အာဆာဟာ ဒေသတွင်း လူအသေစေခဲ့ဆုံး အဖွဲ့တစ်ခု ဖြစ်တယ်လို့ GTI အစီရင်ခံစာထဲ ရေးသား

Image caption လှုပ်ရှားမှု မတွေ့ရတာ လအတန်ကြာနေပြီ ဖြစ်တဲ့ အာဆာ

ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ အခြေအနေတွေ အပေါ် ခြုံငုံသုံးသပ်ပြီး ၂ဝ၁၈ အတွက် ထုတ်ပြန်တဲ့ အကြမ်းဖက်ဝါဒ ထူပြောမှု ရည်ညွှန်းပြကိန်း ဇယား Global Terrorism Index GTI ထဲမှာ မြန်မာ နိုင်ငံဟာ အဆင့် ၂၄ ဆိုပြီး သတ်မှတ် ခံထားရပါတယ်။

အီရတ်၊ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊ ဆီးရီးယားတို့ ထိပ်ဆုံးမှာ ရှိနေတဲ့ အဲဒီဇယားမှာ မြန်မာဟာ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် အပေါ်ကို ၁၃ ဆင့် ခုန်ပျံကျော်လွှားပြီး တက်လာတာ ဖြစ်လို့ အကြမ်းဖက်ဝါဒ ထကြွမှုအခြေအနေ ပိုဆိုးရွားလာတယ် ဆိုပြီး သတ်မှတ် ခံရတာ ဖြစ်ပါတယ်။

အဲဒီဇယားကို ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အခြေစိုက်တဲ့ ဘောဂဗေဒနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အင်စတီကျု့ သုခမိန် အဖွဲ့က နှစ်စဉ် ထုတ်ဝေတာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ရဲ့ အမှတ်ပေးစနစ် အရလည်း အခြေအနေ အဆိုးဆုံးလို့ ဆိုတဲ့ အီရတ်ကို ၁ဝ မှတ်မှာ ၉.၇၄၆ လို့ ပေးထားပြီး မြန်မာကို ၅.၉၁၆ လို့ ပေးထားပါတယ်။

အာရှ ပစိဖိတ် ဒေသမှာ ၂ဝ၁၇ အတွင်း လူအသေအပျောက် အဖြစ်ဆုံး တိုက်ခိုက်မှုတွေကို ကျူးလွန်တဲ့ အဖွဲ့ ၃ ဖွဲ့ထဲ အာဆာ အဖွဲ့ကို ထည့်သွင်းထားတာကိုလည်း တွေ့ရပါတယ်။

Image caption ဆစ်ဒနီ အခြေစိုက် အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ

တခါ၊ အရှေ့တောင်အာရှနိုင်ငံတွေထဲ ၂ဝဝ၂ နောက်ပိုင်း ၂ဝ၁၇မှာ အကြမ်းဖက်ဝါဒကြောင့် စံချိန်တင် အသေအပျောက် အများဆုံး နှစ်နိုင်ငံ ရှိလာတယ်လို့ ဆိုပြီး ၊ ဖိလစ်ပိုင်နဲ့ မြန်မာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အာဆာရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးမှု ၁၄၂ မှုကို ဒီ ဆန်းစစ်မှုက မှတ်တမ်းတင်နိုင်ပြီး ဒါဟာ အာဆာအဖွဲ့ စတင်ပေါ်လာပြီး ၂ နှစ်အတွင်းမှာ ဒေသတွင်း သေဆုံးမှု အများဆုံး ပေါ်ပေါက်စေတဲ့ လက်သည်အဖွဲ့ အဖြစ် သတ်မှတ်နိုင်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့်လည်း ၂ဝ၁၈မှာ စုစောင်းထားတဲ့ ကနဦး အချက်အလက်တွေအရတော့ ပြီးခဲ့တဲ့ ၉ လ အတွင်း အာဆာအဖွဲ့ လှုပ်ရှားမှု ရှိမနေဘူးလို့လည်း ဒီ အစီရင်ခံစာထဲ ရေးသားထားပါတယ်။

