ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေ ဆုံးရှုံးခဲ့ကြောင်း အေအေ အတည်ပြု

ဓာတ်ပုံ မူပိုင် Arakan Army
Image caption ရခိုင်ပြည်နယ်ထဲ အခြေချဖို့ ဆုံးဖြတ်ထားတဲ့ အေအေ

အေအေအဖွဲ့ရဲ့ အင်တာနက် စာမျက်နှာတွေ အတိုက်အခိုက် ခံခဲ့ရပြီး အဖွဲ့အစည်း ဝက်ဘ်ဆိုက် စာမျက်နှာသာမက ဖေ့စ်ဘုတ် စာမျက်နှာလည်း ဆုံးရှုံးခဲ့ရတယ်လို့ အေအေအဖွဲ့က ဘီဘီစီကို ပြောပါတယ်။

'ရက္ခိုင့်တပ်မတော် အဖမြေကို ကာကွယ်သူများ' အဓိပ္ပာယ်နဲ့ အင်္ဂလိပ်လို နာမည်ပေးထားတဲ့ ဝက်ဘ်ဆိုက် စာမျက်နှာကို ဝင်ကြည့်ရင် အဲဒီစာမျက်နှာ အလုပ်မလုပ်ဘူးလို့ပဲ ပေါ်လာတာ တွေ့နေရပါတယ်။

အဲဒီ ဝက်ဘ်ဆိုက် စာမျက်နှာသာမက အေအေ အဖွဲ့အစည်းရဲ့ တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာနဲ့ အေအေ ဒုစစ်ဦးစီးချုပ် တာဝန်ယူထားတဲ့ ဒေါက်တာညိုထွန်းအောင် အပါအဝင် ခေါင်းဆောင်တချို့ရဲ့ ဖေ့စ်ဘုတ်အကောင့်တွေကိုလည်း လက်လွှတ်ဆုံးရှုံး ခဲ့ရတယ်လို့ အေအေ ပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Northern Alliance
Image caption အေအေ ထိပ်ပိုင်းခေါင်းဆောင် ဒေါက်တာညိုထွန်းအောင်

ဘယ်သူ့ လက်ချက်လဲ

ပြီးခဲ့တဲ့နှစ်တုန်းက မြန်မာ အစိုးရ စစ်တပ် အကြီးအကဲရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ အပါအဝင် တပ်မတော်နဲ့ ဆက်စပ်နေတယ်လို့ သံသယရှိရတဲ့ အကောင့်တွေ၊ အကောင့်တု အကောင့်ပုန်းတွေ ရာနဲ့ချီပြီး အကြိမ်ကြိမ် ဖျက်သိမ်းခဲ့ကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီဘက်က တရားဝင် ကြေညာခဲ့ပါတယ်။

အေအေကိစ္စမှာတော့ ဖေ့စ်ဘုတ်ဘက်က ဖျက်သိမ်းတာမျိုး မဟုတ်ဘဲ မလိုသူတွေရဲ့ တိုက်ခိုက်မှု ခံရတာ ဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

ဒီလို ပြောနိုင်ရတာကလဲ ဖေ့စ်ဘုတ်ဘက်က သူတို့ စည်းမျဉ်းနဲ့ မညီလို့ ဖျက်တယ်ဆိုတာမျိုး ကြေညာတာ မတွေ့ရသလို သက်ဆိုင်တဲ့သူတွေဆီ ဘယ်လို အသိပေးမှုတွေ၊ သတိပေးမှုတွေမှ ရှိမနေဘူးလို့ ပြောပါတယ်။

ဒါပေမယ့် အေအေအဖွဲ့ကို ပစ်မှတ်ထားတဲ့ အင်တာနက် ထွင်းဖောက် တိုက်ခိုက်တာတွေ အရင်ကလည်း ကြုံခဲ့ရဖူးတယ်လို့ ခိုင်သုခက ဆိုပါတယ်။ အခုကိစ္စမှာ ဘယ်အဖွဲ့အစည်းက တိုက်ခိုက်တယ်ဆိုပြီး တိတိကျကျတော့ သူက မစွပ်စွဲပါဘူး။

Arakan Army လို့ နာမည်ပေးထားတဲ့ အကောင့်တချို့ကို ဖေ့စ်ဘုတ်ပေါ်မှာ ဆက်တွေ့နေရဆဲ ဖြစ်ပေမယ့် တချို့ကတော့ အေအေအပေါ် ထောက်ခံအားပေးသူတွေ ဖြစ်နိုင်သလို တချို့လည်း အေအေအဖွဲ့နာမည်ခံနဲ့ မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေလာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အေအေအဖွဲ့က ပြောပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာနဲ့ လူမှုကွန်ရက် အသုံးပြုမှု တွင်ကျယ်လာတဲ့ ဒီနေ့ခေတ်မှာ အေအေအဖွဲ့လည်း ခေတ်ကာလနဲ့ အညီ နည်းပညာ အသုံးပြုလို့ ပြည်သူတွေနဲ့ ထိတွေ့နိုင်ရေး အတွက် အင်တာနက် စာမျက်နှာတွေ ထားရှိတာ ဖြစ်တယ် ဆိုပြီး ခိုင်သုခက ပြောပါတယ်။

