ရခိုင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တချို့ ဖမ်းဆီးစစ်ဆေးခံနေရ

တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တချို့ ဓာတ်ပုံ မူပိုင် Getty Images
Image caption တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တချို့

အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသ ရသေ့တောင်မြို့နယ် မြောက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို တာဝန်ရှိသူတွေအနေနဲ့ ကူညီမဖြေရှင်းပေးဘူးဆိုရင် တာဝန်ကနေ နုတ်ထွက်ကြဖို့ရှိနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး တချို့က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လတ်တလော တိုက်ပွဲ ဖြစ်စဉ်တွေ အတွင်းမှာ ကျးရွာအုပ်ချုပ်ရေးမှူးတချို့ ဖမ်းဆီးစစ်ဆေးခံနေရတာ၊ ခေါ်ယူမေးမြန်းခံရတာတွေရှိနေတဲ့အတွက် ဒီပြသနာတွေကို ကူညီဖြေရှင်းပေးဖို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူး အယောက် ၃၀ က သွားရောက် တင်ပြခဲ့ကြ တယ်လို့ သူတို့ကပြောပါတယ်။

ဒီလို တင်ပြခဲ့တဲ့အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးက ခရိုင်၊ ပြည်နယ်အဆင့်တာဝန်ရှိသူတွေကို တင်ပြပေးပြီး လုပ်ပေး နိုင်တာတွေကို လုပ်ပေးမယ်လို့ ပြန်လည်ပြောဆိုခဲ့တယ်လို့ လည်း အုန်းချောင်းကျေးရွာအုပ်ချုပ် ရေးမှူးက ဘီဘီစီကို ပြောပြပါတယ်။

ဒါပေမယ့်လည်း သက်ဆိုင်ရာက တာဝန်ယူမဖြေရှင်းပေးဘူးဆိုရင်တော့ "ကျွန်တော်တို့ နုတ်ထွက်မယ်လို့ပဲတွေးပါတယ်၊ ဒေသလုံခြုံမှုမရှိတဲ့အတွက် ကိုယ့်အသက် အိုးအိမ်စည်းစိမ်ကို စိုးရိမ်လို့ နုတ်ထွက်မှာပါ'' လို့ အုန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Image caption ဇန်နဝါရီ ၁၅ ရက်နေ့ညမှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဥယျာဉ်ရွာသားတွေ

ကျေးရွာအုပ်ချုပ်ရေးမှူးတွေနည်းတူ စစ်တွေလေဆိပ်က စုံစမ်းစစ်ဆေးရေးအရာရှိ တချို့အပါအဝင် အစိုးရဝန်ထမ်း တချို့ကို လည်း သတင်းပေါက်ကြားစေမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတာတွေရှိနေပါတယ်။

ဒီကနေ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃၀ နုတ်ထွက်လွှာတင်မယ်လို့ ပြောဆိုခဲ့တာ ပတ်သက်ပြီး ရသေ့ တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက အဲဒီလို ပြောဆိုခဲ့တာမျိုးမရှိဘူးလို့ ငြင်းဆိုခဲ့ပြီး ဘာတွေပြောခဲ့တယ် ဆိုတာကိုတော့ ပြောပြခဲ့ခြင်းမရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ် တွေက ကျေးရွာတစ်ချို့ အနီးမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသလို အခြေအနေတွေလည်း ရှုပ်ထွေး လာတဲ့အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြတယ် လို့လည်း သိရပါတယ်။