ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ် ရခိုင်ခရီး အပါအဝင် ဇန်နဝါရီ ၂၃ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် ANP Party
Image caption ကုလအထူးကိုယ်စားလှယ် Christine Schraner Burgener က ANP ပါတီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်

(၁) ကုလရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ် ရခိုင်ခရီး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ ဇန်နဝါရီလ ၂၂ ရက် (မနေ့)က စတင်ပြီး ရခိုင်ပြည်နယ်ကို သွားရောက်နေပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် အဖွဲ့ဟာ စစ်တွေမြို့မှာ ရှိတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဌာနချုပ်ကို မနေ့က သွားရောက်ပြီး ပါတီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီလို တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲတွေအပေါ် ပါတီရဲ့ သဘောထားအမြင်၊ စစ်ပွဲကြောင့် ဒေသခံတွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စစ်ဘေးရှောင်တွေကို ကူညီ ထောက်ပံ့နေမှုတွေကို အထူးကိုယ်စားလှယ် အဖွဲ့က မေးမြန်း ဆွေးနွေးခဲ့တယ်လို့ ရခိုင်အမျိုးသား ပါတီရဲ့ အထွေထွေ အတွင်းရေးမှုး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြတဲ့ အခြေအနေ၊ ရခိုင်ပြည်နယ်တွင်းက တရုတ်စီးပွားရေး အခြေချ လုပ်ကိုင်မှုတွေ အပေါ် ရခိုင်လူထုရဲ့ သဘောထားနဲ့ ရခိုင်ပြည်မြောက်ပိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေ ပြန်နေရာချရေး ကိစ္စတွေကိုလည်း ဆွေးနွေးသွားတယ်လို့ ဆိုပါတယ်။

ကုလရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ ရခိုင်ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော် ဒုက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကုလရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီ ၁၈ ရက်မှာ ရောက်ရှိလာတာ ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်ကလည်း နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုခရီးစဉ် အပြီး တွေ့ရှိချက်တွေကို ကြေညာချက် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၃ရက် ဒီနေ့မှာတော့ ပေါက်တောကို သွားရောက်ဖို့ စီစဉ်ထားပြီး ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း ခရီးစဉ်ကိုတော့ ဒီခရီးစဉ်မှာ သွားခွင့် ရ၊ မရ တရားဝင် မသိရသေးပါဘူး။ ရခိုင်ခရီးစဉ်ဟာ ၃ ရက် ကြာမြင့်မယ်လို့လည်း ကနဦး ဆိုထားတာပါ။

အထူးကိုယ်စားလှယ် Ms.Christime Schraner Burgener ရခိုင်ခရီးစဉ် စတင်တဲ့ရက်မှာပဲ မနေ့ညပိုင်း ၉ နာရီကျော်က မောင်တောမြို့နယ် ငါးခူရ ကျေးရွာအုပ်စု အလယ်ရွာမှာ မီးရှို့မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဓနိမိုး၊ ဝါးထရံကာ မြေစိုက်အိမ် နှစ်လုံး မီးလောင် ပျက်စီးသွားခဲ့ပါတယ်။ နေအိမ် မီးရှို့သူတွေကို ငါးခူရနယ်မြေ ရဲစခန်းက ပ-၃/၂၀၁၉၊ ပုဒ်မ ၄၃၆ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Sai Khin Maung
Image caption ပြန်ပို့ခံရတဲ့ မြန်မာလုပ်သားတွေ

(၂) နယ်မြေကျော် ဝင်ရောက်လို့ဆိုပြီး မြန်မာ ၂၅၇ ဦးကို တရုတ် လွှဲပြောင်းပြန်ပို့

နယ်မြေကျော် ဝင်ရောက်လို့ဆိုပြီး တရုတ်နိုင်ငံဘက်က ထိန်းသိမ်းထားတဲ့ မြန်မာ ၂၅၇ ဦးကို ဇန်နဝါရီ ၂၁ ရက်က တရုတ် - မြန်မာနယ်စပ် မူဆယ် နန်းတော်ဂိတ်ကို လွှဲပြောင်း ပို့လိုက်ပါတယ်။

အရင်က တရုတ်ဘက်ကနေ အခုလို လွှဲပြောင်းပြန်ပို့တဲ့သူ အရေအတွက်ဟာ ဆယ်ဂဏန်းဝန်းကျင်သာ ရှိခဲ့ပြီး မနေ့က ပြန်ပို့ခံရတဲ့ အရေအတွက်ဟာ ဒီနှစ်ပိုင်းမှာ အများဆုံးလို့ ဆိုပါတယ်။

တရုတ်နှစ်ကူး နီးကပ်လာချိန်မှာ တရုတ်ဘက်က စီမံချက်တွေ စစ်ဆင်ရေးတွေ လုပ်ပြီး ရှာဖွေ စစ်ဆေးမှုတွေ လုပ်ကိုင်လာလို့ အခုလို လူပမာဏ များများ ပြန်ပို့ခံရတာလို့ လူဝင်မှုကြီးကြပ်ရေးဌာန မူဆယ်ဒေသ က ပြောပါတယ်။

