ကုလရုံးချုပ်မှာ အဖြူအစိမ်းဝတ်ပြီး ကျောင်းသားနိုဘယ်ဆု ယူခဲ့ကြသူတွေ

ဓာတ်ပုံ မူပိုင် Rice Inc. FB Page
Image caption အဖြူအစိမ်းဝတ်ပြီး ဆုယူကြသူတွေ

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလယ်တုန်းက ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ဆုချီးမြှင့်ပွဲ တစ်ခုဟာ မြန်မာနိုင်ငံနဲ့ တိုက်ရိုက် သက်ဆိုင်နေခဲ့ပေမယ့် ပြည်တွင်းမှာ အာရုံစိုက် သတိထားမိသူ နည်းခဲ့ပါတယ်။

ဟုလ်ထ်ပရိုက်ဇ် ဖောင်ဒေးရှင်း Hult Prize Foundation က ပေးတဲ့ ဒေါ်လာ ၁ သန်းတန် ဆုပါ။

နိုင်ငံတကာ ကျောင်းသားကျောင်းသူ အယောက် တစ်သိန်းကို လောကအကျိုးပြု ဘာတွေ စွမ်းဆောင်နိုင်မလဲ ဆိုတာ ကိုယ်စီ ပရောဂျက်တွေ ယှဉ်ပြိုင် လုပ်ကိုင်စေရင်း တစ်နှစ်ပတ်လုံး အကဲဖြတ် သုံးသပ်ပြီး အနိုင်ရတဲ့ အဖွဲ့ကို ကြေညာတာ ဖြစ်ပါတယ်။

၂ဝ၁၈ အတွက် ဆန်ကာတင် ၆ ဖွဲ့ ရှိပြီး နိုင်တဲ့အဖွဲ့ကတော့ ရိုက်စ်အင့် Rice Inc. လို့ ကြေညာလိုက်တဲ့ အခါ ဆုယူဖို့ လူငယ်လေး လေးယောက်ဟာ နုနယ်ပျိုမြစ်တဲ့ မျက်နှာလေးတွေနဲ့ စင်ပေါ်တက်လာကြပါတယ်။

ကောင်လေးနှစ်ယောက်၊ ကောင်မလေးနှစ်ယောက်ပါ။ သူတို့ဟာ မြန်မာနိုင်ငံက ကျောင်းသားလေးတွေလိုပဲ အဖြူ အစိမ်း ဝတ်စုံလေးတွေ ဝတ်ထားကြပါတယ်။

ရိုက်စ်အင့် လုပ်ငန်း ပရောဂျက်ဟာ မြန်မာနိုင်ငံထဲ အခြေချထားပေမယ့် ပါဝင်ကြတဲ့ လူငယ်လေးတွေကတော့ မြန်မာနိုင်ငံသားတွေ မဟုတ်ပါဘူး။

ပရောဂျက်ထဲ စုစုပေါင်း လူငယ် ၇ ယောက် ပါဝင်ပြီး မလေးရှား၊ လာအို၊ ဟောင်ကောင်နဲ့ ချက်နိုင်ငံတွေက ကျောင်းသား ကျောင်းသူလေးတွေပါ။

သူတို့ဟာ အဲဒီ ပရောဂျက်ကို ၂ဝ၁၈ မတ်လ ကတည်းက ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နား လာပြီး အခြေချခဲ့တာ ဖြစ်ပါတယ်။

ဇီဝဆေးသိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ စိတ်ပညာ စသဖြင့် ပညာရပ် နောက်ခံ အမျိုးမျိုးက လာကြတဲ့ လူငယ်လေးတွေ စုပေါင်းပြီး ပဲခူးတိုင်းထဲ ဘယ်လို ပရောဂျက်များ လာလုပ်တာလဲ၊ ဘယ်လို လောက အကျိုးပြုနိုင်တာလဲ၊ ကြည့်ရအောင်ပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဆန်ကို စျေးကောင်းရချိန်အထိအောင် မစောင့်နိုင်

လယ်သမားတွေရဲ့ အကြွေးသံသရာ

မြန်မာလယ်သမားတွေ ကြုံလေ့ရှိတဲ့ အဓိက အခက်အခဲတစ်ရပ်ကို ကူညီဖြေရှင်း ပေးနိုင်ဖို့ အဲဒီ နိုင်ငံတကာ ကျောင်းသားလေးတွေ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ လယ်သမားတွေဟာ စပါးပေါ်ပြီး ခွဲပြီးတဲ့အခါ ဆန်ကို ခြောက်သွေ့အောင် မိရိုးဖလာနည်းဖြစ်တဲ့ နေရောင်နဲ့ သွေ့ပြီးမှ ရောင်းချင်ရောင်း၊ ဒါမှမဟုတ် အစိုအတိုင်းပဲ အောက်စျေးနဲ့ ချက်ခြင်း ရောင်းထုတ်ချင် ရောင်းထုတ် နည်းနှစ်သွယ်ပဲ ရှိနေခဲ့တယ်လို့ ရိုက်စ်အင့်အဖွဲ့ဝင် လင်ကွန်းက ဆိုပါတယ်။

