ဖမ်းဆီးခံကျောင်းသားတွေ လွတ်မြောက်ရေး မန်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံမယ် စတဲ့ ဇန်နဝါရီ ၂၄ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
Image caption မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ မနေ့က တောင်းဆိုနေကြစဉ်

(၁) ဖမ်းဆီးခံကျောင်းသားတွေ လွတ်မြောက်ရေး မန်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံမယ်

ရတနာပုံတက္ကသိုလ်က ဗကသ ကျောင်းသား ၇ ယောက် ဖမ်းဆီး တရားစွဲခံထားရတာနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တချို့ တိုင်းအစိုးရရုံးမှာ ဒီကနေ့ မနက်ပိုင်းမှာ တွေ့ဆုံကြပါမယ်။

ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသားတွေအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ပြန်သုံးသပ်ပေးဖို့နဲ့ မြို့ပြင်မှာ ရှိနေတဲ့ တက္ကသိုလ်တွေရဲ့ လုံခြုံမှု အစီအမံတွေ ပိုထားပေးဖို့ တောင်းဆိုသွားမယ်လို့ တွေ့ခွင့်ရရာမှာ ပါဝင်တဲ့ မိတ္ထီလာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုမင်းထက်မြတ်က ပြောပါတယ်။

" ကျောင်းသားတွေကို စွဲထားတဲ့ပုဒ်မ အားလုံးက အထွေထွေအုပ်ချုပ်ရေး ဌာနက စွဲထားတာ၊ ထွေအုပ်က တိုင်းအစိုးရအဖွဲ့ အုပ်ချုပ်ရေးလက်အောက် ရောက်ပြီလေ၊ ဒါကြောင့် ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်တောင်းပြီး စွဲထားတဲ့ ပုဒ်မတွေဟာ ကျောင်းသားတွေအပေါ် မျှတမှု မရှိလို့ ဝင်ဆွေးနွေး ပြောဆိုပေးဖို့ တောင်းဆိုမှာပါ" လို့ ကိုမင်းထက်မြတ်က ဆိုပါတယ်။

ဖမ်းဆီးခံထားတဲ့ ကျောင်းသားတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ ငြိမ်းစုစီ ဥပဒေ၊ အားပေးအားမြောက်မှုတွေ ဖြစ်တဲ့ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၉၊ ၄၃၅၊ ၁၁၄ တွေနဲ့ ဖမ်းဆီးတရားစွဲခံရပြီး အိုးဘိုအကျဉ်းထောင်ကနေ တရားရင်ဆိုင် နေရပါတယ်။

ကျောင်းသား ၇ ယောက် ကို အမရပူရမြို့နယ် တရားရုံးမှာ မနေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီစစ်ဆေးမှု အပြီးမှာပဲ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တချို့က မန္တလေးတိုင်း အစိုးရရုံးရှေ့ကို သွားပြီး ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့် တောင်းဆိုကြရာက ခုလိုတွေ့ခွင့် ရတာဖြစ်ပါတယ်။

(၂) ကာကွယ်ရေး၊ ပြည်ထဲရေး ပါဝင်တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းသွားဖို့ရှိ

ကမ်းရိုးတန်းအရှည် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားတဲ့ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတဲ့ မြန်မာ နိုင်ငံအနေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ဖို့အတွက် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ပေါင်းစုံပါဝင်တဲ့ အစည်းအဝေးတစ်ခု ဇန်နဝါရီ ၂၁ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ဝန်ကြီးဌာနတွေ အားလုံးရဲ့ တွေ့ဆုံဆွေးနွေးထားချက်တွေကို နိုင်ငံတော် သမ္မတရုံးကို ပြန်လည် တင်ပြမှာဖြစ်ပြီး အဲဒီနောက်မှသာ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဘယ်ဝန်ကြီး ဌာနအောက်မှာ ဘယ်ဌာနတွေက ပါဝင် ဖွဲ့စည်းမယ် ဆိုတာကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောပါတယ်။

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ပြီး ငါးခိုးဖမ်းတာတွေ၊ ရေလမ်းကြောင်းကို ညအသုံးပြုပြီး မူးယစ်ဆေးဝါး ကုန်သွယ်တာတွေ ရှိနေတဲ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက အင်ဒိုနီးရှား အလံ လွှင့်တင်ထားတဲ့ ကုန်တင်သင်္ဘောတစ်စီး ဝင်ရောက်နေတာကို ဒေသခံတွေ သတင်းပေးမှ သိရှိတာ မျိုးတွေ ကြုံတွေ့နေရလို့ ခုလိုဖွဲ့စည်းတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ ဇွန် စင်္ကာပူ ပထမအကြိမ် ထိပ်သီးပွဲ အပြီးမှာတော့ ခိုင်မာတဲ့ တိုးတက်မှု ရလဒ် တွေ အကောင်အထည် မဖော်နိုင်သေး

