ဖမ်းဆီးခံ ကျောင်းသားတွေ အရေး မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဘာလုပ်ပေးမလဲ

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဓာတ်ပုံ မူပိုင် Mandalay Region Hluttaw
Image caption မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်

နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ရတနာပုံတက္ကသိုလ် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ (ဗကသ) အဖွဲ့ဝင် ကျောင်သား ၇ ယောက်နဲ့ ပတ်သက်ပြီး ဗကသ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် တချို့ဟာ ဒီကနေ့ မန္တလေးတိုင်းဒေသကြီး အစိုးရရုံးမှာ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေက ဘီဘီစီကို ပြောပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ကျောင်းသားတွေအပေါ် တရားစွဲထားတာတွေကို ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်အတွင်းက အကောင်းဆုံး ဖြေလျော့လုပ်ပေးမယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က ကတိပေး ပြောဆိုတယ်လို့ တွေ့ဆုံရာမှာ ပါဝင်တဲ့ ကျောင်းသားကိုယ်စားလှယ် မိတ္ထီလာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုမင်းထက်မြတ်က ပြောပါတယ်။

" တရားစွဲဆိုထားတဲ့ ထွေအုပ် (အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး) ကို တိုင်းအစိုးရဘက်က မေတ္တာရပ်ခံတဲ့ စာသော်လည်းကောင်း၊ တိုက်ရိုက်ညွှန်ကြားတာမျိုး ပုံစံ တခုခုနဲ့ ပြန်ရုပ်သိမ်းဖို့တောင်းဆိုခဲ့တာ၊ အဲဒါကို သူလုပ်ပိုင်ခွင့်ထဲကနေ အကောင်ဆုံး ဖြစ်မြောက်အောင် လုပ်မယ်ဆိုပြီး ဝန်ကြီးချုပ်က ကတိပေးလိုက်တယ်" လို့ ကိုမင်းထက်မြတ်က ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားတွေ ဆန္ဒပြ လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အရေးယူစရာလည်း မရှိဘူး၊ စိတ်လည်း မဆိုးဘူး၊ သူကိုယ်တိုင်လည်း အလားတူ ဖြတ်သန်းလာခဲ့လို့ နားလည်တယ်လို့လည်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က ပြောတယ်လို့ ကိုမင်းထက်မြတ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသား ကိုစိုးမိုးဟိန်း လုယက် သတ်ဖြတ်ခံရပြီးတဲ့နောက် မြို့ပြင်ရောက် တက္ကသိုလ်တွေက ကျောင်းသားတွေအတွက် လုံခြုံရေးဝန်ထမ်း တိုးမြှင့်ချထားရေးဖို့နဲ့ ကျောင်း သန့်ရှင်းရေးဝန်ထမ်းတွေ ခန့်ထားပေးဖို့ ဗကသကျောင်းသားတွေက တောင်းဆို ခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
Image caption ရတနာပုံတက္ကသိုလ် သမဂ္ဂအဖွဲ့အမှုဆောင်တွေကို ဝန်ကြီးချုပ် ကျမ်းကျိန်ပေးခဲ့စဉ်က

သူတို့တွေ အကြိမ်ကြိမ် တောင်းဆိုခဲ့တာကို တာဝန်ရှိသူတွေက လျစ်လျူရှုလို့ဆိုပြီး ဒီဇင်ဘာ ၂၈ ရက်က မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရ တာဝန်ရှိသူတချို့နဲ့ ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်တို့ရဲ့ ဓာတ်ပုံတွေကို ကျောင်းသားတွေက ရတနာပုံ တက္ကသိုလ်ကျောင်းဝင်းထဲမှာ မီးရှို့ဆန္ဒပြရာမှ ခုလို ဖမ်းဆီးခံရတာပါ။

ဖမ်းဆီးခံထားတဲ့ ကျောင်းသားတွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ ငြိမ်းစုစီ ဥပဒေ၊ အားပေးအားမြောက်မှုတွေ ဖြစ်တဲ့ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၉၊ ၄၃၅/၁၁၄ တွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး အိုးဘိုအကျဉ်းထောင်ကနေ တရားရင်ဆိုင် နေရပါတယ်။

ကျောင်းသားတွေအပေါ် စွဲဆိုထားတဲ့ အမှုတွေမှာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ သာ ရဲတပ်ဖွဲ့က တရားစွဲဆို ခဲ့တာ ဖြစ်ပြီး၊ ကျန်တဲ့ အမှု ၃ မှု က အထွေထွေအုပ်ချုပ်ရေး ဌာနက စွဲဆိုတာ ဖြစ်တာကို တွေ့ရတယ်လို့ ကျောင်းသားသမဂ္ဂ အဖွဲ့တွေက ပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေး ဌာနဟာလည်း တိုင်းအစိုးရအဖွဲ့ အုပ်ချုပ်ရေးလက်အောက်မှာ ရှိနေတာကြောင့် စွဲထားတဲ့ ပုဒ်မတွေဟာ ကျောင်းသားတွေအပေါ် မျှတမှု မရှိတာကြောင့် ဝင်ရောက် ဆောင်ရွက်ပေးဖို့ အတွက် ဝန်ကြီးချုပ်ကို တွေ့ဆုံခွင့် တောင်းခဲ့ကြတာပါ။

တွေ့ဆုံခွင့် ရရာမှာလည်း မြို့ပြင်ရောက် တက္ကသိုလ်တွေက ကျောင်းသားတွေအတွက် လုံခြုံမှု အစီအမံတွေ ပိုမိုထားပေးနဲ့ အသတ်ခံခဲ့ရတဲ့ ကျောင်းသား အမှုနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုပါ မေးမြန်းပြောဆိုခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။