ဆန်အစိုတွေဆို စျေးကောင်း မရသလို၊ သဘာဝ နေရောင်အောက် လှမ်းတဲ့ အခါမှာလည်း အလေအလွင့်များပြီး အရည်အသွေး ညံ့တာပဲမို့ စျေးကောင်း မရ ဖြစ်ရတာပဲလို့ သူက ဆိုပါတယ်။

အခုနှစ်ပိုင်းတွေမှာ မုန်တိုင်းဝင်လို့ မိုးကြီး ရေလျှံပြီး စပါးခင်း ပျက်ရတာတွေ အဖြစ် စိတ်လာတာကြောင့် လက်ထဲ ရောင်းဖို့ ဆန်စပါး ရှိနေနိုင်တဲ့ နှစ်ဆိုရင် အခြေအနေ မဆိုးလှဘူးလို့ ပြောရမလိုတောင် ဖြစ်နေကြောင်း ရိုက်စ်အင့် အဖွဲ့က သဘောပေါက်ကြပါတယ်။

တခါ တောင်သူလယ်သမားတွေဟာ ဆန်စျေး၊ စပါးစျေး တက်ချိန်ထိအောင် အချိန်စောင့် လှောင်ထားဖို့ မတတ်နိုင်ကြပါဘူး။ စိုက်ပျိုးရာသီ အစကတည်းက ယူထားနှင့်ပြီးတဲ့ စိုက်စားရိတ် ပျိုးစားရိတ် အကြွေးတွေကို ဆပ်ဖို့ရာ မြန်မြန်ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။

မြန်မာလယ်သမားတွေ နစ်နေကြတဲ့ အကြွေးသံသရာဟာ ကြောက်ဖို့ ကောင်းလှတယ်လို့ လင်ကွန်းက ပြောပြီး တစ်ဘက်တစ်လမ်းက ဘယ်လို ကူနိုင်မလဲလို့ သူတို့ စဉ်းစား ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Rice Inc.
Image caption ရိတ်သိမ်းချိန်အလွန် လေလွင့် ဆုံးရှုံးမှုကို လျှော့ချပေးမယ်

ဘယ်လို ဝန်ဆောင်မှုပေးမှာလဲ

ရိုက်စ်အင့်က မြန်မာလယ်သမားတွေကို ဝန်ဆောင်မှုတစ်ခု ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လယ်သမားတွေက သူတို့ ဆန်တွေကို ရိုက်စ်အင့်လက်ထဲ လာအပ်ရင် အလေအလွင့် အနည်းဆုံးနဲ့ ခြောက်သွေ့အောင် နည်းပညာသုံး လုပ်ဆောင် ပေးတာ ဖြစ်ပါတယ်။

ဒီတော့ ရိတ်သိမ်းချိန် အလွန် လေလွင့် ဆုံးရှုံးမှုကို လျှော့ချပေးပြီး လယ်သမားတွေရဲ့ ဝင်ငွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ရိုက်စ်အင့်ဟာ ဆန်သွေ့စက်တွေကို နိုင်ငံတကာမှာ သုံးနေတဲ့ နည်းပညာတွေ အတိုင်း တည်ဆောက်ပြီး လယ်သမားတွေကို အခမဲ့ ဝန်ဆောင်မှု ပေးမယ်လို့ ဆိုပါတယ်။

ဒီတော့ လယ်သမားတွေ အတွက်လည်း အလေအလွင့်နည်းလို့ အကျိုးအမြတ် ပိုလာမှာ ဖြစ်သလို၊ ဆန်ကို အစိုအတိုင်း ချရောင်းတာ မဟုတ်တဲ့ အတွက်လည်း ငွေပိုရနိုင့်ဖို့ မျှော်လင့်ပါတယ်။

ဓာတ်ပုံ မူပိုင် Rice Inc.
Image caption ဆန်စိုထိုင်းစ လျှော့ပေးနိုင်ရင် စျေးကောင်းရမယ်

ရိုက်စ်အင့် အနေနဲ့ကကတော့ စိုထိုင်းမနေတော့တဲ့ ဆန်ဆိုရင် ပိုပေးရတဲ့ ပေါက်စျေးအတိုင်း ပေးဝယ်ပြီး သိုလှောင်ထား၊ စျေးကောင်းလာတဲ့ အခါမှ နိုင်ငံခြား တင်မယ့်သူတွေ လက်ထဲ ပြန်ရောင်း ထုတ်မယ်လို့ ဆိုပါတယ်။

