အလဲဗင်းမီဒီယာနဲ့ ရန်ကုန်တိုင်းအစိုးရ အကြား ပြေလည်မှုရ

နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မနဲ့ Eleven Media သတင်းသမားတွေကို တရားစွဲဆို ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မနဲ့ Eleven Media သတင်းသမားတွေကို တရားစွဲဆို

အလဲဗင်းမီဒီယာမှာ ရေးသားဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ အလဲဗင်းမီဒီယာ အကြား နှစ်ဖက်တွေ့ဆုံ ဆွေးနွေးအပြီးမှာ ပြေလည်မှု ရရှိခဲ့တယ်လို့ သတင်းမီဒီယာ ကောင်စီက ပြောပါတယ်။

မြန်မာ သတင်းမီဒီယာကောင်စီ(MPC) ရဲ့ စေ့စပ်ပေးမှုနဲ့ ဒီကနေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အလဲဗင်းမီဒီယာ တာဝန်ရှိသူတွေ ကောင်စီရုံးခန်းမှာ တွေ့ဆုံခဲ့ရာက ပြေလည်မှု ရခဲ့တာလို့ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောပါတယ်။

" မျက်နှာစုံညီ ဆွေးနွေးတယ်၊ တစ်ဖက်က ဖြေရှင်းချက်ကို သတင်းမှာ ထည့်ရမယ်။ ဒါက မီဒီယာ ဥပဒေမှာ ပါပြီးသား၊ ဝန်ကြီးချုပ်က ရေးပြီး သူကိုပြန်ပြဖို့ တောင်းဆိုတယ်၊ သဘောတူညီချက် ယူဖို့တောင်းတယ်၊ စကားလုံး အသုံး ညှိကြမှာပေါ့။ အလဲဗင်းကလည်း သဘောတူတယ်" လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။

ဒီကနေ့ နှစ်ဖက်စလုံး သဘောတူ ဆွေးနွေးနိုင်ခဲ့လို့ တရားစွဲဖို့ မရှိတော့သလို ဆက်ပြီး အရေးယူဖို့လည်း မရှိတော့ဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။

"အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" ဆောင်းပါးနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရက အောက်တိုဘာလ ၉ ရက်က အလဲဗင်း သတင်းစာတိုက်ရဲ့ တာဝန်ခံအယ်ဒီတာ ၂ ယောက်နဲ့ သတင်းထောက်ချုပ်တို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆို ခဲ့တာပါ။

အလဲဗင်း သတင်းသမားတွေကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) အမှုနဲ့ ပတ်သတ်လို့ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၁၊ ၂၂၊ ၂၃ အရ နစ်နာတဲ့ အဖွဲ့အစည်း၊ ဌာန၊ ပုဂ္ဂိုလ်ဟာ အရင်ဦးဆုံး သတင်းမီဒီယာ ကောင်စီကို တိုင်ကြားပြီး တွေ့ဆုံညှိနှိုင်း ဖြေရှင်းဖို့ လိုတယ်လို့ သမ္မတက အောက်တိုဘာလ ၁၇ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစာထဲကအတိုင်း သတင်းမီဒီယာကောင်စီကို တိုင်ကြားပြီးမှ အဆင့်ဆင့် ဆောင်ရွက်ရေးအတွက် Eleven Media သတင်းသမား သုံးယောက်ကို တရားစွဲထားတဲ့ တရားလို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အောက်တိုဘာလ ၁၇ ရက်မှာ သတင်းမီဒီယာ ကောင်စီကို တိုင်ကြား ခဲ့ပါတယ်။

သမ္မတရဲ့ တိုက်တွန်းချက်အတိုင်း မြန်မာစာနယ်ဇင်းကောင်စီရဲ့ ကြားဝင်ဖြေရှင်းပေးမှုနဲ့ ရန်ကုန်တိုင်းအစိုးရနဲ့ အလဲဗင်း မီဒီယာအကြား ခုလို ပြေလည်မှု ရရှိတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
Eleven သတင်းစာဆရာတွေ အမှု ဘယ်လို ရင်ဆိုင်မလဲ