ကုလအထူးကိုယ်စားလှယ် ရခိုင်ဒေသတချို့ကို သွားရောက်ခွင့်မရ

စစ်တွေလေဆိပ်ကိုရောက်လာတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ်ဘူဂနာ ဓာတ်ပုံ မူပိုင် EPA
Image caption စစ်တွေလေဆိပ်ကိုရောက်လာတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ်ဘူဂနာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းရှရနာဘူဂနာ ကို ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်စတဲ့ ဒေသတွေမှာ သွားရောက်ခွင့်ကို အစိုးရက ခွင့်ပြုချက်မပေးခဲ့တာ ဖြစ်ပါတယ်။

မစ္စဘူဂနာဟာ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်အဖြစ် လာရောက်တာဖြစ်ပြီး ရခိုင်ပြည်နယ်ကိုတော့ ဇန်နဝါရီ ၂၂ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

အစိုးရကတော့ သူ့ကို စစ်တွေနဲ့ ပေါက်တောမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခွင့်ပေးခဲ့ပါတယ်။

'သွားခွင့်မပေးခဲ့တဲ့ ဒေသတွေမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့လို့ လုံခြုံရေးအခြေအနေအရ တားမြစ်ရတာ ဖြစ်တယ်' ဆိုပြီးတော့ မစ္စဘူဂနာနဲ့ တွေ့ခွင့်ရခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးဦးမြသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း မစ္စဘူဂနာဟာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လွှတ်တော်ဒုဥက္ကဌ တို့အပြင် ရခိုင်အမျိုးသားပါတီ အေအန်န်ပီ ခေါင်းဆောင်တွေနဲ့ တွေ့ပြီး လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ရက္ခိုင့်တပ်မတော် အေအေ နဲ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေအရေး ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

ခရီးစဉ်အတွင်း မစ္စဘူဂနာဟာ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ပြန်လာရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးဖွယ် ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်ပြည်ကို ရောက်လာတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ အဖွဲ့

မစ္စဘူဂနာရဲ့ ခရီးစဉ်ကို စီစဉ်ပေးရတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသိန်းက ' ဒုက္ခသည်တွေ ပြန်လာရေး ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ဆွေးနွေးနေပြီး တိုးတက်မှုရှိရင် ရှိတဲ့အတိုင်း သူနဲ့ ဆွေးနွေးပြောဖို့ ရှိနေပါတယ်' လို့ ပြောပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဘူဂနာ အဖို့ အခုတခေါက် မြန်မာနိုင်ငံ ခရီးစဉ်ဟာ ၅ ကြိမ်မြောက်ဖြစ်ပြီး ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစီရင်ခံတင်ပြမှာ ဖြစ်ပါတယ်။

မစ္စဘူဂနာ ဟာ လတ်တလော ရခိုင်ခရီးစဉ်ပြီးရင်တော့ နေပြည်တော်မှာ အစိုးရ နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေအပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလို ဌာနဆိုင်ရာတွေနဲ့ တွေ့ဖို့ ရှိနေပါတယ်။