စစ်တွေမြို့ ပြည်နယ်တရားရုံး ခြံဝင်းအတွင်း မီးလောင်မှုဖြစ် စတဲ့ ဇန်နဝါရီ ၁၀ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် Myanmar Fire Services Department
Image caption စစ်တွေမြို့ ပြည်နယ်တရားရုံး ခြံဝင်းအတွင်း မီးလောင်မှုဖြစ်

(၁ ) စစ်တွေမြို့ ပြည်နယ်တရားရုံး ခြံဝင်း မီးလောင်

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်တရားရုံး ခြံဝင်းအတွင်း ဇန်နဝါရီ ၉ ရက် ည ၁၁ နာရီကျော်မှာ မီးလောင်ခဲ့ပါတယ်။

မီးလောင်ရာမှာ တရားရုံးဝင်းအတွင်း သက်သေခံ သိမ်းဆည်းထားတဲ့ ဆိုင်ကယ် ၄၆ စီး နဲ့ ဆိုက္ကား တစီး မီးလောင်ကျွမ်းခဲ့ပေမယ့် တရားရုံးနဲ့ အခြားအဆောင်တွေကတော့ မီးဘေးကနေ လွတ်ခဲ့ပြီး ၁၂ နာရီလောက်မှာ မီးကို ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ စစ်တွေမြို့ခံ ဦးအောင်ကျော်က ပြောပါတယ်။

မီးလောင်ခဲ့တဲ့ ပြည်နယ်တရားရုံး ခြံဝင်းမှာပဲ ဇန်နဝါရီလ ၁၀ ရက်နေ့ (ဒီနေ့) မှာ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဟောင်း ဒေါက်တာအေးမောင်နဲ့ ရခိုင်အမျိုးသားရေးလှုပ်ရှားသူ စာရေးဆရာ ကိုဝေဟင်အောင်တို့ရဲ့ လျှောက်လဲချက်အပေါ် တရားရုံးက ဆုံးဖြတ်ဖို့လည်း ရှိနေပါတယ်။

မီးလောင်ရာမှာ တရားရုံးနဲ့ ရုံးထဲက အမှုတွဲတွေ မီးလောင်တာမျိုး မရှိပေမယ့် မီးလောင်တာက ရှို့မီးလား၊ သောင်းကျန်းသူ မီးလား ဘာကြောင့်လောင်ရလဲ ဆိုတာကို စိစစ်နေကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက နိရဉ္စရာ သတင်းဌာနကို ပြောဆိုထားတာကို တွေ့ရပါတယ်။

ရသေ့တောင် စာပေဟောပြောပွဲမှာ ဟောပြောခဲ့ရာမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မတွေနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ နှစ်ဦးရဲ့ စွဲချက်အမိန့် ပယ်ဖျက်ပေးဖို့ လျှောက်လဲထားချက်ကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ပြည်နယ်တရား ရုံးမှာ ဒီကနေ့ မနက်ပိုင်းမှာ အမိန့်ချမှတ်မယ်လို့ ရခိုင်အမျိုးသားပါတီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Thet Naing Win
Image caption မုံရွာမှာ တိုင်းစည်ပင်အဖွဲ့ကို ဆန္ဒပြ

(၂) မုံရွာမှာ တိုင်းစည်ပင်အဖွဲ့ကို ဆန္ဒပြခဲ့ကြတဲ့သူတွေကို တိုင်းစာရင်းစစ်ရုံးက ခေါ်ယူစစ်ဆေး

မုံရွာမှာ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီကို ဆန္ဒပြခဲ့ရာမှာ ဦးဆောင်ပါဝင်တဲ့ ချင်းတွင်းအင်စတီကျုက ဦးကျော်မိုးလှိုင်ပါ ၅ ဦးကို စစ်ကိုင်းတိုင်း စာရင်းစစ်ရုံးက ဒီကနေ့မှာ ခေါ်ယူစစ်ဆေး နေတယ်လို့ စစ်ဆေးခံရသူ ဦးကျော်မိုးလှိုင်က ဘီဘီစီကို ပြောပါတယ်။

စည်ပင်သာယာရေးကော်မတီရဲ့ စီမံခန့်ခွဲမှုတွေ ပြုပြင်ပြောင်းလဲဖို့နဲ့ စည်ပင်သာယာရေး ကော်မတီရဲ့ ဘတ်ဂျတ်ငွေ သုံးစွဲမှု၊ အခွန်ကောက်ခံရရှိမှုနှုန်းတွေ ပွင့်လင်းမြင်သာစွာချပြဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်းပြီး အင်အား ၁ဝဝ ကျော် ဒီဇင်ဘာ ၂၁ ရက်က မုံရွာမြို့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

စည်ပင်သာယာရေး ကော်မတီက အများသုံး အမှိုက်ပုံးတွေ၊ အမှိုက်ကန်တွေ ဝယ်ယူရမှာ ကာလပေါက်ဈေးထက် ပိုဈေးတင်ပြီး ဘတ်ဂျတ်ငွေကြေး စာရင်းပြထားတဲ့ အထောက်အထား အခိုင်အလုံ ရှိနေတယ်လို့ ဦးကျော်မိုးလှိုင်က ပြောပါတယ်။

စည်ပင်သာယာက မုံရွာမြို့မှာ ပြုပြင်ဖို့ လိုအပ်နေတဲ့ လမ်းတွေ၊ ရေမြောင်းတွေကို ပြုပြင်တာမျိုး မလုပ်ဘဲ တည်းခိုရိပ်သာ ဆောက်လုပ်တာတွေသာ ရှိနေတယ်လို့ ဆန္ဒပြသူတွေက ပြောခဲ့ပါတယ်။

ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ပြန် မဖြေကြားပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မက္ကဆီကိုနယ်စပ်က တံတိုင်း

(၃) မက္ကဆီကို နယ်စပ်တံတိုင်းဆောက်ရေး ရန်ပုံငွေတောင်းခံပွဲက သမ္မတဒေါ်နယ်ထရမ့် ထွက်ခွာ

မက္ကဆီကိုနယ်စပ် တံတိုင်းဆောက်ရေး ရန်ပုံငွေ တောင်းခံမှုနဲ့ ပတ်သက်တဲ့ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထွက်သွားခဲ့ပါတယ်။

ဒီမိုကရက် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီနဲ့ ဒီမိုကရက်ပါတီခေါင်းဆောင် ချပ်ရှူးမားတို့က သမ္မတတောင်းတဲ့ တံတိုင်းဆောက်ဖို့ ရန်ပုံငွေကို ပေးဖို့ ငြင်းဆန်ချိန်မှာ သမ္မတက ဆွေးနွေးပွဲကနေ ထွက်သွားတာပါ။

အစိုးရဌာနတချို့ ပိတ်ထားရတာ ၁၉ ရက်ထဲ ဝင်လာနေချိန်မှာ ဒီဆွေးနွေးပွဲဟာ အချိန်ဖြုန်းတာ သက်သက်ပဲလို့ သမ္မတထရမ့်က ပြောပါတယ်။

သမ္မတထရမ့်က ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေကို ဘိုင့်ဘိုင့်လို့ ပြောခဲ့တယ်ဆိုပြီး သူရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ရီပတ်ပလင်ကန် သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်ဟာ မက္ကဆီကိုနဲ့ နယ်စပ်မှာ စတီးတံတိုင်းဆောက်ဖို့ ဒေါ်လာ ၅.၇ ဘီလျံ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော်ကို အခုလထဲမှာ အမတ်နေရာ အများဆုံးနဲ့ ထိန်းချုပ်ထားတဲ့ ဒီမိုကရက်စ်လွှတ်တော် အမတ်တွေက သမ္မတတောင်းထားတဲ့ငွေကို အတည်ပြုပေးဖို့ ငြင်းဆန်ထားကြပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကွန်ဂိုရွေးကောက်ပွဲ

(၄) အတိုက်အခံ သမ္မတလောင်း Felix Tshisekedi အနိုင်ရသွားတဲ့ ကွန်ဂိုရွေးကောက်ပွဲ

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာတော့ သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံ သမ္မတလောင်း Felix Tshisekedi က အနိုင်ရသွားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

လက်ရှိမှာ မစ္စတာ Tshisekedi ဟာ မဲစုစုပေါင်းရဲ့ ၃၈.၅ ရာခိုင်နှုန်း (မဲအရေအတွက် ၇ သန်း) ရရှိထားတာကြောင့် ရွေးကောက်ခံသမ္မတအဖြစ် ကြေညာနိုင်တဲ့ အဆင့်ရောက်နေတယ်လို့ ကွန်ဂိုအမျိုးသားရွေး ကောက်ပွဲကော်မရှင်က ပြောပါတယ်။

မဲရလဒ်ကို နောက်ဆုံးအတည်ပြုနိုင်ပြီ ဆိုရင်တော့ မစ္စတာ Tshisekedi ဟာ ဘယ်ဂျီယံနိုင်ငံလက်ကနေ ၁၉၆ဝ ပြည့်နှစ်မှာ လွတ်လပ်ရေး ရပြီးကတည်းက အာဏာရလာမယ့် ပထမဆုံးအတိုက်အခံ ဖြစ်လာမှာပါ။

လက်ရှိသမ္မတ ဂျိုးဇတ် ခါဘီလာလည်း ၁၈ နှစ်ကြာ ရာထူးယူထားရာကနေ ဆင်းပေးရမှာပါ။

စစ်ပြန်စစ်မှုထမ်းဟောင်း အတိုက်အခံ နိုင်ငံရေးသမား Etienne Tshisekedi ရဲ့သားဖြစ်သူ မစ္စတာ Tshisekedi ကတော့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း

(၅) ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ရည်ရွယ်ချက် ဆက်လုပ်ဆောင်မယ်လို့ ကင်ဂျုံအွန်းပြော

တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ရဲ့ ဘေကျင်းမြို့မှာ အခုတပတ် ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ အသေးစိတ်တွေ ထွက်ပေါ်လာပါတယ်။

မစ္စတာကင်က သူဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ရည်ရွယ်ချက်ကို ဆက်လုပ်ဆောင်မယ်လို့ ပြောထားပြီး ရလဒ်တွေ ထွက်လာဖို့ သမ္မတဒေါ်နယ်ထရမ့်နဲ့ ဒုတိယ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ် လိုတယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနရဲ့ သတင်းမှာ ဖော်ပြပါတယ်။

သမ္မတရှီကျင့်ပင်ကတော့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အနေနဲ့ ဘုံသဘောတူညီချက် တစ်ခုရရှိနိုင်ဖို့ မျှော်လင့်ပြီး တဦးနဲ့တဦး တွေ့ဆုံကြတာဟာ လမ်းတဝက် ရောက်ပြီ ဖြစ်တယ်လို့ ပြောထားပါတယ်။