ပထမတော့ ဆန်ကို ခြောက်သွေ့ပေးတဲ့ လုပ်ငန်းကိုပဲ အခကြေးငွေ ယူပြီး လုပ်ရမလား ဆိုတာ သူတို့ စဉ်းစားခဲ့ကြပါသေးတယ်။

ဒါပေမယ့် ခြောက်သွေ့စက် တစ်လုံးကို ဒေါ်လာ တစ်သောင်းလောက်ထိ ရင်းနှီး မြှုပ်နှံရတာကြောင့် အဲဒီ အရင်းကို ကာမိနိုင်တဲ့ စျေးမျိုး လယ်သမားတွေ ဆီက တောင်းရင် လယ်သမားတွေ တတ်နိုင်မှာ မဟုတ်ဘူးလို့ သူတို့က ဆိုပါတယ်။

ဒီတော့ ဆန်ကို ခြောက်သွေ့ ပေးတာကို အခမဲ့ ဝန်ဆောင်ပေးပြီးမှ သူတို့က ဆန်ကိုပြန်ဝယ်၊ လှောင်ပြီးမှ တက်စျေးနဲ့ ပြန်ရောင်းပြီး လုပ်ငန်းကို လည်ပတ်မှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာလည်း ဒရိုင်ယာ အခြောက်ခံစက်တွေ တည်ဆောက်လာကြတဲ့ လုပ်ငန်းရှင် တချို့ ရှိလာပေမယ့် နိုင်ငံတကာ အာမခံချက်ရထားတဲ့ စက်မျိုးတွေ မဟုတ်ကြလို့ ဆန်ကို အရည်အသွေး ပိုပျက်သွားနိုင်တဲ့ အန္တရာယ်မျိုး တစ်ဘက်မှာ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Rice Inc.
Image caption ပဲခူးတိုင်းထဲ ရောက်လာကြတဲ့ နိုင်ငံတကာ ကျောင်းသားတွေ

ရိုက်စ်အင့်ကို ဘာလို့ ရွေးတာလဲ

စိုထိုင်းဆကို ဘယ်လောက် ဖယ်ရှားနိုင်သလဲ ဆိုတဲ့ အပေါ် မူတည်ပြီး ဆန်စျေးအရ ကွာတာကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံခြားကုမ္ပဏီ ဆိုလို့ မြန်မာပြည်ထဲ ရိုက်စ်အင့်တစ်ခုပဲ ရှိနေတယ်လို့ ဆုရွေးချယ်သူတွေက ဆိုပါတယ်။

ဒါ့ကြောင့် ရိုက်စ်အင့်ရဲ့ ကြိုးစားမှုဟာ စွန့်ဦးတီထွင်လုပ်ငန်း အဖြစ်လည်း သတ်မှတ် နိုင်တယ်လို့ ဆိုပါတယ်။

ဟော့လ်ထ်ပရိုက်ဇ်ဆုအတွက် ၂ဝ၁၈ ဆန်ကာတင်စာရင်း နောက်ဆုံး အဆင့်ထဲ ပါတဲ့ နေ့မှာပဲ ရိုက်စ်အင့်ဟာ သူတို့ရဲ့ ပထမဆုံးစက်ကို စလည်ခဲ့ပါတယ်။

ရိုက်စ်အင့်ဟာ လက်ရှိမှာတော့ အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ဆိုရှယ် အင်တာပရိုက်စ် လုပ်ငန်း ဖြစ်ပါတယ်။

ကုန်သွယ်ရေး မဟာဗျူဟာတွေ ချမှတ်ပြီး ငွေရေးကြေးရေးအရ သာမက သဘာဝ ပတ်ဝန်းကျင် အရေးနဲ့ လူမှုအသိုင်းအဝိုင်း ကောင်းကျိုးအတွက် ရည်ရွယ်တဲ့ လုပ်ငန်းမျိုးကို ဆိုရှယ် အင်တာပရိုက်စ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာလည်း လုပ်ငန်းမှတ်ပုံတင်မယ်လို့ ဆိုပါတယ်။

သူတို့ အဖွဲ့ဟာ အဓိက အားဖြင့်တော့ အရှေ့တောင်အာရှ ဒေသတွင်း ဆန်အလေအလွင့် လျှော့ချပေးနိုင်ဖို့ နည်းလမ်းတွေ ကြိုးစားရှာဖွေကြမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စုစည်းထားကြတာ ဖြစ်ပြီး၊ နိုင်ငံတကာ ပညာရေးလောကထဲက ဆုတချို့လည်း ရရှိ ထားနှင့်ပြီးတဲ့ အဖွဲ့ဖြစ်ပါတယ်။