တရုတ်ဘက်က ပြန်ပို့လာတဲ့သူတွေကို လူကုန်ကူး ပို့ဆောင်သူ၊ မှုခင်းကျူးလွန်တဲ့ မှတ်တမ်း ရှိမရှိ ပြန်လည် စီစစ်ပြီးမှ လက်ခံတယ်လို့ မူဆယ်ဒေသ လူဝင်မှု ကြီးကြပ်ရေးဌာန ဒုတိယဌာနခွဲရဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးစောဝင်းလွင်က ဆိုပါတယ်။

သူတို့တွေ တရုတ်ဘက် သွားအလုပ်လုပ်ရာမှာလည်း အလည်အပတ် ဗီဇာ ၇ ရက်နဲ့သာ သွားရောက်ပြီး လုပ်ကိုင်ကြရသူတွေ ဖြစ်လို့ တရုတ်ဘက်က ဖမ်းဆီးစစ်ဆေးမှုတွေ ရှိလာချိန်မှာ ရက်ကျော်ဝင်ရောက် နေထိုင်မှု၊ ကန့်သတ် နယ်မြေတွေကို ဖြတ်ကျော် ဝင်ရောက်မှုတွေနဲ့ အရေးယူခံရလေ့ ရှိတယ်လို့ ဆိုပါတယ်။

နယ်မြေကျော် ဝင်ရောက် မြန်မာလုပ်သားတွေကို တရုတ်ပြည် စီကိုင်ထောင်မှာ ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ပြန်ပို့ခံရတဲ့ မြန်မာလုပ်သားတွေဟာ ပခုက္ကူ၊ မုံရွာ၊ ကလေး၊ တမူး၊ စစ်ကိုင်း၊ ရခိုင်ဒေသတွေက လာလုပ်ကြသူတွေ များပြီး အနည်းဆုံး လုပ်အားခ တရက်ကို ကျပ် ၂ သောင်း ဝန်းကျင်ရကြတဲ့အတွက် သူတို့နေရပ်တွေဆီ မပြန်ချင်ကြတာ တွေ့ရတယ်လို့ မူဆယ်မြို့ လူမှု ကူညီပေးနေသူတွေက ပြောပါတယ်။

တရုတ်ဘက်မှာရှိတဲ့ စိုက်ခင်းတွေ စက်ရုံတွေမှာ အလုပ်သမား လိုအပ်ချက်တွေ ရှိလို့ တရားမဝင် ဝင်ရောက် လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား သိန်းချီ ရှိနေပြီလို့ သူတို့တွေက ပြောပါတယ်။

တရားဝင် သွားရောက်လုပ်ကိုင်ဖို့အတွက် တရုတ် - မြန်မာ နှစ်နိုင်ငံ အစိုးရကြား သဘောတူညီမှု MOU ရေးထိုးထားတာ မရှိလို့ အလုပ် သွားလုပ်ကြသူတွေဟာ ပွဲစားတွေ၊ တရုတ်လုပ်ငန်းရှင်တွေရဲ့ ဆက်သွယ် ခေါ်ယူမှုနဲ့ အလုပ်လုပ်ကြတာ ဖြစ်တယ်လို့ မူဆယ်မြို့ လူမှုကူညီရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Image caption ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသဟာ ကမ္ဘာ့လှည့်ခရီးသွားတွေ သွားလာမှု အများဆုံး ဒေသ တစ်ခု ဖြစ်

(၃) ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တဲ့ ပုဂံဘုရားအဆူ ၉၀ ကို အိန္ဒိယနိုင်ငံရဲ့ရှေးဟောင်းသုတေသနက ပြုပြင်မယ်

ပုဂံဘုရားအဆူ ၉၀ ကို ပြန်လည်ပြုပြင် ထိန်းသိမ်းပေးဖို့ အိန္ဒိယနိုင်ငံရဲ့ ရှေးဟောင်းသုတေသန အဖွဲ့ဖြစ်တဲ့ Archaeological Survey of India (ASI) က ပညာရှင်တွေဟာ မနေ့က မြန်မာနိုင်ငံကို လာရောက်ပြီး စတင်ကွင်းဆင်းလေ့လာနေပါတယ်။

