အေအေကို ကေအိုင်အေနယ်မြေထဲမှာ ဖွဲ့စည်းခဲ့ပြီး စစ်သင်တန်းတွေရယူခဲ့တာဖြစ်

ဓာတ်ပုံ မူပိုင် The Irrawaddy
Image caption အေအေဟာ ၂၀ဝ၉ ခုနှစ် ဧပြီလမှာ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်တဲ့ လိုင်ဇာမှာ လူငယ် ၂၆ ဦးနဲ့ စတင် ထူထောင်ခဲ့။

ရခိုင်ပြည်နယ်မှာ ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်အမျိုးသား အဖွဲ့ချုပ်(ယူအယ်လ်အေ)/ရက္ခိုင့်တပ်မတော်(အေအေ)ကို လူတွေအကြားမှာ ပိုသတိထားမိလာကြ ပါတယ်။

တကယ်တော့ အေအေဟာ ၂၀ဝ၉ ခုနှစ် ဧပြီလမှာ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်တဲ့ လိုင်ဇာမှာ လူငယ် ၂၆ ဦးနဲ့ စတင် ထူထောင်ခဲ့တာလည်း ဖြစ်ပါတယ်။ အေအေ တပ်ဖွဲ့ဝင်တွေလည်း ကေအိုင်အေ ဆီကနေ စစ်သင်တန်းတွေ တက်ရောက်ခဲ့ပါတယ်။

ဒီနောက်မှာတော့ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကေအိုင်အေ၊ ကိုးကန့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(အမ်အန်ဒီအေ)၊ တအာင်း လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)တို့နဲ့ ပူးတွဲ လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်က အေအေရဲ့ လှုပ်ရှားမှုတွေကို သတိထားမိသူ နည်းပါးခဲ့ပါတယ်။ အေအေက ၂၀၁၅ ခုနှစ်မှာ ရခိုင်ပြည်နယ် ထဲကို စတင် ဝင်လာနိုင်တာကိုတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ သတင်းတွေအရ သိရတယ်လို့ တိုင်းရင်းသားအရေးကို လေ့လာနေတဲ့ ဦးမောင်မောင်စိုးက ပြောပါတယ်။

"ဒီလိုတွေ့ရတဲ့ အချက်တွေကနေပြီးတော့ သုံးသပ်ရရင်တော့ အေအေရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တော်တော် များများဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို စိမ့်ဝင်လာနိုင်ပြီးတော့ တိုက်ပွဲတွေ ဖြစ်လာတယ်လို့ သုံးသပ်ရ ပါလိမ့်မယ်၊ အခြေခိုင်ပြီလား မခိုင်ဘူးလား ဆိုတာကတော့ ကျနော်တို့လည်း မြေပြင် အခြေ အနေကို မသိတဲ့ အတွက် သုံးသပ်လို့မရပါဘူး"လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။

အရင်က ဖွဲ့စည်းတည်ရှိခဲ့ဖူးတဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ရခိုင်အမျိုးသားကောင်စီ အေအန်စီ၊ ရခိုင်လွတ်မြောက်ရေးပါတီ အေအယ်လ်ပီ တို့ထက် အေအေက ရခိုင်ပြည်နယ်ထဲ ထိုးဖောက်ဝင်ရောက်လာနိုင်တာ စည်းရုံး လှုပ်ရှားမှုနဲ့ ခေါင်းဆောင်နိုင်စွမ်းတို့ကြောင့်လို့ သူက ဆိုပါတယ်။

၂၀၁၈ ခုနှစ်မှာ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်တွေမှာပါ အေအေနဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာပါတယ်။

အေအေအဖွဲ့က ရခိုင်ပြည်နယ်ထဲက နယ်ခြားစောင့်ရဲစခန်း ၄ ခုကို ၂၀၁၉ ခုနှစ်ဆန်း လွတ်လပ်ရေးနေ့မှာ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း တပ်မတော်၊ အစိုးရပိုင်းက သတင်းစာရှင်းလင်းပွဲတွေကနေ အေအေနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့ရသလို လူမှုကွန်ရက် အသုံးပြုတဲ့သူ တွေအကြား ဒီအဖွဲ့ အကြောင်း ပြောဆိုဆွေးနွေး ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာနေခဲ့တဲ့ အချိန်မှာ အေအေရဲ့ စစ်ဦးစီးချုပ်အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကတော့ ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမှာပဲ ဆက်ရှိနေခဲ့ကြပါတယ်။ ဒီတော့ အေအေနဲ့ ကေအိုင်အေနဲ့ ဆက်နွယ်မှုဟာ ဘယ်လို ရှိနေသလဲဆိုတာ သုံးသပ်သူတွေကလည်း သိချင်နေကြပါတယ်။

