ရိုက်တာအမှုအယူခံ တိုင်းတရားရုံးပယ်ချ

ရိုက်တာသတင်းထောက်တွေကို ရုံးထုတ်လာစဉ် ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာသတင်းထောက်တွေကို ရုံးထုတ်လာစဉ်

နိုင်ငံတော်လျှို့ဝှက်ချက် အက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံအမှုကို ရန်ကုန်တိုင်းဒေသကြီး တရားရုံးက ပယ်ချလိုက်ပါတယ်။

သတင်းထောက် ၂ ဦးအပေါ် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးခဲ့တဲ့ သက်သေအထောက်အထားတွေနဲ့ ထောင်ဒဏ် ၇ နှစ်ပြစ်ဒဏ်အမိန့်ဟာ ခိုင်လုံတယ်ဆိုပြီးတော့ အမှု အယူခံကို တိုင်းတရားရုံးက ပယ်ချလိုက်တာပါ။

ဒါကြောင့် သူတို့တွေဟာ ယခင် ခရိုင်တရားရုံးက ချမှတ်ထားတဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်အတိုင်း ကျခံရမှာ ဖြစ်ပါတယ်။

အယူခံတင်သွင်းမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားရုံးမှာ နှစ်ဖက်ရှေ့နေ တွေရဲ့ လျှောက်လဲချက်ကို ကြားနာစစ်ဆေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာသတင်းထောက်တွေကို ရုံးထုတ်လာစဉ်

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာ လူသတ်မှု သတင်းအတွက် အချက်အလက်တွေ ရှာဖွေနေစဉ်ပဲ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်မှာ ရဲတပ်ဖွဲ့ဝင်တွေက မင်္ဂလာဒုံမြို့နယ်က စားသောက်ဆိုင်မှာ တွေ့ဆုံဖို့ ခေါ်ယူခံခဲ့ရပြီး အဲဒီမှာပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အခုဆိုရင် သတင်းထောက် ၂ ယောက် အဖမ်းခံထားရတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။

လတ်တလောမှာလည်း သူတို့လွတ်မြောက်ရေးအတွက်လည်း မိသားစုတွေအပါအဝင် မီဒီယာတွေနဲ့ အရပ်ဖက်အဖွဲ့တချို့က ပြည်တွင်းပြည်ပမှာ လှုပ်ရှား တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ တိုင်းမ် မဂ္ဂဇင်းရဲ့ ၂၀၁၈ ခုနှစ်အတွက် အသိအမှတ် ပြုထိုက်တဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ် အမည်စာရင်း Person of the Year စာရင်းမှာလည်း ကမ္ဘာတစ်ဝန်းက ဖမ်းဆီးခံ၊ သတ်ဖြတ်ခံ သတင်းထောက်တွေနဲ့အတူ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ထည့်သွင်းခံခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာ သတင်းထောက် ကိုဝလုံးရဲ့ဇနီးနဲ့ ဘီဘီစီ တွေ့ဆုံ

ဒီသတင်းနဲ့ပတ်သက်သမျှ