ရခိုင်တိုက်ပွဲအတွက် ငြိမ်းချမ်းစွာအဖြေရှာဖို့ ကုလတိုက်တွန်း

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ အမျိုးသမီးနဲ့ ကလေးတွေ ဓာတ်ပုံ မူပိုင် NARINJARA
Image caption ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ အမျိုးသမီးနဲ့ ကလေးတွေ

အရှိန်မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းစွာ အဖြေရှာ ဖြေရှင်းကြဖို့ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အကြီးအကဲ မစ္စတာခနုသ်အာစဘီက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ဒေသခံ ၄၅၀၀ ကျော် ထွက်ပြေးပုန်းရှောင်နေရတဲ့ အချိန်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အရှိန် မြင့်တက်လာတာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်နေကြောင်း ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာခနုသ်အာစဘီက ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေး ပုန်းရှောင်နေတဲ့ ဒုက္ခသည်တွေကို လူသားချင်း အကူအညီတွေ ပေးနိုင်ဖို့ ဆက်သွယ်ရေး လမ်းကြောင်းကိုလည်း တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ အရေးကြီးတယ်လို့ မစ္စတာ ခနုသ်အာစဘီက ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

"မြန်မာအစိုးရက ရက္ခိုင့်တပ်မတော် အေအေကို ချေမှုန်းဖို့ မြန်မာတပ်မတော်ကို ညွှန်ကြားလိုက်တဲ့ အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်တဲ့ လူတွေ ဒီထက် ပိုများလာမှာကို ကျွန်တော်တို့ စိုးရိမ်တယ်၊ အဲဒီအတွက် ကြီးမားတဲ့ လူသားချင်း အကူအညီတွေလည်း လိုအပ်လာမှာ ဖြစ်ပြီး လက်ရှိ ရနေတဲ့ အကူအညီတွေနဲ့ မလောက်မှာကို စိုးရိမ်တယ်" လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်ရဲ့ ယာယီ ဌာနေ ကိုယ်စားလှယ်လည်း ဖြစ်တဲ့ မစ္စတာ ခနုသ်အာစဘီက ပြောပါတယ်။

အခုချိန်ထိ တိုက်ပွဲကြီးတွေ မဖြစ်သေးဘူးလို့ ကုလသမဂ္ဂ အနေနဲ့ သိထားပေမယ့် တပ်အင်အားတွေ ပိုပြီးတိုးချဲ့ဖြည့်တင်းနေတာတွေ ရှိတယ်လို့လည်း မစ္စတာ ခနုသ်အာစဘီ က ဆိုပါတယ်။

ရက္ခိုင့်တပ်မတော် အေအေ လှုပ်ရှားတဲ့ နေရာတွေမှာ တပ်မတော်အနေနဲ့ လိုအပ်ရင် တပ်အင်အားတွေ တိုးချဲ့ဖို့၊ ရဟတ်ယာဉ်တွေ သုံးပြီး ချေမှုန်းဖို့ သမ္မတရုံး ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေး က ဇန်နဝါရီ ၇ ရက်က ပြုလုပ်တဲ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် NARINJARA
Image caption ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ

လက်ရှိမှာ အေအေကို နှိမ်နှင်းဖို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်အင်အားတွေ ထပ်ဖြည့်ထားပြီး လုံခြုံရေးအတွက် စစ်ဆင်ရေး လုပ်ဆောင်မှာ ဖြစ်ပေမယ့် ရဟတ်ယာဉ်တွေကိုတော့ လိုအပ်မှ အသုံးပြုမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဘီဘီစီကို ပြောပါတယ်။

တပ်အင်အားကို ရန်သူရဲ့တပ်အင်အားနဲ့ အချိုးအစား မျှအောင် ချိန်ဆ တိုးချဲ့ ချထားပြီး ရဟတ်ယာဉ်တွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ သယ်ယူပို့ဆောင်ရေးနဲ့ တိုက်ခိုက်ရေးမှာ လိုအပ်ရင် အသုံးပြုမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။