ရန်ကုန်အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆင်က ပြီးခဲ့တဲ့ ၁၀ နှစ်က အေအေကို ထူထောင်ရာမှာ လက်နက်၊ သင်တန်း အစစအရာရာ ကူညီခဲ့တဲ့ ကေအိုင်အေနဲ့ အေအေရဲ့ ဆက်နွယ်မှုကို သိရဖို့က ဒီအချိန်မှာ အရေးကြီး တယ်လို့ သုံးသပ်ပါတယ်။

"လွန်ခဲ့တဲ့ ၄ နှစ်ကနေ စပြီး ရခိုင်နဲ့ ချင်းဘက်မှာ အေအေက စစ်မျက်နှာသစ်တွေ ဖွင့်လိုက်တာကို ကေအိုင်အေအနေနဲ့ ဘယ်လို မြင်သလဲဆိုတာ သိဖို့ကလည်း အရေးကြီးပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လောက်ထိ အောင်မြင်သလဲ။ တပ်မတော်နဲ့ အန်အယ်လ်ဒီအစိုးရက အေအေနဲ့ ကေအိုင်အေရဲ့ ဆက်ဆံရေးကို ဘယ်လို မြင်သလဲ ဆိုတာတွေကလည်း အရေးကြီးပါတယ်။ ဒီပဋိပက္ခမှာ သူတို့ရဲ့ ဆက်နွယ်မှုကို သိပ်ပြီး လေ့လာတာ မတွေ့ရသေးပါဘူး" လို့ သူက ပြောပါ တယ်။

ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန
Image caption အေအေ တပ်ဖွဲ့ဝင်တွေ

ခုချိန်မှာ ကေအိုင်အို ခေါင်းဆောင်တွေ ဒီကိစ္စကို ဘယ်လိုတွေးနေလဲဆိုတာ သူက သေချာမသိပေမယ့် စစ်မျက်နှာသစ်တခု ဖွင့်လာတာကြောင့် စစ်ရေးအရ ဒါဟာ ကေအိုင်အေအပေါ် ဖိအားတွေ ခဏလျော့ကျ သွားစေသလို အကျိုးဖြစ်စေတယ်ဆိုတဲ့ အတွေးတွေလည်း ကေအိုင်အေ ခေါင်းဆောင်တွေဆီမှာ ရှိကောင်းရှိနေနိုင်ပါတယ်လို့ ဒေးဗစ်မက်သီဆင်က ဆိုပါတယ်။

အေအေအပေါ် ကေအိုင်အေအနေနဲ့နိုင်ငံရေးအရ လွှမ်းမိုးမှု ရှိနိုင်မယ်လို့ မထင်ပေမယ့် သူတို့ ၂ ဖွဲ့စလုံးမှာ အဆုံးသပ်မှာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် စတဲ့ ရည်မှန်းချက်တော့ တူညီကြတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အေအေ အဖွဲ့ ပြောခွင့်ရ ဦးခိုင်သုခက ၂၀ဝ၉ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေက အဲဒီမှာ ထူထောင်ဖို့ အခြေအနေမပေးလို့ လိုင်ဇာမှာ အေအေကို ထူထောင်ခဲ့ရတာ ဖြစ်ပေမယ့် အေအေအပေါ် ဘယ်အဖွဲ့ကမှ လွှမ်းမိုးမှုမရှိဘူးလို့ ပြောပါတယ်။

"ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ရဲ့ လုပ်ငန်းတွေကို ရခိုင်မှာပဲ အကောင်ထည်ဖော်ခဲ့ကြတာဗျ၊ စစ်ပညာပဲ သွားသင်ကြတာပါ။ တခြားဟာတွေကတော့ ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ပဲ လှုပ်ရှားခဲ့ကြတာပါ"လို့ ဦးခိုင်သုခက ပြောပါတယ်။