ဒီရည်ညွှန်းပြကိန်း ဇယားကို ပြုစုတဲ့ အခါ အစိုးရကိုယ်တိုင် ကျုးလွန်တဲ့ ဖြစ်ရပ်တွေ၊ အစိုးရ တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို ထည့်သွင်းတာမျိုး မလုပ်ပဲ အစိုးရနဲ့ မဆိုင်တဲ့ အဖွဲ့တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဘယ်နိုင်ငံမှာ ဘယ်လောက် အတိုင်းအတာထိ ပေါ်ပေါက်ခဲ့လဲ ဆိုတာကို ဆန်းစစ်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အာဏာရှင် စနစ်နဲ့ အုပ်ချုပ်တဲ့ မြောက်ကိုရီးယား၊ ပါလီမန် ရှိပေမယ့် တကယ့် အတိုက်အခံ အစစ်အမှန် ရှိမနေတဲ့ တာ့ခ်မင်နစ္စတန်လို တိုင်းပြည်တွေဟာ ဒီဇယားမှာတော့ အောက်ဆုံး နေရာထဲ တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေဟာ လူ့အခွင့်အရေးဆိုင် ရှုထောင့်တွေနဲ့ ပြုစုတဲ့ ဇယားတွေမှာ ထိပ်က ပါကောင်း ပါနိုင်ပေမယ့်၊ အခု GTI မှာတော့ အကြမ်းဖက်ဝါဒ ကင်းစင်တဲ့ နိုင်ငံတွေ အဖြစ်သတ်မှတ် ခံထားရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာ့အရေးကမ္ဘာ့အရေး အစီအစဉ်

အကြမ်းဖက်ဝါဒ ဆိုတဲ့ ဝေါဟာရ အပေါ် ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုမလဲ ဆိုတာကို နိုင်ငံတကာ အတိုင်းအတာ ဘုံသဘောတူ လက်ခံထားတဲ့ ဖွင့်ဆိုချက် ရှိမနေပါဘူး။

အခု ရည်ညွှန်းကိန်းကို ပြုစုသူတွေရဲ့ ချည်းကပ်ပုံကို ကြည့်ရင်တော့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး စတာတွေနဲ့ စပ်လျှင်းပြီး ရည်မှန်းချက် တစုံတရာ ပြည့်မြောက်ဖို့ ကြောက်အောင်၊ လန့်အောင် ခြိမ်းခြောက်တဲ့ အနေနဲ့ အင်အားသုံးပြီး အကြမ်းဖက်ပြီး လုပ်မှရမယ် ဆိုတဲ့ ဝါဒကို Terrorism လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အကြမ်းဖက်ဝါဒရဲ့ ဒဏ်ကို ခံရတယ် ဆိုတာမှာလည်း ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်ကိုသာမက၊ နောင်နှစ်များစွာ ကြာတဲ့အထိ လူမှု အသိုင်းအဝိုင်း အပေါ် စိတ်ပိုင်းဆိုင်ရာ ဒဏ်သင့် နေစေတဲ့ အဖြစ်ကိုလည်း ရည်ညွှန်းပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုတော့ အဲဒီ ဇယားမှာ အမှတ်စဉ် ၂၅ နေရာမှာ ထားတာကြောင့် ၂၁ ရခဲ့တဲ့ အရင်တခေါက် အစီရင်ခံစာနဲ့ နှိုင်းယှဉ်ရင် ၄ နေရာ အောက်ကိုကျသွားပြီး အဓိပ္ပာယ်ကတော့ အကြမ်းဖက်ဝါဒ ဒဏ် ခံနေရတဲ့ အခြေအနေ အနည်းငယ် ပိုသက်သာရာ ရလာတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်လိုပဲ ဘူတန်၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတွေကိုလည်း လုံခြုံရေး အခြေအနေ ပိုကောင်းလာတယ်လို့ သတ်မှတ် ထားပါတယ်။

