ဒေါ်အောင်ဆန်းစုကြည်ရဲ့ လန်ဒန်မြို့ ဂုဏ်ထူးဆောင် လွတ်လပ်ခွင့်ဆု ပြန်ရုပ်သိမ်းဖို့ စီစဉ်နေ အပါအဝင် ဇန်နဝါရီ ၁၁ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ပူတာအိုဒေသခံတွေနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

(၁) ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ လန်ဒန်မြို့ရဲ့ ဂုဏ်ထူးဆောင် လွတ်လပ်ခွင့်ဆု ပြန်ရုပ်သိမ်းဖို့ စီစဉ်နေ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရဲ့ ဂုဏ်ထူးဆောင် လွတ်လပ်ခွင့်ဆုကို ရုပ်သိမ်းဖို့ အစီအစဉ် အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့က လန်ဒန်မြို့တော်ကောင်စီဝင်တွေ မဲခွဲ ဆုံးဖြတ်ရမှာ ရုပ်သိမ်းတဲ့ ဘက်က အသာရခဲ့ပါတယ်။

လွတ်လပ်ခွင့်ဆု ကော်မတီအနေနဲ့ ဆုပြန်ရုပ်သိမ်းဖို့ စီစဉ်မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကြောင်းကြားစာ ပေးပို့မယ်လို့ လန်ဒန်မြို့တော်ကောင်စီ ပြောခွင့်ရသူက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြန်လည် တုံ့ပြန်မှု အပေါ် ထည့်သွင်းစဉ်းစားပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်မယ်လို့ သူက ဆိုပါတယ်။

ဒီဂုဏ်ထူးဆောင်ဆုကို ၂၀၁၇ မေလတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်မြို့တော်ကောင်စီ အနေနဲ့ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင် ရှုတ်ချကြောင်းနဲ့ မြန်မာပြည်ဆိုင်ရာ သံအမတ်ဆီကိုလည်း မြန်မာပြည်က လက်ရှိ အခြေအနေတွေ အပေါ် သူတို့ရဲ့ စိုးရိမ်ချက်ကို စာရေးသား ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

လန်ဒန်ရှိ မြန်မာသံရုံးက ဇန်နဝါရီလ ၁၁ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စာမှာတော့ City of London Corporation ရဲ့ ထုတ်ပြန်ချက်မှာပါရှိတဲ့ မြန်မာသံအမတ်ကြီး ထံ ပေးပို့ထားတယ် ဆိုတဲ့ စာကို လက်ခံရရှိခြင်း မရှိသေးဘူးလို့ ရေးသားထားပါတယ်။

(မှတ်ချက် -- ယခု သတင်းတိုကို ထပ်မံ ဖြည့်စွက် ပြင်ဆင်ထားပါသည်။)

ဓာတ်ပုံ မူပိုင် တနင်္သာရီဂျာနယ်
Image caption မဲဆွယ်အပြုံး သရော်စာဆောင်းပါး သရုပ်ဖော်ပုံ

(၂) တနင်္သာရီ ဂျာနယ်အမှု ဇန်နဝါရီ ၂၄ ရက် အမိန့်ချမယ်

မဲဆွယ်အပြုံး သရော်စာဆောင်းပါး ဖော်ပြခဲ့လို့ တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားတဲ့ တနင်္သာရီ ဂျာနယ် အမှုကို လာမယ့် ဇန်နဝါရီလ ၂၄ ရက်မှာ အမိန့်ချမယ်လို့ တနင်္သာရီ ဂျာနယ် တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

ထားဝယ်မြို့နယ် တရားရုံးမှာ မနေ့က ပြုလုပ်ခဲ့တဲ့ ၃၃ ကြိမ် မြောက် ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် ပေးခဲ့အပြီး အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုမျိုးအောင်က ပြောပါတယ်။

" ကျွန်တော်အပါအဝင် ဂျာနယ်ဘက်က သက်သေ ၇ ယောက်ရယ်၊ တရားစွဲတဲ့ တိုင်းအစိုးရဘက်က အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး အပါအဝင် ၃ ယောက်ကို စစ်ဆေးခဲ့ပြီးလို့ မနေ့က နှစ်ဖက် လျှောက်လဲချက် ပေးတယ်၊ လာမယ့်ရုံးချိန်းမှာ အမိန့်ချမယ်၊ မီဒီယာဥပဒေနဲ့ စွဲဆိုတာဖြစ်လို့ အပြစ်ရှိတယ်လို့ အမိန့်ချရင် ဒဏ်ကြေး ပေးဆောင်ရမယ်" လို့ ကိုမျိုးအောင်က ဆိုပါတယ်။

တနင်္သာရီဂျာနယ် အပတ်စဉ် အတွဲ ၅ အမှတ် ၁၇ မှာ ဖော်ပြခဲ့တဲ့ ကလောင်ရှင် မူးဆေးအိုး ရေးသားတဲ့ "မဲဆွယ်အပြုံး" သရော်စာ ဆောင်းပါးဟာ တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ ဆိုပြီး ဂျာနယ်ကို သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) နဲ့ အရေးယူပေးဖို့ တိုင်းအစိုးရအဖွဲ့ရုံး ဒုတိယ ညွှန်ကြားရေးမှုးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်က ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption ရုံးထုတ်စစ်ဆေးမှုတခုမှာ တွေ့ရတဲ့ ဒေါက်တာအေးမောင်