(၃) ထရမ့်ရဲ့ ထိပ်သီး ဆွေးနွေးပွဲ အစီအစဉ်ကို ကင်ဂျုံအွန်း ကြိုဆို

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပေးစာကို လက်ခံရရှိပြီးနောက် ဒုတိယအကြိမ်မြောက် ထိပ်သီး ဆွေးနွေးပွဲ အစီအစဉ်ကို ကျေနပ်အားရကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ထုတ်ဖော် ပြောဆိုလိုက်တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဝါရှင်တန်ကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ လက်ထောက် တစ်ဦးကို တွေ့ဆုံပြီး မစ္စတာကင်က အခုလို မှတ်ချက်ပြုတာလည်း ဖြစ်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလကုန်ပိုင်းမှာ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ၂ ယောက်ဟာ ထပ်မံ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်ရုံးက ကြေညာထားပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လက တွေ့ဆုံခဲ့တဲ့ ပထမအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲ အပြီးမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး အစီအစဉ်မှာ တိုးတက်မှု အနည်းငယ်သာ တွေ့မြင်ရပါသေးတယ်။

၂၀၁၉ ဇန်နဝါရီထဲမှာတော့ နောက်တစ်ကြိမ် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် နှစ်နိုင်ငံကြား အပြန်အလှန် သံတမန် ဆက်သွယ်ရေးတွေ ဆောင်ရွက်နေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အမေရိကန်နဲ့ သံတမန် ဆက်ဆံရေး ဖြတ်တောက်မယ်လို့ ဘရားဇီးလက်ရှိသမ္မတ ပြောဆို

(၄) အမေရိကန်နဲ့ သံတမန် ဆက်ဆံရေး ဖြတ်တောက်မယ်လို့ ဗင်နီဇွဲလားလက်ရှိသမ္မတ ပြောဆို

ဗင်နီဇွဲလားနိုင်ငံမှာ စင်ပြိုင်အစိုးရ ထောင်လိုက်တဲ့ အတိုက်အခံ အမျိုးသားညီလာခံ ဥက္ကဋ္ဌ Juan Guaidó ကို အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တောင်အမေရိက ဦးဆောင်နိုင်ငံတွေက ထောက်ခံတယ်လို့ ပြောလိုက် ချိန်မှာပဲ လက်ရှိသမ္မတ မာဒူရိုက အမေရိကန်နဲ့ သံတမန် ဆက်ဆံရေး ဖြတ်တောက်မယ်လို့ ပြောဆို လိုက်ပါတယ်။

အမေရိကန်နဲ့ သံတမန်ရေး ဖြတ်တောက်မှာဖြစ်ပြီး သံတမန်တွေ အနေနဲ့ နိုင်ငံထဲကနေ ထွက်ခွာဖို့ အချိန် ၇၂ နာရီ သမ္မတက ပေးထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းဖို့ ကြိုးပမ်းတယ်လို့ ဆိုပြီး အမျိုးသားညီလာခံ ဥက္ကဋ္ဌကို ရာဇဝတ်ကြောင်းအရ စုံစမ်းဖို့ သမ္မတ မာဒူရိုက တရားရုံးချုပ်ကို အမိန့်ပေးထားပါတယ်။

ဗင်နီဇွဲလား အစိုးရတပ်တွေကတော့ သမ္မတ မာဒူရိုအပေါ် သစ္စာခံကြောင်း ထပ်လောင်းပြောဆိုထား ပါတယ်။

အတိုက်အခံတွေကို ထောက်ခံသူ ထောင်သောင်းချီဟာ နိုင်ငံတဝှမ်းက မြို့ကြီးတွေရဲ့ လမ်းတွေပေါ် တက်လာချိန်မှာပဲ အမျိုးသားညီလာခံ ဥက္ကဋ္ဌ Juan Guaidó ကလည်း သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ကြေညာထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တင်းနစ်အကျော်အမော် Naomi Osaka

(၅) ဂျပန်စားသောက်ကုန်ကုမ္ပဏီ Nissin က တင်းနစ်အကျော်အမော် နာအိုမီ အိုဆာကီကို တောင်းပန်ရ

ဂျပန်စားသောက်ကုန် ကုမ္ပဏီ Nissin ရဲ့ ကြော်ငြာဖန်တီးတစ်ခုမှာမှာ တင်းနစ်အကျော်အမော် နာအိုမီ အိုဆာကီ (Naomi Osaka)ပုံတူကာတွန်းရုပ်ကို အသားဖြူအောင် ပြုပြင်ပြီး ထည့်သွင်းခဲ့တဲ့အတွက် တောင်းပန်လိုက်ပါတယ်။

ဂျပန်သွေး တစ်ဝက်နဲ့ ဟာဝိုင်ယီသွေး တစ်ဝက်စီ ပါပြီး လက်ရှိမှာ ကမ္ဘာ့အဆင့် ၄ တင်းနစ်မယ် Naomi ဟာ US Open တင်းနစ်ပြိုင်ပွဲမှာ တင်းနစ်အကျော်အမော် ဆာရီနာဝီလျံ ကို မနှစ်တုန်းက အနိုင် ရရှိခဲ့တာကြောင့် သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံနေရသူ ဖြစ်ပါတယ်။

Nissin ကတော့ ဒါဟာ ကြော်ငြာဖန်တီးမှု တစ်ခုသာ ဖြစ်ပြီး အားကစားအကျော်အမော်ကို တမင်အသားဖြူအောင် ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမိုင်းတလျှောက် ကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး

ဒီသတင်းနဲ့ပတ်သက်သမျှ