ရတနာပုံတက္ကသိုလ်က ဗကသကျောင်းသား ၇ ယောက်ကို ပုဒ်မတစ်ခု ထပ်တိုးအမှုဖွင့်

မိတ္ထီလာ နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဆန္ဒပြ ဓာတ်ပုံ မူပိုင် မိတ္ထီလာ နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
Image caption ရတနာပုံ ဗကသ ကျောင်းသားတွေ ဖမ်းခံရမှုကို ကန့်ကွက်တဲ့အနေနဲ့ မိတ္ထီလာ နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဆန္ဒပြ

နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် အခြားပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရတနာပုံတက္ကသိုလ်က ဗကသ ကျောင်းသား ၇ ယောက်ကို ဒီကနေ့ ရုံးချိန်းမှာ ပုဒ်မ ၁၉ ထပ်တိုး အမှုဖွင့်လိုက်ပါတယ်။

" ဒီနေ့ တရားရုံးမှာ သူတို့ ၇ ယောက်လုံးကို ဆန္ဒပြတာ ငြိမ်းစုစီ မတင်လို့ အပြစ်ရှိလား မရှိဘူးလားဆိုပြီး တရားသူကြီးက မေးတယ်။ သူတို့တွေက ဘာမှ မဖြေဘူး။ အဲဒါနဲ့ ပုဒ်မ ၁၉ ထပ်တိုး တရားစွဲလိုက်တာ" လို့ ဒီကနေ့ ရုံးချိန်းကို သွားရောက်ခဲ့တဲ့ ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုနောင်ထက်အောင်က ပြောပါတယ်။

ရတနာပုံတက္ကသိုလ် ကျောင်းသားတစ်ဦး ဒီဇင်ဘာ ၂၅ ရက်က လုယက်သတ်ဖြတ်ခံရပြီးနောက် ကျောင်းသားတွေအတွက် လုံခြုံရေးဝန်ထမ်း တိုးမြှင့်ချထားရေးဖို့နဲ့ သန့်ရှင်းရေးဝန်ထမ်း ခန့်ထားပေးဖို့ သူတို့တွေကတောင်းဆိုခဲ့ကြပါတယ်။

သူတို့တွေ အကြိမ်ကြိမ် တောင်းဆိုခဲ့တာကို တာဝန်ရှိသူတွေက လျစ်လျူရှုလို့ဆိုပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရ တာဝန်ရှိသူတချို့နဲ့ ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်တို့ရဲ့ ဓာတ်ပုံတွေကို ကျောင်းသားတွေက တက္ကသိုလ်ကျောင်းဝင်းထဲမှာ ဒီဇင်ဘာ ၂၈ ရက်က မီးရှို့ဆန္ဒပြရာမှ ခုလို ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ ဝတ္တရားနှောင့်ယှက်မှုစတဲ့ ပုဒ်မ ၅၀၅ (ခ)၊ ၄၃၅၊ ၁၁၄ တွေနဲ့ အမရပူရ မြို့နယ် တရားရုံးက တရားစွဲပြီး သူတို့တွေကို အိုးဘိုအကျဉ်းထောင်မှာ ဖမ်းထားပါတယ်။

ဒီကနေ့ တရားရုံးထုတ် စစ်ဆေးမှုကို ရန်ကုန်၊ လားရှိုး၊ ပခုက္ကူ၊ မိတ္တီလာနဲ့ ရမည်းသင်း တက္ကသိုလ် အပါအဝင် တက္ကသိုလ် ၃၁ ခု က ဗကသ ကျောင်းသားကိုယ်စားလှယ်တွေ ဦးဆောင်ပြီး လာရောက်အားပေးခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့မှာပဲ ဗကသ ကျောင်းသားကိုယ်စားလှယ်တွေ ဦးဆောင်ပြီး အမရပူရမြို့နယ် တရားရုံးကနေ အာဇာနည်ကုန်းကို ချီတက်လမ်းလျှောက်ခဲ့သလို အာဇာနည်ကုန်းကနေ မဟာမုနိဘုရားထိ လမ်းလျှောက် ဆန္ဒပြ လှုပ်ရှားခဲ့တယ်လို့ ကိုနောင်ထက်အောင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
Image caption ရတနာပုံတက္ကသိုလ် သမဂ္ဂအဖွဲ့အမှုဆောင်တွေကို ဝန်ကြီးချုပ် ကျမ်းကျိန်ပေးခဲ့စဉ်က

ဒီနေ့ ရုံးထုတ်စစ်ဆေးမှုကို ရတနာပုံ တက္ကသိုလ်က တာဝန်ရှိသူတွေ လာရောက်တာ မရှိဘူးလို့လည်း ဆိုပါတယ်။

ဖမ်းခံထားရတဲ့ ကျောင်းသားတွေကတော့ မြို့ပြင်ရောက်နေတဲ့ တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ လုံခြုံရေးနဲ့ ကျောင်းလုံခြုံရေး တွေမှာ အာမခံပေးနိုင်ရင် သူတို့တွေကို ဘယ်လောက်ပဲ ထောင်ထဲချုပ်ပါစေ ရင်ဆိုင် နေသွားမယ်လို့ ရုံးချိန်းစစ်ဆေးအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

ရတနာပုံတက္ကသိုလ် တည်ရှိတဲ့ အမရပူရမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက အခုဖြစ်နေတဲ့ ပြဿနာက သူတို့အချင်းချင်း ဖြေရှင်းရမယ့် ကိစ္စဖြစ်နေတယ်။ ဥပဒေပိုင်းဆိုင်ရာတွေကလည်း သက်ဆိုင်ရာက လုပ်ခဲ့တာဆိုတော့ ဝင်စွက်ဖက်လို့ မရဘူး။ ကျောင်းသားတွေဘက်က အကူအညီ တောင်းခံလာရင်တောါ တိုင်းအစိုးရဆီ တင်ပြပြောဆိုမယ်လို့ ပြောပါတယ်။

မနေ့ကလည်း မိတ္ထီလာခရိုင် ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဖမ်းခံထားရတဲ့ ရတနာပုံ ဗကသ ကျောင်းသားများ ခေါင်းဆောင်တွေကို ချက်ချင်းလွှတ်ပေးဖို့ မိတ္ထီလာ နည်းပညာ တက္ကသိုလ်ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