွေ့လာရ

ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်မှာရှိတဲ့ ကမ်းခြေနဲ့ ကျွန်း နေရာ ၄ ခု ကို ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ လုပ်ကိုင်မယ်ဆိုပြီး မြို့နယ် မြေစာရင်းဦးစီးဌာနမှာ ကုမ္ပဏီတွေက လျှောက်ထားတဲ့အပေါ် ဒေသခံတွေ၊ ထားဝယ်တိုင်းရင်းသား ပါတီနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ကန့်ကွက်နေပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တွေကို ကျွန်းတွေ ပေးလိုက်ရရင် ဒေသခံ ရေလုပ်သားတွေအနေနဲ့ ရေချို မရရှိတော့မှာ၊ ရာသီဥတု ဆိုးရွားချိန် ကျွန်းတွေမှာ ဝင်နားခွင့် မရမှာ၊ ကမ်းကပ်ခွင့်မရမှာနဲ့ ဒေသခံပြည်သူပိုင် မြေနေရာတွေ ပျောက်ကွယ်ကုန်မှာ စိုးရိမ်ကြလို့ ကန့်ကွက်တာ ဖြစ်တယ်လို့ သူတို့တွေက ဆိုပါတယ်။

လောင်းလုံဒေသခံ ဦးခင်မောင်သိန်းက " ရှေ့တွေမှာ ပြီးစလွယ်နဲ့ လုပ်ကိုင်ခွင့်ပြုပြီးတဲ့နောက်ပိုင်း ဒေသခံပြည်သူတွေက လွတ်လွတ်လပ်လပ် သွားလို့ မရတော့ဘူး။ သူတို့တွေက အဲဒီနေရာတွေကို ပိုင်ဆိုင်လုပ်ခွင့်လည်းရရော ဒီနေရာက ငါတို့နေရာ လာလို့မရဆိုပြီး အောက်ခြေမှာ ဖြစ်နေတာ လက်ရှိအထိကိုပဲ" လို့ ပြောပါတယ်။

ပဲ့ဇင်ကျွန်း၊ စမ်းလှမ်းကမ်းခြေအနီးကျွန်း၊ ကျောက်တွင်းကမ်းခြေ၊ ပညစ်ကျွန်း စတဲ့ နေရာ ၄ ခုမှာ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ လုပ်ကိုင်ဖို့ ကုမ္ပဏီ ၄ ခု က လျှောက်ထားလာလို့ ကန့်ကွက်လိုပါက ဒီဇင်ဘာ ၇ ရက်ကနေ ၁ လ အတွင်း ကန့်ကွက်လွှာ တင်သွင်းနိုင်တယ်လို့ လောင်းလုံး မြို့နယ် မြေစာရင်းဦးစီးဌာနက ကြေညာခဲ့ပါတယ်။

ဒေသအတွင်းမှာ လုပ်ကိုင် အကောင်အထည် ဖော်နေတဲ့ ခရီးသွားလုပ်ငန်း၊ အထူးစီးပွားရေးဇုန် စီမံကိန်း အတွေ့အကြုံတွေအရ ဒေသခံတွေဟာ အတန်းပညာ၊ အတွေ့အကြုံ၊ ဘာသာစကား၊ နည်းပညာ အားနည်းမှု တွေကြောင့် အောက်ခြေ အလုပ်တွေသာ လုပ်ကိုင်ခွင့် ရကြတယ်လို့ ဆိုပါတယ်။

လောင်းလုံမှာ ထားဝယ်မြစ်ရဲ့ အနောက်ဘက်အခြမ်းတွေမှာ ရွာကြီးတွေနဲ့ လူနေထိုင်မှုများပြီး အဲဒီကျွန်းတွေမှာတော့ တံငါရွာလေးတွေ၊ ရေလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဥယျာဉ်ခြံ စိုက်ပျိုးသူတွေသာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေရာတွေကို Excellent Fortune Development Group Co.,Ltd, First Golden Dragon Construction Co.,Ltd , ရတနာ စိုင်းကောင်းမြတ်ကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်နဲ့ စိုးနိုင်ဖြိုး ကုမ္ပဏီလီမိတက်တို့က လုပ်ကိုခွင့်ပြုဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီကုမ္ပဏီတွေက ပြည်တွင်းလုပ်ငန်းရှင် ဇနီးမောင်နှံ နှစ်ဦးက ကုမ္ပဏီ ၄ မျိုးအမည်နဲ့ လျှောက်ထားတာကို တွေ့ရတယ်လို့ မြေစာရင်းဌာနမှာ သွားရောက် စုံးစမ်းခဲ့တဲ့ ထားဝယ် သုတေသန အသင်းရဲ့ ဥက္ကဋ္ဌ ဦးဇော်သူရက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ရွှေအင်းသားခင်မောင်ဝင်း
Image caption တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာ သဘာဝ အတိုင်း ရှိနေသေးတဲ့ ကျွန်းတွေ ရှိနေသေး

တိုင်းအစိုးရက လုပ်ကိုင်ခွင့်ပြုဖို့ ရည်ရွယ်ပြီး ကန့်ကွက်လွှာ ခေါ်ယူတာကြောင့် အရင် စီမံကိန်းကြီးတွေမှာ ဒေသခံတွေရဲ့ဘိုးဘွားပိုင် မြေယာတွေလည်း ဆုံးရှုံးခဲ့ရသလို လူမှုဘ၀ ပျက်စီးခဲ့တာတွေလည်း ရှိလို့ တိုင်းအစိုးရ အနေနဲ့ လွယ်လင့်တကူ မြေနေရာ ချထားပေးမှု မလုပ်ဖို့နဲ့ ဒေသခံတွေရဲ့ ဆန္ဒသဘောထားတွေကို အလေးထား နားထောင်ဖို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

" ကျွန်တော်တို့က လာ မလုပ်ကြဖို့ ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ပြည်သူကို ဗဟိုပြုပြီး စီးပွားလုပ်မယ်ဆိုရင် အစိုးရက ကြီးကြပ်ပြီး ဒေသသားတွေနဲ့ ပူးပေါင်းပြီး ဒေသလည်း အကျိုးရှိ၊ ရင်နှီးမြှုပ်နှံသူလည်း အကျိုးရှိတဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်စေချင်တယ်။ ဒီဒေသမှာ လူတွေအများကြီး ဝင်လာမယ်ဆိုရင် စနစ်က မကျသေးဘူး။ ခရီးသွားလုပ်ငန်းလုပ်ဖို့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လမ်း၊ တံတား၊ ရေ၊ မီး၊ မိလ္လာစွန့်ပစ်မှု၊ အညစ်အကြေး ထိန်းသိမ်းမှုတွေက အဆင်သင့် မဖြစ်သေးဘူး" လို့ ကန့်ကွက်ရာမှာ ပါဝင်တဲ့ ထားဝယ်သုတေသန အသင်းဥက္ကဋ္ဌ ဦးဇော်သူရက ပြောပါတယ်။

ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုရင်လည်း ဒေသခံတွေ ပါဝင်တဲ့ ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်းတွေကို ခွင့်ပြုလုပ်ဆောင် စေချင်တယ်လို့ အရပ်ဘက်အဖွဲ့တွေနဲ့ ထားဝယ်တိုင်းရင်းသား ပါတီတွေက ပြောဆိုကြပါတယ်။