ပုဂံဘုရားတွေ ပြုပြင်ရာမှာ အဆောက်အအုံဆိုင်ရာ ပြုပြင်ထိန်းသိမ်းတာနဲ့ ရှေးဟောင်းနံရံပန်းချီတွေကို ရှေးမူ မပျက်အောင် ဓာတုဗေဒနည်းနဲ့ ထိန်းသိမ်းဖို့ အိန္ဒိယက ရှေးဟောင်း ပညာရှင်တွေနဲ့ အတူ ပူးပေါင်းလုပ်ဆောင် သွားမယ်လို့ ရှေးဟောင်းသုတေသနဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ASI အဖွဲ့ဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့ ပုဂံဘုရားတွေအနက် အာနန္ဒာဘုရားကြီးရဲ့ ဘက်စုံပြုပြင် ထိန်းသိမ်းရေးကို ၆ နှစ်ကြာ လာရောက် လုပ်ဆောင်ပေးခဲ့ပြီး ထုံးရည်နဲ့ ဖုံးလွှမ်းခဲ့တဲ့ အာနန္ဒာဘုရားက နံရံဆေးရေး ပန်းချီတွေကို ပြန်လည် ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ပုဂံဘုရားတွေကို ပြုပြင်ထိန်းသိမ်းဖို့ လုပ်ဆောင်သွားဖို့ ၅ နှစ် စီမံကိန်း အဖြစ် ရေးဆွဲထားတဲ့ ဒီစီမံကိန်းမှာ အိန္ဒိယနိုင်ငံဘက်က ပညာရှင် အကူအညီအပြင် ကုန်ကျမယ့် ကုန်ကျစရိတ်တွေကိုပါ အိန္ဒိယနိုင်ငံဘက်က ကျခံပေးမှာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟွာဝေးဘဏ္ဍာရေးမှူးချုပ် မန်ဝမ်ကျိုး

(၄) ဟွာဝေးဘဏ္ဍာရေးမှူးချုပ် ပြန်လည်လွှဲပြောင်းပေးဖို့ တရားဝင် ဆက်တောင်းဆိုမယ်

ကနေဒါနိုင်ငံမှာ ပြီးခဲ့တဲ့လကတည်းက အဖမ်းခံခဲ့ရတဲ့ ဟွာဝေးဘဏ္ဍာရေးမှူးချုပ် မန်ဝမ်ကျိုးကို ပြန်လည် လွှဲပြောင်းပေးဖို့ တရားဝင် တောင်းဆိုတဲ့ လုပ်ငန်းစဉ်ကို ဆက်လုပ်မယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဟွာဝေးကုမ္ပဏီ အနေနဲ့ အမေရိကန်က အီရန်အပေါ်ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့ မစ္စမန်က ကူညီခဲ့တယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားတာပါ။

အမေရိကန် တရားရေးဌာနကတော့ ရက်ပေါင်း ၆၀ အတွင်း မစ္စမန်ကို လွှဲပြောင်းပေးရေး တောင်းဆိုရမယ်ဆိုတဲ့ သတ်မှတ်ချက်အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

အဲဒီရက်ပေါင်း ၆၀ ဟာ လာမယ့် တစ်ပတ်မှာ ပြည့်မှာဖြစ်ပါတယ်။ မစ္စမန်ဟာ လက်ရှိမှာ ဗန်ကူးဗားမြို့မှာ အာမခံနဲ့ ရရှိနေထိုင် နေပါတယ်။

မစ္စမန် ဖမ်းဆီးခံရမှုကြောင့် အမေရိကန်နဲ့ ကနေဒါ ကြား သံခင်းတမန်ခင်း အချင်းများ မကျေလည်မှုတွေ ဖြစ်ခဲ့သလို မစ္စမန် ဖမ်းဆီးခံရပြီးတဲ့နောက် တရုတ်ကလည်း တရုတ်နိုင်ငံထဲမှာ ကနေဒါ နိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေ နယူးဂျာဆီပြည်နယ်က နိုင်ငံတကာ လေဆိပ်ကို အဆင်းအတက် ပိတ်ထား

(၅) မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေ့လို့ နယူးဂျာဆီပြည်နယ်က နိုင်ငံတကာလေဆိပ်ကို အဆင်းအတက် ပိတ်ထား

အမေရိကန်နိုင်ငံ၊ နယူးဂျာဆီပြည်နယ်ထဲက Newark နိုင်ငံတကာ လေဆိပ်အနီးနားမှာ မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေကို တွေ့ခဲ့ရလို့ လေယာဉ်တွေ အတက်အဆင်း လုပ်တာကို ယာယီ ပိတ်ပင် ထားပါတယ်။

လေဆိပ်အနီးနားက ပုဂ္ဂလိက လေယာဉ်ကွင်းမှာ မောင်းနှင်နေတဲ့ လေယာဉ်မှူး တစ်ဦးက အဲဒီ ဒရုန်းလေယာဉ်တွေထဲက တစ်စင်းဟာ သူ့လေယာဉ်အနားကို ၉ မီတာ လောက် အကွာကနေ ကပ်ပြီး ပျံသန်း ခဲ့တယ်လို့ လေကြောင်း ထိန်းချုပ်ရေး စင်တာကို အကြောင်းကြားခဲ့တာပါ။

ဒါကို ကြိုတင်သတိရှိတဲ့ အနေနဲ့ အာဏာပိုင်တွေဟာ လေဆိပ်မှာ လေယာဉ်အတက် အဆင်းကို ဆိုင်းငံ့ ထားတာပါ။ Newark ဆိပ်ဟာ အမေရိကန်မှာ ၁၁ ခု မြောက် အသုံးများဆုံး လေဆိပ် ဖြစ်ပြီး နှစ်စဉ် ခရီးသည် သန်း ၂၀ အသုံးပြုနေတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