AA ကိုချေမှုန်းဖို့ ဒေါ်စုက မှာကြားတဲ့ အပေါ် AA ပြောခွင့်ရ ခိုင်သုခ ပြင်းပြင်းထန်ထန် တုံ့ပြန်

ဓာတ်ပုံ မူပိုင် Arakan Army
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ထောင်ချောက်ထဲ ရောက်သွားပြီ

ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်ခြားစောင့် ရဲစခန်း လေးခုကို AA ရက္ခိုင့်တပ်မတော် အဖွဲ့ ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးနောက် သမ္မတ အိမ်တော်မှာ အရေးပေါ် ခေါ်ယူ ကျင်းပတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော် တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က AA အဖွဲ့ကို ပြတ်ပြတ်သားသား ချေမှုန်းဖို့ မှာကြားခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

အခုလို သတင်းစာရှင်းလင်းပွဲအပေါ် AA ရဲ့သဘောထားနဲ့ ပတ်သက်ပြီး ပြောခွင့်ရ ခိုင်သုခကို ဘီဘီစီက မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

ဖြေ ~ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ ရခိုင်လူမျိုး ရာနှုန်းပြည့်ထောက်ပြီးတော့ ဖွဲ့စည်းထားတဲ့ ရက္ခိုင့် တပ်မတော်ကို တဘက် နိုင်ငံ က ခိုးဝင်တဲ့သူတွေနဲ့ တတန်းထဲထားပြီးတော့ သူတို့က အဲဒီလိုမျိုး ပြောတဲ့ ဥစ္စာကတော့ ရခိုင်လူမျိုးတွေကို စော်ကားတာပဲ ဗျ နော်။ ဒါကတော့ ကျွန်နော်တို့ဘက်က လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ နောက်တခုကလည်းပဲ ရက္ခိုင့် တပ်မတော် အပေါ်မှာ အဲဒီလိုမျိုး အငြိုးတကြီးနဲ့ ချေမှုန်းဖို့ အတွက် ပြောတယ်ဆိုတာကတော့ တော်တော်လေး အံ့သြစရာ ကောင်းတဲ့ကိစ္စ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင် ဖြစ်သွားပြီ ဆိုတဲ့ ဥစ္စာကို ပိုပြီးတော့ ထင်ရှားတဲ့ သာဓက တခုဖြစ်တယ်၊ နောက်တဘက်မှာ လည်းပဲ အခု ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ထောင်ချောက်ထဲ ရောက်သွားပြီလို့ ပြောရင်လည်း မှားမယ်လို့ ကျွန်နော် မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင်နော် အဲဒီ သတင်းစာ ရှင်းလင်းပွဲ တလျှောက်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးလို့ တိုက်ရပါတယ် ဆိုပြီးတော့ အဲလိုမျိုး သူတို့ အကြိမ်ကြိမ် ပြောတာ ရှိတယ်။

မေး ~ ကိုခိုင်သုခ ပြောတဲ့အထဲမှာ ရခိုင်လူမျိုးအများစုကနေပြီးတော့ AA ကိုထောက်ခံတယ်ဆိုပြီးတော့ ပြောတယ်။ ဒါက ဘယ် အချက် ပေါ်မှာ အခြေခံပြီး ပြောတာလဲဗျ။

ဖြေ ~ ရက္ခိုင့် တပ်မတော်က နော် ရခိုင်လူမျိုး ရာနှုန်းပြည့်ထောက်ခံ တယ်လို့ ကျွန်နော်တို့ အခိုင်အမာ ပြောလို့ရတယ်။ တကယ် လက်တွေ့ စမ်းသပ်ချင်ရင်တော့ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ကြည့်မယ်ဆိုရင်လည်း ကျွန်နော်တို့ဘက်က အဆင်သင့်ရှိတယ်။

မေး ~ အခုဟာက ရဲစခန်းတွေကို တိုက်တာ၊ ရဲစခန်းဆိုတာကတော့ ပြည်သူလူထုရဲ့ လုံခြုံရေးပေါ့နော်၊ ငြိမ်ဝပ်ပိပြားရေး တာဝန်ယူ နေတဲ့ဟာကို ထိပါးတယ်ဆိုတော့၊ ဒါ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးတာ မျိုးလို့ ယူဆတယ်လေ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတာကလည်း နိုင်ငံရဲ့ ခေါင်းဆောင် အကြီးအကဲ အနေနဲ့ နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တခုကို အဲလို ထိပါးလာတဲ့အတွက် ဒါဟာ နိုင်ငံတော်ကို ထိပါးရာ ရောက်တယ် ဆိုတဲ့ သဘောမျိုး ပြောတဲ့ အတွက်ကြောင့် မို့လို့၊ သူ့အနေနဲ့ ဒီလို ပြောပိုင်ခွင့် မရှိဘူးလား။

