မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့မယ်

စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့မြင်ရတဲ့ တပ်မတော်( ရေ)ရဲ့ စစ်ရေယာဉ်တစ်စီး ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့မြင်ရတဲ့ တပ်မတော်( ရေ)ရဲ့ စစ်ရေယာဉ်

ကမ်းရိုးတန်းအရှည် မိုင်ပေါင်း ၁,၃၀၀ ကျော် ရှည်လျားတဲ့ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတဲ့ မြန်မာ နိုင်ငံ အနေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကို ပထမဆုံးအနေနဲ့ ဖွဲ့စည်းသွားဖို့ ကာကွယ်ရေး၊ပြည်ထဲရေးအပါအဝင် ဝန်ကြီးဌာနပေါင်းစုံပါဝင်ပြီး ပထမဆုံးအကြိမ်အနေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနပေါင်းစုံပါဝင်တဲ့ အစည်းအဝေးတစ်ခု ကို ဇန်နဝါရီ ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

' ' မြန်မာနိုင်ငံအနေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တစ်ခုကတော့ ရှိသင့်နေပြီဆိုတဲ့တစ်ချက်ကို အားလုံး သဘောတူခဲ့ကြတယ်။ နောက်တစ်ခုက အိမ်နီးချင်းနိုင်ငံတွေက ကမ်းခြေစောင့်တပ်ဖွဲ့တွေကိုလေ့လာဖို့၊ နောက်တစ်ခုကတော့ ဥပဒေပေါ့။ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့နိုင်ဖို့ ဆိုရင် ဥပဒေတစ်ရပ်လိုအပ်နေပြီဆိုတာကို အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်'' လို့ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ဖို့ လုပ်ဆောင်နေတဲ့အခြေ အနေနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ဘီဘီစီကိုပြောပြပါတယ်။

ရှည်လျားလှတဲ့ ကမ်းရိုးတန်းဒေသကိုပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့ မြန်မာ့ပင်လယ်ပြင် ပိုင်နက် အတွင်း တရားမဝင် ဝင်ရောက်ပြီး ငါးခိုးဖမ်းတာတွေ၊ရေလမ်းကြောင်းကို အသုံးပြုပြီး မူးယစ်ဆေးဝါး ကုန်သွယ်တာတွေ ရှိနေတဲ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက အင်ဒိုနီးရှား အလံလွှင့်တင်ထားတဲ့ ကုန်တင်သင်္ဘောတစ်စီး ဝင်ရောက်နေတာ ကိုဒေသခံတွေသတင်းပေးမှ သိရှိတာ မျိုးတွေ ကြုံတွေ့နေရ တာ ဖြစ်ပါတယ်။

လက်ရှိမြန်မာ့ရေပိုင်နက်အတွင်း ကင်းလှည့်တာ လုံခြုံရေးဆောင်ရွက်တာတွေကိုတော့ တပ်မတော်(ရေ) နဲ့ ရေကြောင်းရဲက တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

ကမ်းခြေစောင့် တပ်ဖွဲ့ကိုတရားဝင်ဖွဲ့စည်းပြီးပြီဆိုရင်တော့ တပ်မတော်(ရေ)အနေနဲ့ ရေပိုင်နက်လုံခြုံရေးကို လုပ်ကိုင်ခွင့်ရှိတော့မှာ မဟုတ်ဘူးလို့လည်း ဦးဝင်းခန့်ကပြောပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ဖို့ အရေးကို ဝန်ကြီးဌာနတွေအားလုံး တွေ့ဆုံဆွေးနွေး ထားချက်တွေကို နိုင်ငံတော်သမ္မတရုံးကို ပြန်လည်တင်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။

အဲဒီနောက်မှသာ ကမ်းခြေစောင့်တပ်ဖွဲ့ကို မည်သည့်ဝန်ကြီးဌာနအောက်မှာ မည်သို့ ဖွဲ့စည်းတည်ဆောက်သွားမယ်ဆိုတာကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်ရဲ့ပြောကြားချက်အရသိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