လောပိတသွားကားလမ်းဘေး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရဲအရာရှိနှစ်ဦးကို တွေ့ရှိ

ကယားပြည်နယ်တွင်း လမ်းပိုင်းတစ်နေရာ ဓာတ်ပုံ မူပိုင် Kayah Land
Image caption ကယားပြည်နယ်တွင်း လမ်းပိုင်းတစ်နေရာ

ကယားပြည်နယ် လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုမြို့နယ်က လောပိတသွား ကားလမ်းဘေးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရဲအရာရှိနှစ်ဦးကို ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးနေတဲ့ ရဲအရာရှိနှစ်ဦးကို ဒီးမော့ဆိုမြို့နယ် ခြောက်မိုင် (စံပြ) ဝန်းကျင်မှာ သစ်တောဝန်ထမ်း တစ်ဦးက ဒီဇင်ဘာ ၈ ရက် နေ့လယ် ၁၂ နာရီကျော်က တွေ့ရှိပြီး အကြောင်းကြားလာလို့ သိရှိရတာ ဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမြတ်လှိုင်က ပြောပါတယ်။

" အဲဒီလမ်းက ပြန်လာတဲ့ တောအုပ်တစ်ယောက်ကတွေ့ပြီး အကြောင်းကြားလာတာ၊ ပြည်နယ် ဒနက ရဲအုပ် အဆင့်ရှိတဲ့ အရာရှိ နှစ်ယောက်ပါ။ အလောင်းတွေကို စစ်ဆေးဖို့ လွိုင်ကော်ဆေးရုံ ပို့လိုက်ပြီ။ သေနတ် ဒဏ်ရာတွေလည်း တွေ့တယ် " လို့ ဦးမြတ်လှိုင်က ပြောပါတယ်။

ရဲအရာရှိ နှစ်ယောက်က ကယားပြည်နယ် ရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နှင်းရေး အဖွဲ့ကဖြစ်ပြီး သူတို့တွေဘာကြောင့် သေဆုံးရတယ် ဆိုတာကို ရဲတပ်ဖွဲ့က ဆက်စုံစမ်း စစ်ဆေးနေတယ်လို့ သူက ဆိုပါတယ်။

ရဲအရာရှိနှစ်ဦးရဲ့ အလောင်းကို လွိုင်ကော် ပြည်သူ့ဆေးရုံကြီးကို ပို့ထားပြီး ဇန်နဝါရီလ ၉ ရက် ဒီကနေ့မှ ရင်ခွဲ စစ်ဆေးနေတယ်လို့ ပြောပါတယ်။

ရဲအရာရှိ နှစ်ယောက် သေဆုံးတာနဲ့ ပတ်သတ်ပြီး ဒီးမော့ဆိုမြို့နယ် ရဲစခန်းမှာ (ပ) ၄/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြတ်လှိုင်က ပြောပါတယ်။

ရဲအရာရှိ နှစ်ယောက် သေဆုံးတာကို တွေ့ရှိခဲ့တဲ့ ခြောက်မိုင် (စံပြ) ဟာ လွိုင်ကော်ကနေ လောပိတကို ဆက်သွယ်ထားတဲ့လမ်း ဖြစ်ပြီး နယ်မြေအေးချမ်းသလို ဒေသခံတွေအတွက် နေ့ညမရွေး ပုံမှန် ဆက်သွယ် သွားလာနေတဲ့လမ်း ဖြစ်တယ်လို့ ဒီးမော့ဆိုဒေသခံ ဦးမောင်ကြန်က ပြောပါတယ်။

ဘီဘီစီက ဒီးမော့ဆို မြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီအမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲလို့ သာ ပြန်လည် ဖြေကြားပြီး အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ခြင်း မရှိပါဘူး။

ဆက်စပ် အကြောင်းအရာများ