ရခိုင်မြောက်ပိုင်းမှာ ကူညီရေးတွေ ကန့်သတ်လို့ အခက်အခဲကြုံ

ဓာတ်ပုံ မူပိုင် ICRC
Image caption ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ ၂ ဖွဲ့ပဲ ဒေသခံရွာတွေ အထိ သွားလာ ကူညီခွင့်ရ

အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဒေသတွေမှာ လုံခြုံရေး အခြေအနေအရ ခရီးသွားလာခွင့်နဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်း တချိုကို ကန့်သတ်လိုက်လို့ ဒေသခံတွေအတွက် ပိုပြီး အခက်အခဲတွေ ကြုံရလာနိုင်တယ်လို့ အဲဒီ ဒေသတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ရခိုင်မှာ ဆန် ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) က ကျေးရွာတွေအထိ ဆင်းပြီး လုပ်ငန်းတွေ ဆောင်ရွက်ခွင့် ရနေလို့ ဆန်ရိက္ခာ အတွက် အဆင်ပြေနိုင်ပေမယ့် ကြက်သွန် ၊ ငရုတ်သီး၊ ဆီ၊ ဆား စတဲ့ အခြား စားသောက်ကုန် တွေပြတ်လာနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ပြဿနာ တွေ ရင်ဆိုင်ရနိုင်တယ်လို့ ရခိုင် အခြေစိုက် Action for Green Earth (AGE) အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးချစ်မြက ဘီဘီစီကို ပြောပါတယ်။

မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ ဒီလိုအခြေအနေမျိုးမှာ ကူညီရေး လုပ်ငန်းတွေ ရှိနေသင့်ပြီး ရွာတွေကလည်း ဒီလို အကူအညီမျိုးတွေကို လိုချင်နေကြတယ်လို့ ဆိုပါတယ်။

အခုလိုပိတ်လိုက်တာဟာ အစိုးရက မကူညီနိုင်ဘဲ ကူညီနိုင်သူတွေကို ပိတ်လိုက်သလို ဖြစ်သွားပြီး ရေရှည်မှာ ကူညီပေးနိုင်ဖို့က ခက်ခဲသွားနိုင်တယ်လို့ ဦးအောင်သောင်းရွှေက ပြောပါတယ်။

ဘူသီးတောင်မြို့ မြောက်ဘက်က တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ နေရာတွေမှာ အချိန်အကန့်အသတ်နဲ့သာ ခရီးသွားလာခွင့် ပြုထားတဲ့ အတွက် ရွာသူ၊ ရွာသားတွေ အနေနဲ့ ပိတ်မိသလို ဖြစ်နေပြီး အခြေခံ စားသောက်ကုန် ဝယ်ယူဖို့ ခက်ခဲနေသလို နေ့စဉ် ဝင်ငွေ မရှိလို့ စားဝတ်နေရေး ခက်ခဲတဲ့ သူတွေ ရှိနေတယ်လို့ ဘူးသီးတောင်မြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

နိုင်ငံတကာနဲ့ ပြည်တွင်းက အကူအညီပေးနေကြတဲ့ INGO နဲ့ NGO အဖွဲ့တွေကို ကန့်သတ်လိုက်လို့ ပိတ်မိနေတဲ့ နေရာက ပြည်သူလူထုဟာ အခက်အခဲ ပို ကြုံတွေ့လာနိုင်တာကြောင့် ရွာတွေ အထိ သွားလာပြီး ကူညီပေးဖို့ ခွင့်ပြုသင့်တယ်လို့ ဦးထွန်းအောင်သိန်းက သူ့အမြင်ကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ရခိုင် ကျောက်တော်က စခန်းတစ်ခုကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေကို ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရတဲ့ မြင်ကွင်း

ကုလသမဂ္ဂ အဖွဲ့အစည်း၊ INGO/NGO အဖွဲ့တွေ အနေနဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော် ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော စတဲ့ မြို့နယ်တွေမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို မြို့ပေါ်မှာပဲ လုပ်ဆောင်ဖို့နဲ့ ကျေးရွာတွေကို ခရီးသွားလာခွင့် မပြုတော့ဘူးလို့ ရခိုင်ပြည်နယ် အစိုးရရုံးက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့ (ICRC) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နှစ်ဖွဲ့ကိုတော့ ကျေးရွာတွေအထိ ဆင်းပြီး လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ကို လတ်တလော အနေနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေး သွားရောက်ပြီး စစ်ဘေးရှောင်တွေကို ထောက်ပံ့ကူညီတာတွေ ရှိပါတယ်။ ရခိုင်ပည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ အဖွဲ့လည်း စစ်ဘေးရှောင်တွေဆီ သွားတာ တွေ့ရတယ်လို့ ဘီဘီစီ ရခိုင် သတင်းထောက်က ပြောပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ (ဒီနေ့) မှာလည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းကလည်း ရခိုင်က တိုက်ပွဲ ရှောင် လူထုတွေ ဆီသွားနေတယ်လို့ အဖွဲ့နဲ့ အတူ ပါသွားတဲ့ ကိုဂျင်မီက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption AA ဘက်က ဝင်စီးခံခဲ့ရတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းင်၊ ဂုတ်ပီ၊ နယ်ခြားစောင့် စခန်းကို ဇန်နဝါရီလ ၇ ရက်နေ့က တွေ့မြင်ရတဲ့ မြင်ကွင်း

ပြီးခဲ့တဲ့ နှစ်ကုန်မှာ တပ်မတော်ဘက်က ကြေညာခဲ့တဲ့ ၄ လ ကြာ စစ်ဆင်ရေးတွေ ရပ်ထားတဲ့ စစ်တိုင်း နယ်မြေတွေထဲ ရခိုင်ပြည်နယ် မပါဝင်ခဲ့သလို အဲဒီ နောက်ပိုင်းမှာလည်း ရက္ခိုင့်တပ်မတော် (AA) နဲ့ အစိုးရ တပ်မတော် တို့ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ငမြင်းဘော်၊ ကျောင်းတောင်၊ ဂုပ္ပိနဲ့ ခထီးလှ နယ်ခြားစောင့်ရဲစခန်း ၄ ခုကို AA ဘက်က ဝင်စီးပြီးနောက်ပိုင်းမှာလည်း ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