အခုလို ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘုတ် စာမျက်နှာ တချို့ ဆုံးရှုံး သွားရတဲ့ ပြဿနာကို ဖြေရှင်းပြီး အေအေနဲ့ ပတ်သက်တဲ့ သတင်းမှန်တွေ အများပြည်သူတွေဆီ ပြန်ကြားနိုင်အောင် အမြန်ဆုံးလုပ်ဆောင်မယ်လို့ ခိုင်သုခက ပြောပါတယ်။

အေအေဟာ ရခိုင်ပြည်နယ်ထဲ အစိုးရတပ်နဲ့ကြား လတ်တလော တိုက်ပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

Image caption ဆိုင်ဘာတိုက်ခိုက်မှု တွင်ကျယ်နေတဲ့ အချိန်

နိုင်ငံတကာမှာ ဆိုင်ဘာတိုက်ခိုက်မှုတွေ များနေ

နိုင်ငံတကာမှာလည်း ပြိုင်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံတွေကြား ကွန်ပျူတာ စနစ်ပေါ်ကနေ သတင်း အချက်အလက်တွေ ခိုးယူတာကအစ တခြား ဆိုင်ဘာတိုက်ခိုက်မှုတွေ ကျူးလွန်ကြတယ် ဆိုတဲ့ အပြန်အလှန် စွပ်စွဲသံတွေ ဆူညံနေတဲ့ အချိန် ဖြစ်ပါတယ်။

အထူးသဖြင့် တရုတ် ကုမ္ပဏီတချို့က ဆိုင်ဘာတိုက်ခိုက်ပြီး သတင်းအချက်အလက်တွေ ထွင်းဖောက်ရယူတာ ခံတယ်လို့ အနောက်အုပ်စု နိုင်ငံတွေက ကျယ်ကျယ်လောင်လောင် ပြောဆို နေပါတယ်။

တခါ ရုရှားလည်း အမေရိကန် နိုင်ငံရေးထဲ စွက်ဖက်နိုင်အောင် လူမှုကွန်ရက်တွေပေါ်ကတဆင့် နည်းပညာသုံး ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံနေရချိန် ဖြစ်ပါတယ်။

ဒါ့ကြောင့် ဖေ့စ်ဘုတ်အပါအဝင် လူမှုကွန်ရက် ကုမ္ပဏီတွေဟာ သူတို့ကို အသုံးပြုကြသူတွေရဲ့ သတင်း အချက်အလက်တွေကို ပိုမိုလုံခြုံအောင် ပြုလုပ်ပေးရမယ် ဆိုတဲ့ ဖိအားမျိုး ကြီးကြီမားမား ရှိနေပါတယ်။

Image caption ဖေ့စ်ဘုတ်ပေါ်မှာလည်း ပစ်မှတ်ထား ခံနေရ

ဒါ့အပြင် ဖေ့စ်ဘုတ်ကို အသုံးပြုပြီး အမုန်းတရား ဖြန့်ဝေတာတွေ၊ မဟုတ်မမှန် နိုင်ငံရေး ဝါဒဖြန့် အသုံးချတာတွေကို ထိန်းချုပ်မယ်လို့ ကုမ္ပဏီဘက်ကလည်း ကတိပြုထားပါတယ်။

လတ်တလောကပဲ ပြီးစီးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ကာလမှာ လူမှုကွန်ရက် ကုမ္ပဏီတွေ ဘက်ကလည်း အမုန်းတရားနဲ့ နိုင်ငံရေး ဝါဒဖြန့်မှုကို ထိန်းချုပ်ခဲ့သလို အဲဒီ ပြည်တွင်းမှာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက အင်တာနက် အမြန်နှုန်းကို လျှော့ချတာ၊ ပိတ်ပင်တာမျိုးကအစ တင်းကျပ် ထိန်းချုပ်တာတွေ လုပ်ခဲ့ကြပါတယ်။

ဒီလို နိုင်ငံတကာ ခေတ်ပြိုင် အခြေအနေမျိုးတွေမှာ အေအေကလည်း သူတို့အဖွဲ့အနေနဲ့ ဆိုင်ဘာတိုက်ခိုက် ခံခဲ့ရကြောင်း ပြောလာတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကူးလ်တက် - ဖေ့စ်ဘုတ် ဒေတာ ပေါက်ကြားမှု

ဒီသတင်းနဲ့ပတ်သက်သမျှ