" လုံခြုံရေးအတွက်လည်း ဆောင်ရွက်တာတွေ ရှိနေတယ်၊ ဒီထက်လည်း လုပ်ကိုင်ပေးမယ်ပေါ့၊ ကျောင်းသား အသတ်ခံရတဲ့ အမှုကိုလည်း တရားခံ ဖမ်းမိရေး သေသေချာချာ လုပ်ကိုင်နေတယ်ဆိုပြီး အထောက်အထားတွေနဲ့ ရဲတိုင်းမင်းကြီးက ပြောသွားတယ်" လို့ ကိုမင်းထက်မြတ်က ပြောပါတယ်။

ဒီနေ့တွေ့ဆုံရာမှာ ကျောင်းသားကိုယ်စားလှယ် ၃ ယောက်နဲ့အတူ တိုင်းအစိုးရအဖွဲ့ဝင်တွေ ဖြစ်တဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း ၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုး၊ တိုင်းဒေသကြီး တရားလွှတ်တော် ရှေ့နေချုပ်၊ တိုင်း ဥပဒေချုပ်တို့ ကိုပါ တိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က ခေါ်ယူဆွေးနွေး ပေးခဲ့လို့ တွေ့ဆုံပွဲက အကျိုးရှိပြီး ဆွေးနွေးတင်ပြလိုတဲ့ အကြောင်းအရာစုံကို ပြောခွင့်၊ မေးမြန်းခွင့် ရခဲ့တယ်လို့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကျောင်းသားတွေကို တရားစွဲဆိုထားတဲ့ ပုဒ်မတွေဟာ ကျေအေးခွင့် မရှိတဲ့ အမှုတွေဖြစ်ပြီး လောလောဆယ် တရားစွဲဆိုထားတဲ့ အဆင့်မှာ ဖြစ်စဉ်အပေါ် တရားစွဲဆိုထားတဲ့ အဖွဲ့အစည်းက ရုပ်သိမ်းခွင့်ရှိတဲ့ ပုဒ်မတွေ ဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

"၄၃၅/၁၁၄ က ထောင် ၇ နှစ် ချလို့ ရတယ်၊ ၅၀၅ (ခ) က ထောင် ၂ နှစ် အထိ ချလို့ ရတယ်။ ဒီအမှုတွေက ကျေအေးခွင့် ရှိတယ်။ သို့သော်လည်း ရုပ်သိမ်းခွင့်ရှိတယ်။ တရားစွဲတဲ့ အဖွဲ့အစည်း ရဲတို့က မှတ်ချက် ပေးရတယ်။ တရားရုံးရဲ့ ဆင်ခြင်တုံ တရားပေါ် မူတည်တယ်" လို့ ဦးသိန်းသန်းဦးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
Image caption ရတနာပုံတက္ကသိုလ် ရှေ့ဆန္ဒပြနေတဲ့ ကျောင်းသားတချို့

ကျောင်းသား ၇ ယောက် ဖမ်းဆီးခံထားရတာဟာ တစ်လနီးပါး ကြာမြင့်လာပြီ ဖြစ်သလို ဇန်နဝါရီ ၂၃ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကိုဖုန်းမြင့်ကျော်ရဲ့ မိခင်ဖြစ်သူကတော့ မြို့ပြင်မှာရှိတဲ့ တက္ကသိုလ်တွေကို သွားတက်ရတဲ့ မိမိတို့ရဲ့ သားသမီးတွေရဲ့ လုံခြုံရေးကို စိုးရိမ်ပူပန်ရပြီး၊ မကြာခဏ ဆိုသလို ဖုန်းအလုခံရတာတွေ၊ သတင်းမီဒီယာတွေက တဆင့် ကျောင်းသား အသတ်ခံရတဲ့ သတင်းတွေ ကြားနေရလို့ ဝန်ကြီးချုပ် အနေနဲ့ ကိုယ်သားသမီးတွေလို ကိုယ်ချင်းစာပြီး လုပ်ဆောင်ပေးစေလိုတယ်လို့ ပြောပါတယ်။

" ကိုယ့်ကလေးမှ မဟုတ်ပါဘူး၊ သူများကလေးတွေ လုံခြုံရေးအတွက်လည်း စိုးရိမ်တယ်။ သားကိုလည်း ဖုန်းနဲ့မကွာဖို့ အမြဲသတိပေးနေရတယ်။ အခုလည်းကိုယ့်သားက သူ့အတွက်တင် မဟုတ်ဘဲ တခြားကလေးတွေ လုံခြုံရေးအတွက်ပါ တောင်းဆိုတာ၊ ဝန်ကြီးချုပ်တို့ တခြားအလုပ်ရှုပ်နေတာလည်း သိပါတယ်။ ကိုယ်သားသမီးလို ကိုယ်ချင်းစာပေးပါ" ကိုဖုန်းမြင့်ကျော်ရဲ့ မိခင်ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက် ညနေ ၅ နာရီ ခွဲလောက်က မိတ္ထီလာ စီးပွားရေးတက္ကသိုလ်က ပထမနှစ် BBA ကျောင်းသူတစ်ယောက် လမ်းလျှောက် ပြန်လာချိန် ကျောင်းအထွက် အနောက်ပေါက်လမ်းမှာ အရိုက်ခံရလို့ ဆေးကုသမှု ခံယူခဲ့ရတဲ့ အမှု တစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီ ဖြစ်စဉ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက် စုံစမ်း စစ်ဆေးနေသလို ကျောင်းသားကျောင်းသူတွေ သတိဝီရိယရှိစွာ သွားလာကြဖို့လည်း မိတ္ထီလာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