ဖြေ ~ ကျွန်နော်တို့ ဘက်က ပြန်လည် တိုက်ခိုက်တဲ့ အခါကျတော့ အစိုးရဘက်က ဒါ အချုပ်အခြာ အာဏာ ထိပါးတယ်တို့ ဘာတို့ နော်၊ ရဲတွေကို တိုက်ခိုက်တယ်တို့ ဘာတို့ပြောတယ်။ အဲဒီ ရဲတွေကနေပြီးတော့ ပြည်သူတွေကို နှိပ်စက် ညှဉ်းပန်းတဲ့ အခါ ဒေါ်စု ဘာဖြစ်လို့ အသံမထွက်လဲ ဆိုတာ ကျွန်နော်တို့ဘက်က ပြန်မေးရမယ့် ကိစ္စဖြစ်တယ်။ ကျွန်နော်တို့က ဖိနှိပ်ခံလာရတာ နှစ်ပေါင်း များစွာရှိနေပြီ။ ဆိုတော့ ကျွန်နော်တို့ ဘက်ကနေပြီးတော့ ကျွန်နော်တို့လူမျိုး လွတ်မြောက်ရေး အတွက် ကျွန်နော်တို့ တိုက်ပွဲဝင်တဲ့ အခါ သူတို့ဘက်က အချုပ်အခြာ ထိခိုက်တယ်ဆိုပြီး တော့ ပြောတယ်။ တကယ်တမ်း အချုပ်အခြာအာဏာကို သိမ်းပိုက်ခံ အထိ ခိုက်ခံ ထားရတာက ကျွန်တော်တို့ ရခိုင်လူမျိုးတွေ ဖြစ်တယ်။ ပြောနေတဲ့ ဗမာနိုင်ငံရေး ခေါင်းဆောင်တွေက ဒါပြောင်းပြန် ပြော နေတာ ဖြစ်တယ်။

မေး ~ ကိုခိုင်သုခ ပြောတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ထောင်ချောက်ထဲကို ရောက်သွားပြီ ဆိုတာကရော၊ ဘာကို ဆိုလိုတာလဲဗျ။

ဖြေ ~ အခု စစ်တပ်က သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်ခိုင်းလို့ သူတို့ တိုက်ရပါတယ်၊ အဲလိုမျိုးပြောတယ်။ အာဆာကို ကျတော့ ချေမှုန်းတယ်၊ အေအေ ကျလို့ရှိရင် မချေမှုန်းဘူး ဆိုရင် သူများ ပြောစရာဖြစ်နေတယ် ဆိုတဲ့ဟာက၊ ဒါလုံးဝ လက်ခံနိုင်စရာ မရှိဘူးနော်။ အဲဒါကြောင့် မို့လို့ ကျွန်နော်တို့က ပြောတာက၊ ဌာနေတိုင်းရင်းသား ဒေသခံ ရခိုင်လူမျိုးတွေက လိုအပ်ချက် အရနော် ကျွန်နော်တို့ ရခိုင်လူမျိုး လွတ်မြောက်ရေး အတွက် ဖွဲ့စည်းထားတဲ့ ရက္ခိုင့် တပ်မတော်ကို နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး အဖြေရှာ ရမယ့်အစား အဲလိုမျိုး အမြစ်ပြတ် ခေျမှုန်းမယ် ဆိုတဲ့ ဥစ္စာက ဒါရခိုင်လူမျိုး တမျိုးလုံးကို စိန်ခေါ်ထားပဲဗျ။ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်တွေထဲမှာ ပထမဦးဆုံး ဖက်ဆစ် စစ်ဝါဒကို လက်ခံကျင့်သုံးတဲ့ ပထမဦးဆုံး ကမ္ဘာ့ ဂင်းနစ် စံချိန်ဝင် သွားမယ့် သဘောရှိတယ်။ သူသာ အဲဒီ စကားကို တကယ် ပြောမယ် ဆိုလို့ရှိရင်။ ဟို စစ်တပ်ကတော့ ဒီလိုမျိုး အခိုင်အမာ ပြောတာပေါ့ဗျာ။ ဒါပေမယ့် ဒေါ်စု အမှန်တကယ် ပြောသလား မပြောဘူးလား ဆိုတာကို ဒေါ်စုရဲ့ အသံလေးတော့ ကျွန်နော်တို့ ကြားချင်တာပေါ့။