၂ဝ၁၈ ဟုလ်ထ်ပရိုက်ဇ် ရဖို့ အတွက် ဆန်ကာတင်စာရင်းထဲ ပါခဲ့တဲ့ တခြားပြိုင်ဘက်တွေကို ကြည့်ရင် နေရောင်ခြည်သုံး စွမ်းအင် နည်းပညာ သုံးပြီး နယ်ပယ် အရပ်ရပ်မှာ အသုံးချဖို့ ကြိုးစားနေတဲ့ အဖွဲ့တွေများပြီး၊ ကျောင်းသူလေးတွေ သီးသန့်ပါတဲ့ အဖွဲ့တစ်ခုဆိုရင် ကမ်းရိုးတန်း ဒေသတွေမှာ ရေညှိကို စီးပွားဖြစ် မွေးမြူကာ ပလတ်စတစ် အစားထိုး ပစ္စည်းတွေ ထုတ်လုပ်မယ့် စီမံကိန်းမျိုးလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် Rice Inc.
Image caption ၂ဝ၂၅ အမီ လူ ၁ဝ သန်းရဲ့ ဘဝတွေ ပြောင်းလဲပေးနိုင်ရေး ရည်မှန်းချက် ကြီးကြီးထားသူတွေ

ဟုလ်ထ်ပရိုက်ဇ်ဆု သို့မဟုတ် ကျောင်းသားတွေအတွက် နိုဘယ်ဆု

ဆွီဒင် ဘီလီယံနာကြီး ဟုလ်ထ်ရဲ့မိသားစုက မတည်ပြီး ၂ဝ၁၀ က စလို့ ဟုလ်ထပရိုက်ဇ် ဆုတွေ ပေးလာခဲ့တာပါ။

ဟုလ်ထ် နိုင်ငံတကာ စီးပွားရေးကျောင်းနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းလုပ်တဲ့ ဒီ အစီအစဉ်မှာ ဒီနေ့ခေတ် လူသားတွေ ကြုံတွေ့နေရတဲ့ စွမ်းအင်ပြဿနာနဲ့ စားနပ်ရိက္ခာဖူလုံရေးတို့လို အရေးကိစ္စတွေကို ကူညီဖြေရှင်းဖို့ ရည်ရွယ်ပါတယ်။

နိုင်ငံတကာ ကျောင်းသားတွေကြားထဲ နိုဘယ်ဆု ရသလောက် ဂုဏ်သိက္ခာ ကြီးတာမို့ ကျောင်းသားအဆင့် နိုဘယ်ဆုလို့ တင်စားခေါ်ကြပါတယ်။

ဘယ်ခေါင်းစဉ်အောက် ပြိုင်ကြမလဲဆိုတာ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်က နှစ်စဉ် ရွေးချယ်ပြီး၊ ဘယ်အဖွဲ့နိုင်သလဲ ဆိုတာလည်း ကြေညာပေးပါတယ်။

၂ဝ၁၈ အတွက်ကတော့ စွမ်းအင်ဆိုင်ရာ တီထွင်ကြံဆမှုတွေနဲ့ ၂ဝ၂၅ အမီ လူ ၁ဝ သန်းရဲ့ ဘဝတွေ ပြောင်းလဲပေးနိုင်ရေး ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။

နိုင်ငံပေါင်း တစ်ရာ့နှစ်ဆယ်ကျော်က တက္ကသိုလ်နဲ့ကောလိပ်ကျောင်းသား တစ်သိန်းဝန်းကျင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။

အနိုင်ရခဲ့တဲ့ ရိုက်စ်အင့်အဖွဲ့က လူငယ်တော်တော်များများဟာ အခု ၂ဝ၁၉ ထဲမှာ အသီးသီး ဘွဲ့ရကြတော့မှာ ဖြစ်ပါတယ်။

ဒီတော့ ရရှိထားတဲ့ ဆုကြေး ဒေါ်လာ ၁ သန်းကို ဘယ်လို အသုံးချမလဲ ဆိုတာ လာမယ့် သီတင်းပတ်တွေ အတွင်း ဆုံးဖြတ် သွားကြရတော့မှာပါ။

ဒီတော့ သူတို့လုပ်ငန်းကို မြန်မာနိုင်ငံထဲပဲ အာရုံစိုက် တိုးချဲ့မလား၊ တခြား အရှေ့တောင်အာရှ နိုင်ငံတွေထိပါ ခြေဆန့်မလားဆိုတာ ဆုံးဖြတ်ဖို့ နိုင်ငံတကာ ဆန် သုတေသန အင်စတီကျူ့ IRRA နဲ့ တိုင်ပင် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။