နိုင်ငံ မြောက်ပိုင်းဘက်မှာတော့ အေအေအနေနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေနဲ့ ပူးပေါင်း စစ်ရေးလှုပ်ရှားခဲ့ ပေမယ့် ရခိုင်ပြည်နယ်ထဲမှာတော့ အေအေ တဖွဲ့တည်း သီးသန့် တိုက်ခိုက်နေတာလို့ သူက ဆိုပါတယ်။ဒါ့အပြင် အေအေဟာ ကေအိုင်အေရဲ့ ထိန်းချုပ် လွှမ်းမိုးမှုအောက်မှာ ရှိမနေဘဲ နိုင်ငံရေး စစ်ရေး အရ ရခိုင် စစ်ဦးစီးချုပ်ရဲ့ အမိန့်ပေးဦးဆောင်မှု အောက်မှာ ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်နဲ့ ကချင်တော်လှန်ရေးတပ်ဖွဲ့အကြား ဆက်နွယ်မှု

သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ကချင်နဲ့ ရခိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြား ဆက်နွယ်မှုက အရင်ကတည်းက ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

၁၉၆၈ ခုနှစ်နောက်ပိုင်း အစိုးရကို တော်လှန်တဲ့ ရခိုင့်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ခဲ့ကြပါတယ်။ အရင်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ မဟာမိတ် အေအယ်လ်ပီ၊ အေအန်စီတို့ကလည်း ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တချို့ ရခိုင်တပ်ဖွဲ့တွေက ကေအိုင်အေဆီမှာ စစ်သင်တန်းတွေကို သွားရောက်သင်ကြားခဲ့တာတွေ ရှိခဲ့တာကြောင့် ရခိုင်နဲ့ ကချင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား အရင်ကတည်းက ဆက်နွယ်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

လက်နက်ခဲယမ်းမီးကျောက်တွေရရှိဖို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ အားပြုစရာမရှိလို့ ဒီလို မြောက်ပိုင်းမှာ အခြေပြုခဲ့ကြတာလို့ တိုင်းရင်းသားအရေးကို လေ့လာနေတဲ့ ဦးမောင်မောင်စိုးက ရှင်းပြပါတယ်။

အေအေတပ်ဖွဲ့ဝင်တွေ အနေနဲ့ ကေအိုင်အေထံမှာ စစ်သင်တန်းတွေ တက်ကြပြီး သင်တန်းပြီးတဲ့အခါမှာတော့ ရခိုင်ပြည်နယ်ကို ပြန်ပြီး လှုပ်ရှားကြတယ်လို့ ကေအိုင်အေက ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ကေအိုင်အေအနေနဲ့ အေအေကို လက်နက်ခဲယမ်းမီးကျောက်တွေ ထောက်ပံ့နေသလားဆိုတဲ့ ကိစ္စကိုတော့ သူမသိဘူးလို့ ဆိုပါတယ်။

အေအေက လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး အန်စီအေလည်း လက်မှတ် မထိုးထားသလို UWSA ဝ တပ်ဖွဲ့က ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မီတီ (အက်ဖ်ပီအန်စီစီ) မှာ၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် အဖြစ် ပါဝင်နေတာတွေကြောင့် ဆက်စပ်မှုကတော့ရှိနေတယ်လို့ ကေအိုင်အေက ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကိစ္စတွေအပေါ် ကေအိုင်အေ ပါဝင်တဲ့ တပ်ပေါင်းစုအတွင်း ဆွေးနွေးမှုတွေ ရှိနိုင်ပေမယ့် အသေးစိတ်ကိုတော့ မသိရဘူးလို့ သူက ပြောပါတယ်။

တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ တခြား လက်နက်ကိုင်တွေကို ကူညီတယ်ဆိုတာ စစ်သဘော အရ ပြန့်ကျဲ သွားအောင်ဖြစ်ပြီး ဒီလို ပြန့်ကျဲသွားမှသာ ကိုယ့်ဆီ ဦးတည်နေတဲ့ အစိုးရတပ်အင်အားကို လျော့ချနိုင်မှာ ဖြစ်တယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် AUNG HTET
Image caption ငြိမ်းချမ်းရေးဆွေးနွေးပွဲ

