ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ် ဘာတွေ မျှော်လင့်နိုင်မလဲ

ချင်းပြည်နယ်ကို ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ မူပိုင် State Counsellor Office
Image caption ချင်းပြည်နယ်ကို ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီလ ၂၁ ရက်နေ့ကစလို့ (၂)ရက်ကြာ ချင်းပြည်နယ်မြောက်ပိုင်းခရီးအဖြစ် တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ရိခေါဒါမြို့တွေကို ရောက်ရှိနေတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းတွေ၊ လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးစကားပြောတာတွေ ရှိခဲ့သလို ထန်တလန်၊ ဖလမ်းနဲ့ ဖလမ်းမြို့နယ်တွေမှာ မြို့ခံလူထုနဲ့ တွေ့ပြီး ပညာရေး၊ ကျန်းမာရေး နဲ့ ဥပဒေဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လို့ မြို့ခံတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားတာတွေ ရှိခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ခဲ့တဲ့ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းက ပညာရေးဌာနမှာ ကျောင်းဆရာဆရာမတွေ အလုပ်ထွက်လို့ပဲဖြစ်ဖြစ်၊ ပင်စင်ယူလို့ပဲဖြစ်ဖြစ် လစ်လပ်သွားတဲ့ နေရာတွေမှာ အစားထိုးဖို့ ဝန်ထမ်းတွေကို ပြည်ထောင်စုအစိုးရကို တင်ပြနေရတာဟာ အချိန်ကြာနေလို့ ပြည်နယ်အဆင့်မှာပဲ ဆုံးဖြတ်ချက်ချနိုင်ဖို့ ပြောကြားခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်က ဒါက ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုတာကို ကတိပေးခဲ့တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်တုန်းကလည်း ချင်းပြည်တောင်ပိုင်း မတူပီ ကို သွားရောက်ခဲ့ဖူးပါတယ်။

အခုတခေါက်မှာတော့ ထန်တလန်မှာရှိတဲ့ သီကီရ်ဆည် နဲ့ ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို တက်ရောက်ခဲ့သလို အိန္ဒိယနယ်စပ် ရိခေါဒါမြို့ရဲ့ နယ်စပ် ကုန်သွယ်ရေးအခြေအနေတွေနဲ့ ပတ်သတ်လို့လည်း ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ချင်းပြည်နယ်ဟာ ပညာရေးမှာ အခြေခံပညာ အထက်တန်းအောင်ချက်နိမ့်တဲ့ ပြည်နယ်တွေထဲမှာပါဝင်ပြီး ဆရာ ဆရာမ နည်းပါးမှုနဲ့ ဘာသာစကား ပြသနာကို ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် State Counsellor Office
Image caption မြို့ခံလူထုနဲ့ တွေ့ဆုံစကားပြောနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

မြို့ခံလူထုနဲ့ တွေ့ဆုံရာမှာ"ဆရာ၊ ဆရာမတွေ မလုပ်ချင်ကြတဲ့ အကြောင်းရင်းထဲမှာ နေရာထိုင်ခင်း မစီစဉ်ပေးနိုင်တာကလည်း အဓိကကျပြီး အထူးသဖြင့် နယ်တွေမှာဖြစ်ပါတယ်။ ဒါကြောင့် တတိုင်းပြည်လုံးမှာ ဒီကိစ္စတွေ ဖြေရှင်းပေးဖို့ ကြိုးစားနေပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေသခံတွေဘက်ကတော့ ကျောင်းဆောင်တွေ လိုအပ်နေတာ၊ ကျောင်းသားအင်အားနဲ့ ဆရာဆရာမ အင်အား မမျှမတ ဖြစ်နေတဲ့အကြောင်း တင်ပြခဲ့သလို ဆေးရုံဆေးပေးခန်းတွေမှာ လိုအပ်နေတဲ့ ဆေးဝါးတွေကို ဆေးရုံ ပြင်ပကနေ ဝယ်ယူခိုင်းလို့ လူနာရှင်တွေ အခက်ခဲတွေ ကြုံနေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ချင်းအမျိုးသမီးတွေရဲ့ ပါးရဲထိုးတဲ့ ဓလေ့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ဒီပြဿနာတွေကို ဖြေရှင်းပေးမယ့်အကြောင်းနဲ့ နောင်မျိုးဆက်တွေအတွက် ပြည်သူတွေ ကျောင်းဆရာဆရာမ အလုပ်ကို လုပ်ချင်လာအောင် ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ် မတူပီမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် အောင်လန်းကတော့ ' အခုက အတိုင်ပင်ခံလာမှပဲ လုပ်ပေးမယ်ဆိုတာမျိုးဖြစ်နေတယ်၊ ဒေါ်အောင်ဆန်းစုကြည်မရောက်တဲ့ ပလက်ဝ၊ တွန်းဇံလိုမြို့တွေမှာတော့ အခွင့်အရေးတွေ ဆုံးရှုံးနေဦးမှာပဲ' လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် State Counsellor Office
Image caption နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကြိုဆိုနှုတ်ဆက်နေကြသူများ

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်စပိုင်းတုန်းကလည်း ကချင်ပြည်နယ်ကို ၂ ရက်ကြာ ခရီးစဉ်သွားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ခဲ့သလို ဒေသခံတွေနဲ့လည်း တွေ့ပြီး လိုအပ်ချက်တွေကို မေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။

ကချင်ခရီးစဉ်က ပြန်လာပြီးမှာတော့ ပြည်နယ်ဝန်ကြီး ၃ ဦးကို နုတ်ထွက်စာတင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားထားတယ်ဆိုပြီးတော့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အခုချင်းပြည်နယ်ခရီးစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ပြီး ဘာတွေဆွေးနွေးခဲ့သလည်း ဆိုတာ တိတိပပ ပြောတာမရှိပေမယ့် ဒေသခံတွေနဲ့ လွှတ်တော်အမတ်တွေကတော့ ဒီခရီးစဉ်ကနေ ချင်းပြည်နယ်ရဲ့ လိုအပ်ချက်တွေကို အစိုးရက ဖြည့်ဆည်းပေးနိုင်မလားဆိုပြီး မျှော်လင့်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