မူဆယ် ၁၀၅ မိုင်က ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်

တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ကျင်စန်းကျော့ဂိတ်က အသုံးပြုမှုများပြား ဓာတ်ပုံ မူပိုင် SAI KHIN MAUNG
Image caption တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ကျင်စန်းကျော့ဂိတ်က အသုံးပြုမှုများပြား

တရုတ် - မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်က ကျင်စန်းကျော့လမ်းကြောင်းကို ဒီကနေ့ မနက်မှာ ပြန်လည် အသုံးပြုခွင့် ပေးလိုက်တယ်လို့ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းထွဋ်လေးက ဘီဘီစီကို အတည်ပြုပါတယ်။

"လောလောဆယ် အခက်အခဲ အားလုံး အဆင်ပြေဖို့ ပြန်ဖွင့်ပေးတာ၊ သွားလာရေး လမ်းကြောင်း လွယ်ကူစေဖို့ ပြန် အသုံးပြုခွင့် ပေးတာပါ" လို့ ဗိုလ်မှူးကြီး ဝင်းထွဋ်လေးက ဆိုပါတယ်။

တရုတ်ဘက်ကို ကုန်တင်ပို့ရာမှာ မြန်မာကုန်သည်တွေဘက်က အဓိက အသုံးပြုနေရတဲ့ ကျင်စန်ကျော့ဂိတ် လမ်းကြောင်းကို တပ်မတော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်က စတင်ပြီး နှစ်ပတ်ကြာ ပိတ်ခဲ့ပါတယ်။

အဲဒီလို ပိတ်လိုက်တဲ့အတွက် တရုတ်ပြည်ဘက်ကို ရောင်းချဖို့ ကုန်ကားနဲ့ သယ်လာတဲ့ ဖရဲသီး၊ သခွားတွေ သောင်တင်ပြီး ပုပ်ကုန်လို့ သိန်းထောင်ချီ ဆုံးရှုံးခဲ့ရတယ်လို့ ဖရဲသီးသခွား ကုန်သည်တွေက ပြောပါတယ်။

ကျင်စန်ကျော့ဂိတ် ပိတ်လိုက်တဲ့အတွက် ကုန်တွေကို ပန်ဆိုင်း-ကြူဂုတ်လမ်း ဂိတ်ကနေ အသုံးပြု တင်ပို့ရပြီး အဲဒီဂိတ်ဟာ ခရီးအကွာအဝေးအရ အလှမ်းဝေးသလို လမ်းကလည်း ကျဉ်းမြောင်းလို့ ကုန်စည် စီးဆင်းမှု အခက်အခဲ ဖြစ်နေကြတာပါ။

ကျင်စန်းကျော့ဂိတ်ကို ပိတ်ခဲ့ရတာဟာ ဒီဇင်ဘာ ၂ ရက်က တရုတ် - မြန်မာနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် နှစ်နိုင်ငံ အငြင်ပွားစရာ ဖြစ်လာနိုင်လို့ လုံခြုံရေးကြောင့် ပိတ်ခဲ့ရတာလို့ ဗိုလ်မှူးကြီး ဝင်းထွဋ်လေးက ပြောပါတယ်။

" တရားဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းလည်း မဟုတ်လို့ ပိတ်ခဲ့တာပါ၊ နယ်စပ်ကုန်သွယ်ရေး ဆိုတာ နှစ်နိုင်ငံ အစိုးရချင်း နားလည်မှု စာချွန်လွှာ MOU လက်မှတ်ထိုး လုပ်ပေးရတာပါ။ ဂိတ်ဖွင့်တယ် မဆိုလိုဘူး၊ ကျင်စန်းကျော့ဂိတ်က အဲလို ဂိတ်မျိုး မဟုတ်ဘူး" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SAI KHIN MAUNG
Image caption ကျင်စန်းကျော့ဂိတ်ကနေ ဖြတ်သန်းနိုင်ဖို့ စောင့်နေတဲ့ ကုန်တင်ကားတွေ

ဂိတ်ပိတ်ထားချိန်က တစ်ယောက်မှ ဝင်ထွက်သွားလာလို့ မရပေမယ့် ဒီကနေ့မှာတော့ ဈေးသည်တွေ၊ လူတွေနဲ့ ကားလေးတွေ ဝင်ထွက်နေသလို ကုန်ပို့ပြီးသွားတဲ့ ကုန်တင်ယာဉ်တွေ ဂိတ်ကနေ ပြန်ဆင်းလာတာကို တွေ့ရတယ်လို့ မူဆယ် ၁၀၅ မိုင်က အရှေ့မြောက် တံခါးအများပိုင် ကုမ္ပဏီ မန်နေဂျာ ကိုနေမျိုးနိုင်က ပြောပါတယ်။

" ဖွင့်ပေးလိုက်ပြီ၊ ကန့်သတ်တာလည်း မကြားဘူး၊ မနက်ဖြန်ဆို သစ်သီတင်ကားတွေ အဲဂိတ်ကနေ စဝင်မယ်။ ကြန့်ကြာနေတာ မြန်သွားမှာဖြစ်လို့ တရုတ်ပြည်ထဲ ကုန်ကားတွေ များများဝင်နိုင်မယ်၊ ဒီဂိတ်က လမ်းလည်းတိုတယ်၊ လမ်းလည်းကောင်းတယ်၊ ပန်ဆိုင်း-ကြူဂုတ်လမ်း ဂိတ်က ၁၁ မိုင်ဝေးတယ်၊ လမ်းက ကျဉ်းတယ်၊ ကျင်စန်းကျော့ဂိတ်က ၇ မိုင်ပဲ ရှိတယ်" ကိုနေမျိုးနိုင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SAI KHIN MAUNG
Image caption ကျင်စန်းကျော့ဂိတ် ပိတ်ခဲ့လို့ ပျက်စီးသွားတဲ့ ဖရဲသီးတွေ

ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ပေးဖို့ နယ်စယ်ကုန်သည်နဲ့ သက်ဆိုင်ရာ ဒေသခံအာဏာပိုင်တွေက အစိုးရနဲ့ တပ်မတော်ကို တောင်းဆိုခဲ့ပါတယ်။

ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်ဖို့ ရည်ရွယ်ပြီး ဇန်နဝါရီ ၇ ရက်က တပ်မတော်၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ တရုတ်သံရုံးက တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။