မေး ~ လောလောဆယ်ဆိုရင်တော့ ၂ ဘက် တင်းမာနေတဲ့ သဘော ရှိတာပေါ့။ ဒီတော့ ငြိမ်းချမ်းရေး အတွက် ကျတော့ရော၊ ဘယ်လို ဆက်ပြီးတော့ ရှေ့ဆက် သွားကြမလဲ ဒါဆိုရင်။

ဖြေ ~ ကြားတဲ့အတိုင်းပဲ သူတို့ဘက်ကတော့ ကျွန်နော်တို့ကို အမြစ်ပြတ် ချေမှုန်းမယ် ဆိုပြီးတော့ ကြွေးကြော်ထားတယ်။ ကျွန်နော် တို့ ကလည်းပဲ ကျွန်နော်တို့ ရခိုင်လူမျိုးတွေရဲ့ လွတ်လပ်ရေး အတွက်ကတော့ ဘယ်လို အတားအဆီးမျိုးပဲ ရှိရှိ၊ ကျွန်နော်တို့ကနေ ပြီးတော့ ရခိုင်ပြည်သူ တရပ်လုံးနဲ့ လက်တွဲပြီးတော့ ကျွန်နော်တို့ ဖြတ်ကျော်သွားဖို့ အဆင်သင့် ရှိတယ်။ ဒီနေရာမှာ စဉ်းစား လို့ရတာ တခု ကတော့ အခုဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ အဖြေရှာမလား၊ မဟုတ်ဘဲနဲ့ ဗမာလူမျိုးတွေ ကနေ ပြီးတော့ အခု ရက္ခိုင့် တပ်မတော်ကို တကယ်ပဲ အမြစ်ပြုတ် တိုက်နိုင်သလား ဆိုတာကတော့ ရှေ့ဆက်ပြီးတော့ စောင့်ကြည့်ရမယ့် သဘောရှိတယ်ဗျ။ ကျွန်နော်တို့ ဘက်ကတော့ တွေ့ဆုံဆွေးနွေးရေး နဲ့ ပတ်သက်ပြီးတော့ ကျွန်နော်တို့ အမြဲ တံခါး ဖွင့်ထားတယ်။ အစိုးရဘက်ကနေပြီးတော့ တွေ့ဆုံဆွေးနွေးမယ် ဆိုလို့ရှိရင်၊ ကျွန်နော်တို့ဘက်က အဆင်သင့်ပဲဗျ။

မေး ~ သူတို့ဘက်ကလည်း အဲလိုပဲ ပြောနေတာပဲ။ နှစ်ဘက်စလုံးက တံခါး ဖွင့်ထားတယ် ပြောနေပြီးတော့ ဘာဖြစ်လို့ ဒီလို တိုက်ခိုက် နေရ တဲ့ အခြေအနေမျိုး ဖြစ်လာရတာလဲဗျ။

ဖြေ ~ အခု အပစ်အခတ်ရပ်စဲရေးကို စစ်တိုင်းကြီး ၅ ခုမှာ ကြေညာတယ်။ အဲဒီမှာ တကယ် ကျွန်နော်တို့ နဲ့ လက်တွေ့ တိုက်ပွဲ ဖြစ်နေ တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပါဘူး။ ဆိုတော့ ဗမာ့ တပ်မတော်ဟာ တကယ်သာနေပြီးတော့ သူတို့ ငြိမ်းချမ်းရေး အပေါ်မှာ တကယ် စစ်မှန်တဲ့ စေတနာနဲ့ လုပ်မယ်ဆိုရင် တတိုင်းပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးကို သူတို့ ကြေညာဖို့ သင့်တယ်။ ကျွန်နော်တို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဧရိယာ ဖြစ်တဲ့ ရခိုင်ဒေသမှာ၊ အင်အား အလုံးအရင်းနဲ့ နေပြီးတော့မှ ထိုးစစ် ဆင်နေတာ။ ဒီ နိုဝင်ဘာလက နေပြီးတော့ ထိုးစစ်ဆင်လာတာဟာ အခုထက်ထိ လုံးဝ မနားသေးဘူးဗျ။ ဆိုတော့ ဒီဟာ တွေကို ကြည့်ခြင်းအားဖြင့် ဗမာ့ တပ်မတော်ဟာ တကယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သူတို့ ဘယ်လိုပြောမလဲ အတားအဆီး လုပ်နေတဲ့ သဘောမျိုး ရှိတယ်ဗျ။