ကေအိုင်အိုနဲ့ အစိုးရအဖွဲ့ကိုယ်စားလှယ်တို့ မြန်မာနိုင်ငံထဲမှာပဲ တရားဝင်တွေ့ဆုံသွားဖို့ ရှိနေ

ရိက္ခာပြတ်တောက်နေတဲ့ ကချင်ပြည်နယ် ဒုက္ခသည်စခန်းတချို့က စစ်ရှောင်ဒုက္ခသည်တွေ ဓာတ်ပုံ မူပိုင် ZINGHTUNG YAWNG HTANG
Image caption ရိက္ခာပြတ်တောက်နေတဲ့ ကချင်ပြည်နယ် ဒုက္ခသည်စခန်းတချို့က စစ်ရှောင်ဒုက္ခသည်တွေ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့မြန်မာအစိုးရတာဝန်ရှိသူတွေဟာ လာမယ့် ဖေဖော်ဝါရီလထဲမှာ တရားဝင်တွေ့ဆုံဖို့ရှိတယ်လို့ငြိမ်းချမ်းရေး အကျိုဆောင်အဖွဲ့ PCG ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးဆန်းအောင်က ဘီဘီစီကိုပြောပါတယ်။

ဇန်နဝါရီ ၂၁ရက်နေ့က KIO ကိုယ်စားလှယ်တွေနဲ့အစိုးရကိုယ်စားလှယ်တွေတရုတ်နိုင်ငံကူမင်းမြို့မှာ အလွတ် သဘောတွေ့ဆုံပြီးခဲ့တဲ့နောက်မှာ အခုလို တရားဝင်တွေ့ဆုံဖို့ ဖြစ်လာတာပါ။

တွေ့ဆုံပွဲကို မြန်မာပြည်ထဲမှာတွေ့ဆုံဖို့ပြင်ဆင်ထားပြီး အစိုးရနဲ့တွေ့ဆုံတဲ့အခါမှာလည်း တပ်မတော် ဘက်က ကိုယ်စားလှယ်တွေလဲ ပါဝင်မှာဖြစ်ပြီး KIO ကိုယ်စားလှယ်တွေအနေနဲ့လည်း အစိုးရနဲ့ မတွေ့ ဆုံခင်မှာ တပ်ဘက်က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တာတွေရှိခဲ့ပါတယ်။

''အပစ်ရပ်ပြီးမှ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကိစ္စ၊ ယုံကြည်မှုတည်ဆောက်ဖို့က အဓိက ယုံကြည်မှုရှိမှ ဆက်သွားလို့ရမှာဆိုတော့ ယုံကြည်မှုတည်ဆောက်ဖို့က အဓိကပါပဲ။ တရားဝင် ဆွေးနွေး ပွဲဆိုရင် ဗိုလ်ချုပ်ကြီး အင်ဘန်လတော့ပါချင်မှ ပါမယ်။ ဆွေးနွေးရေးအဖွဲ့ဖွဲ့ထားတော့ သူတို့နဲ့ဖြစ်ဖို့ပိုများ ပါတယ်။ ဗိုလ်ချုပ်ကြီးအင်ဘန်လကတော့ လက်မှတ်ထိုးစရာရှိတဲ့အခါမျိုး ယုံကြည်မှုတည်ဆောက်ရတဲ့အခါ တွေမှာပဲ ပါမှာပါ။'' လို့ အစိုးရနဲ့တရားဝင်တွေ့ဆုံပွဲပြုလုပ်မယ့်အပေါ် ဦးဆန်းအောင်ကပြောပါတယ်။

တရားဝင်တွေ့ဆုံပြီး အစိုးရနဲ့ဆွေးနွေးတဲ့အခါမှာ KIO ဘက်က KIO အပြင် AA၊ TNLA နဲ့ MNDAA တို့ကိုပါ အတူတကွဆွေးနွေးလိုတယ်လို့တင်ပြခဲ့ပြီး ဒီလိုတင်ပြရတာဟာ ဒီလေးဖွဲ့စလုံးက အပစ်အခတ်ရပ်စဲရေး စာချုပ် မရှိသေးတဲ့အဖွဲ့တွေ ဖြစ်တဲ့အတွက်ကြောင့်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်းအပစ်အခတ်ရပ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် KIO ခေါင်းဆောင်တွေ နဲ့ တပ်မတော်က ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ နှစ်ကြိမ်တွေ့ဆုံခဲ့ပေမဲ့လည်း အဆင်မပြေခဲ့ပါဘူး။

လတ်တလောမှာတော့ တပ်မတော်ဘက်က ဧပြီလကုန်ထိအပစ်အခတ်ရပ်စဲ ထားမယ်လို့ ကြေညာ ထားတဲ့ အတွက် ကချင်ပြည်နယ်မှာတိုက်ပွဲမဖြစ်ပေမဲ့ အစိုးရနဲ့kIO ကြား NCA စာချုပ်လက်မှတ်ရေး ထိုးနိုင်ဖို့ အတွက်ဆို အရင်ဆုံး တပ်မတော်နဲ့KIO အဖွဲ့ကြားအပစ်အခတ်ရပ်ရေးစာချုပ် ချုပ်ဆိုထားဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသူတချို့က ထောက်ပြပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