(၃) ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့အမှု ပလပ်ခံရ

အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်နဲ့ ရခိုင်စာရေးဆရာ ဝေဟင်အောင်တို့ကို စွဲချက်တင်ထားတဲ့ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ကို ပယ်ဖျက်ပေးဖို့ လျှောက်ထားချက်ကို ရခိုင်ပြည်နယ် တရားလွှတ်တော်ကနေ ဇန်နဝါရီလ ၁၀ ရက်နေ့က ပလပ်လိုက်ပါတယ်။

ရသေ့တောင်မြို့မှာ စာပေဟောပြောပွဲအတွင်း ပြောကြားသွားတဲ့ အချက်တွေဟာ နိုင်ငံတော်ကို ထိခိုက်တယ်ဆိုပြီး သူတို့တွေကို နိုင်ငံတော် ပုန်ကန်မှု ရာဇသတ် ပုဒ်မ ၁၂၂ နဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုထားတဲ့အပေါ် မကျေနပ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြည်နယ် တရားလွှတ်တော်ရုံးကို လျှောက်လဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပလပ်ခံရတဲ့အတွက် မူလတရားရုံးဖြစ်တဲ့ စစ်တွေခရိုင်တရားရုံးမှာ စွပ်စွဲခံထားရတဲ့ ပုဒ်မ နှစ်ခုနဲ့ ဆက်လက် အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တက္ကဆက်ပြည်နယ်နယ်စပ်ရောက် သမ္မတထရမ့်

(၄) တံတိုင်းဆောက်ဖို့ ကွန်ဂရက်စ်လွှတ်တော်ရဲ့အတည်ပြုချက်မယူဘဲ အမျိုးသားအရေးပေါ် အခြေအနေ ကြေညာမယ်လို့ သမ္မတထရမ့်ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယ်စပ်မှာ တံတိုင်းဆောက်မယ့် သူ့အစီအစဉ်အတွက် တောင်းထားတဲ့ ရန်ပုံငွေရဖို့ ကွန်ဂရက်စ်လွှတ်တော်ရဲ့ အတည်ပြုချက် မယူဘဲ နိုင်ငံတော် အဆင့် အရေးပေါ် အခြေအနေ ကြေညာမယ်လို့ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

တံတိုင်းဆောက်ဖို့ ရန်ပုံငွေကို ကွန်ဂရက်စ်လွှတ်တော်က အတည်မပြုဘူးဆိုရင် အရေးပေါ် အခြေအနေ ကြေညာနိုင်ခွင့် သူ့မှာ ရှိတယ်လို့လည်း သမ္မတထရမ့်က တက္ကဆက်ပြည်နယ်နယ်စပ်ကို သွားရောက်ချိန်မှာ ပြောလိုက်တာပါ။

အမေရိကန် အောက်လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ ဒီမိုကရက်ပါတီ အမတ်တွေကတော့ သမ္မတ တောင်းထားတဲ့ ရန်ပုံငွေကို အတည်ပြုပေးဖို့ ငြင်းဆိုထားပါတယ်။

ဒီလို အတည်မပြုနိုင်တာကြောင့် အစိုးရဌာန တချို့ပိတ်ထားရတာ သီတင်း ၃ ပတ်ထဲ ဝင်ရောက်လာပါပြီ။

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ Jerome Powell က တော့ အစိုးရယန္တရား ပိတ်ထားရတာဟာ အမေရိကန် စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ

(၅) ဗြိတိန် အီးယူကနေ နုတ်ထွက်တဲ့အခါ သဘောတူညီချက်ရပြီးထွက်တာ မြင်ချင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်ပြော

ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ(EU)ကနေ နုတ်ထွက်တဲ့အခါ သဘောတူညီချက်ရပြီးထွက်တာကို တစ်ကမ္ဘာလုံးက မြင်ချင်ကြတယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် အာဘေးဟာ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို ပြောလိုက်တာပါ။ ဒါအ့ပြင် ဝန်ကြီးချုပ်မေနဲ့ အီးယူတို့ ညှိနှိုင်းရရှိထားတဲ့ သဘောတူညီချက်ကိုလည်း ထောက်ခံတယ်လို့ ဝန်ကြီးချုပ်အာဘေးက ပြောပါတယ်။

ဝန်ကြီးချုပ် အာဘေးနဲ့ ဝန်ကြီးချုပ် မေတို့ဟာ ဗြိတိန် နုတ်ထွက်ထွက်ပြီးတဲ့နောက် ဂျပန်နဲ့ ဗြိတိန်ကြား နှစ်နိုင်ငံ သဘောတူညီချက် ရဖို့ ဂျပန်နဲ့ အီးယူ အကြား ကုန်သွယ်ရေး သဘောတူညီချက် ဖော်ဆောင်ရေးကိုလည်း သဘောတူ ခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် အာဘေး ဂျပန်နိုင်ငံအနေနဲ့ ဗြိတိန်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ဖော်ဆောင်သွားမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်သွားမယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ်မေကတော့ အီးယူကနေ ဗြိတိန်နှုတ်ထွက်တာဟာ သက်ဆိုင်ရာနိုင်ငံတွေအတွက် ဆက်ဆံရေးပိုခိုင်မာအောင်လုပ်ဖို့ အခွင့်အလမ်း တစ်ရပ်လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