စည်ပင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေ မဲဆွယ်ရာမှာ ပါတီတံဆိပ်တွေခေါင်းဆောင်ပုံတွေ အသုံးပြုနိုင်မယ်လို့ ပြန်လည် ပြောင်းလဲ

မြို့တော်စည်ပင်မှ နောက်ဖေးလမ်းကြား အမှိုက်ရှင်းနေစဉ် ဓာတ်ပုံ မူပိုင် YCDC
Image caption မြို့တော်စည်ပင်မှ နောက်ဖေးလမ်းကြား အမှိုက်ရှင်းနေစဉ်

ရန်ကုန် မြို့တော်စည်ပင်သာယာရေးကောက်မတီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ ပါတီ တံဆိပ် အလံနဲ့ ခေါင်းဆောင်ပုံတွေကို အသုံးမပြုနိုင်ဘူးလို့ ထုတ်ပြန်ထားချက်ကို ပြန်ရုပ်သိမ်း လိုက်တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂၁ရက်နေ့မှာ အသုံးမပြုနိုင်ဘူးလို့ ထုတ်ပြန်ခဲ့ပြီးမှ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြန်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

' ' ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင်ရဲ့အစည်း အဝေး ဆုံးဖြတ်ချက်မှာပါတဲ့ ကန့်သတ်ချက်တွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေမှာ အဲဒီကန့်သတ်ချက်တွေကို ပေးမထားပါဘူး။ မပါတဲ့ အတွက် ရွေးကောက်ပွဲကော်မရှင်က အစည်းအဝေးပြန်ခေါ်ပြီးမှ ပြန်လည်ပယ်ဖျက်လိုက်တာပါ'' လို့ ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းခဲ့တဲ့အပေါ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဘက် အတွင်းရေးမှူးဖြစ်တဲ့ ဦးသန်းကဘီဘီစီကို ပြောပြပါတယ်။

အခုလို ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် ပါတီကြီးတွေကနေ ဝင်ရောက်ယှဉ်ပြိုင်သူတွေ အနေနဲ့ မဲဆွယ်ရာမှာ အားသာချက်တွေ ရှိလာမှာဖြစ်တယ်လို့ ထောက်ပြပြောဆိုသူတွေ လည်းရှိလာပါ တယ်။

' ' ၂၁ ရက်နေ့က ထုတ်ပြန်ချက်ကို ၂၃ ရက်နေ့မှာ အစည်းအဝေးပြန်ထိုင်ပြီး နည်းဥပဒေမှာ မပါလို့ဆိုပြီး ပြန်ပြီး ထုတ်ပြန်တယ်။ အဲတော့ ၂၁ရက်နေ့မှာ အစည်းအဝေးလုပ်တုန်းက ကော်မရှင်က နည်းဥပဒေကို သေချာမလေ့လာထားလို့လား ဒါမှမဟုတ် တစ်ခုခုကများလွှမ်းမိုးမှုရှိနေလား။ လွှမ်းမိုးမှုရှိနေတယ် ဆိုရင် တော့ ဒါစိုးရိမ်စရာပဲ။'' လို့ အခုလို ကြေညာချက် ပြန်လည် ရုပ်သိမ်းလိုက်တဲ့အပေါ် ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ မဲပေးရေးလှုံ့ဆော်မှုတွေပြုလုပ်သွားဖို့ရှိနေတဲ့ ရန်ကုန်လူငယ်ကွန်ရက် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကိုဇေလင်းမွန်က ထောက်ပြပြောဆိုပါတယ်။

ဒါ့အပြင် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက်လည်း မျှတမှုမရှိနိုင်သလို ပါတီကြီးတွေက ကိုယ်စားလှယ်တွေသာ အားကောင်းလာနိုင်ပြီး တစ်သီးပုဂ္ဂလတွေအတွက် အခွင့်အရေးနည်းသွား နိုင်မယ်လို့လည်း ကိုဇေလင်းမွန်က မှတ်ချက်ပြုပြောဆိုပါတယ်။

အခုလို ကြေညာချက်အပြောင်းအလဲအပေါ် ဝေဖန်မှုတွေရှိနေချိန်မှာပဲ ဇန်နဝါရီ ၂၄ ရက်နေ့မှာ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးအောင်ခိုင်က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ပြီး ကော်မရှင်အနေနဲ့ မတ်လ ၃၁ ရက်နေ့မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို ဇန်နဝါရီ ၄ ရက်နေ့မှာမှ တာဝန်ပေးအပ်ခံရတာဖြစ်တဲ့အတွက် အချိန်ကာလတို တောင်းတဲ့အပေါ်မှာ လိုအပ်ချက်တွေ လည်း ရှိနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ယခင် စည်ပင်သာယာရွေးကောက်ပွဲမှာ ပါတီ အမှတ်တံဆိပ်တွေအသုံးပြုခွင့်မရှိဘဲ ယခုအကြိမ် ရွေးကောက်ပွဲမှာ ဥပေဒကို ပြန်လည်ပြင်ဆင်လိုက်တဲ့အတွက် ပါတီ တံဆိပ် အလံ ခေါင်းဆောင်ပုံတွေကို အသုံးပြုယှဉ်ပြိုင် နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