ဒီ ရည်ညွှန်းကိန်း GTI ကို ပြုစုတဲ့ သုခမိန် အဖွဲ့ကတော့ နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေး အခြေအနေ ကောင်းမွန်ဖို့ ဆိုရင် အဲဒီ ကာယကံရှင် နိုင်ငံတစ်ခုတည်း သက်သက်ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေနဲ့ မလုံလောက်ပဲ နိုင်ငံတကာရဲ့ အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်လှကြောင်း အသားပေးပြောဆိုပါတယ်။

၂ဝ၁၈ ဇယားမှာ တိုးတက်မှု ရလာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဥပမာပေး ပြောတာမှာ အဲဒီနိုင်ငံထဲက မက်ဒရက်ဆာလို့ ခေါ်တဲ့ ဘာသာရေး ကျမ်းစာသင်ကျောင်းတွေမှာ ဒစ်ဂျစ်တယ် နည်းပညာ တတ်ကျွမ်းမှုဆိုင်ရာ သင်တန်းတွေ ဖွင့်နိုင်အောင် ဂျနီဗာမြို့ အခြေစိုက် the Global Community Engagement and Resilience Fund ဆိုတဲ့ အဖွဲ့ဆီက အကူအညီ အထောက်အပံ့တွေ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒစ်ဂျစ်တယ် နည်းပညာ တတ်ကျွမ်းမှုဆိုင်ရာ သင်တန်းလို့ ပြောရတာဟာ ကွန်ပျူတာ ဘယ်လို ကိုင်ရတယ်၊ အသုံးပြုရတယ်ဆိုပြီး သာမန် သင်ပေးတာ မဟုတ်ပဲ အွန်လိုင်းပေါ် ဘယ်အရာတွေက သတင်းမှားတွေလဲ၊ ဘယ်အရာတွေက အမုန်းစိတ်ပေါက်အောင် ရည်ရွယ်ချက်နဲ့ ဝါဒဖြန့်ထားတာတွေလဲ စတာတွေကို ခွဲခြမ်း စိတ်ဖြာတတ်အောင် ဦးတည်တာဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘင်္ဂလားဒေ့ရှ်ဘက် ရောက်သူတွေထဲက ARSA

ဒီလို ကိစ္စချင်းရာတွေပေါ် ကျိုးကြောင်း ဆင်ခြင်တတ်လာတဲ့အခါ အကြမ်းဖက်ဝါဒရဲ့ သိမ်းသွင်းမှုဒဏ်ကနေ လွတ်မြောက်နိုင်တယ်လို့ GTI ကို ပြုစုသူတွေက ပြောပါတယ်။

တခါ ဆိုင်ဘာ အကြမ်းဖက်မှုလို့ ခေါ်တဲ့ ကွန်ပျူတာ စနစ်ကို ထွင်းဖောက်ပြီး သတင်း အချက်အလက်တွေ ခိုးယူတာ၊ သူတပါးရဲ့ ကွန်ပျူတာ စနစ်ကို ထိန်းချုပ်ပြီး ပြန်ပေးဆွဲ ငွေညှစ်တာ စတဲ့ လုပ်ရပ်မျိုးတွေကိုလည်း အကြမ်းဖက် သမားတွေကျူးလွန် လာကြတယ်လို့ အဲဒီ အစီရင်ခံစာထဲ သတိပေးထားပါတယ်။

အကြမ်းဖက်သမား ဆိုတာ မြေပြင်ပေါ်မှာ သေနတ်တွေပစ်၊ ဗုံးတွေဖောက်နေသူတွေ အဖြစ်ကနေ ဆိုင်ဘာနယ်ပယ်မှာလည်း ရှိနေတာ နှစ်အတန်ကြာပြီလို့ ဆိုပါတယ်။

၂၀၁၆ တုန်းကဆိုရင် ဘင်္ဂလားဒေ့ရှ်ဘဏ် စနစ် ထွင်းဖောက် ခံရပြီး အွန်လိုင်းပေါ် ငွေထုတ်ငွေသွင်း ၄ ကြိမ်ထဲကနေ အမေရိကန်ဒေါ်လာ ၈၁ သန်းအထိ ရယူသွားခဲ့တယ်လို့ သုခမိန် အဖွဲ့က ဆိုထားပါတယ်။