အေအေနဲ့ ကေအိုင်အေ ဆက်စပ်မှုက အစိုးရနဲ့ ကေအိုင်အေရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မလား

အခုလို အေအေနဲ့ ကေအိုင်အေတို့အကြား တချို့သော ဆက်စပ်မှုတွေက ကေအိုင်အေနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ဖြစ်စဉ်ကို ထိခိုက်နိုင်မလားဆိုတာကလည်း အရေးပါတဲ့ အကြောင်းအရာတရပ် ဖြစ်နေပါ တယ်။

ဒေးဗစ်မက်သီဆင်ကတော့ ဒီဆက်စပ်မှုက ကေအိုင်အေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ထိခိုက်မှု ရှိနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လတ်တလော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကြည့်လိုက်ရင် ကေအိုင်အေနဲ့ အစိုးရတို့ရဲ့ ဆွေးနွေးမှုကလည်း ရှေ့မတိုးနောက်မဆုတ်တဲ့ အနေအထား ဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

"တပ်မတော်နဲ့ သူတို့ရဲ့ အကြား ဆွေးနွေးမှုတွေက ဘယ်လိုမှ ရှေ့မဆက်နိုင်တာကြောင့် ကချင်ရဲ့ နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်တွေနဲ့ စကားပြော ကြည့်တဲ့ အခါ သူတို့က ကြိတ်မနိုင်ခဲမရ ဖြစ်နေတာကို တွေ့ရပါ တယ်။ ဒါ့ကြောင့် ကချင်ရဲ့အမြင်ကနေ ကြည့်ရမယ်ဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာ ရပ်နေတဲ့ အတွက် ရခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တိုက်ရိုက် ထိခိုက်ပျက်စီးစေမယ်လို့ သူတို့က မထင်ဘူးလို့ ကျနော် ထင်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်က ရှေ့ဆက်သွားနေမယ်၊ ဆွေးနွေးပြောဆိုမှုတွေ ရှိနေမယ်၊ တချို့သော ကိစ္စတွေမှာ သဘောတူညီမှုတွေ ရှိနေမယ် ဆိုရင်တော့ ကေအိုင်အေအနေနဲ့ ဒီဖြစ်စဉ်ကနေ ထွက်သွားဖို့ စိတ်ပူမိမယ်လို့ ထင်ပါတယ်။ ခုတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်က ရှေ့မဆက်နိုင်တော့ သူတို့ စိတ်ပူမှာ မဟုတ်ပါဘူး"လို့ သူက ပြောပါတယ်။

ဒါပေမယ့် အေအေက ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖော်ဆောင်နေတာ ကြောင့် အေအေရဲ့ မဟာမိတ် ကေအိုင်အေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ထိခိုက် သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ယူဆပါတယ်။

တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ အစိုးရနဲ့ ရင်ဆိုင်တဲ့အခါ သူတို့က အနည်းစု ဖြစ်တယ်လို့ ယူဆထား တာကြောင့် တဖွဲ့နဲ့ တဖွဲ့ကူညီဖို့နဲ့ စုစည်းဖို့ ကြိုးစားလေ့ရှိပြီး ဒါက အစိုးရနဲ့ ဆက်ဆံရေးကို ထိခိုက်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက မမြင်ဘဲ အစိုးရနဲ့ ဆက်ဆံတဲ့အခါ ပိုအားကောင်းအောင် ကြိုးစားမှုတခုလို မှတ်ယူထားတယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

အေအေအဖွဲ့ကလည်း သူတို့ရဲ့ ရက္ခိတအိပ်မက်ဆိုပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ကွန်ဖက်ဒရေးရှင်းဆန်ဆန်ပြည်နယ်တစ်ခု ထူထောင်လိုတယ်လို့ ဆန္ဒရှိကြောင်း အတိအလင်း ထုတ်ပြောထားပြီး အခုနှစ် ဇန်နဝါရီလထဲမှာလည်းပဲ ကချင်အဖွဲ့အစည်းတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စုပေါင်း စည်းဝေးခဲ့ကြပြီး ကချင်ပြည်နယ်ကို သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခု အဖြစ် ထူထောင်လိုတဲ့ ရည်မှန်းချက်ရှိကြောင်း ကြေညာချက်တစ်ခု ထုတ်ပြန်ထားပါတယ်။