ရသေ့တောင်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တိုင်းရင်းဆေးဆရာကို မတရားအသင်း ဆက်သွယ်မှုနဲ့ အမှုစွဲတင်

ရေကောင်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တိုင်းရင်းဆေးဆရာတို့ကို ရုံးချိန်းစစ်ဆေးမှုအတွင်း မိသားစုနဲ့ အတူတွေ့ရပုံ ဓာတ်ပုံ မူပိုင် Narinjara
Image caption ရေကောင်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တိုင်းရင်းဆေးဆရာတို့ကို ရုံးချိန်းစစ်ဆေးမှုအတွင်း မိသားစုနဲ့ အတူတွေ့ရပုံ

ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွာက ဖမ်းဆီးခံထားရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ တိုင်းရင်းဆေးဆရာကို ဒီကနေ့ ရသေ့တောင်မြို့နယ် တရားရုံးမှာ ပြုလုပ်တဲ့ ရုံးထုတ်စစ်ဆေးမှုမှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) အမှုစွဲတင်လိုက်တယ်လို့ အမှုကို လိုက်ပါကူညီပေးသူက ပြောပါတယ်။

"သူက အုပ်ချုပ်ရေးမှုး တစ်ယောက်ဖြစ်တော့ ကိုယ့်ရဲ့ ကျေးရွာထဲကို ဘယ်သူပဲဖြစ်ဖြစ် လာလာ ကူညီရတယ်။ လွှတ်တော် ကိုယ်စားလှယ်သွားလည်း လိုက်ပါဆောင်ရွက်ရတယ်၊ အစိုးရအဖွဲ့ သွားရင်လည်း လိုက်ပါဆောင်ရွက် ရသလို စစ်တပ်က လာရင်လည်း ဆောင်ရွက်ပေး ရတယ်။ အေအေ လက်နက်ကိုင် အဖွဲ့ကလာရင်လည်း သွားလုပ်ပေးကောင်း လုပ်ပေးရမှာပေါ့၊ သူတို့တွေဟာ နီးရာဓားကို ကြောက်နေရသူတွေပါ" လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ရေကောင်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တိုင်းရင်းဆေးဆရာတို့ကို ဖမ်းဆီးချိန်က မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေ ပုဒ်မ (၅၈) (ကျန်းမာရေးဦးစီးဌာနရဲ့လက်မှတ်မရှိဘဲ ကုသမှု) နဲ့ တိုင်းရင်းဆေးဆရာကို တရားစွဲဆိုခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို တရားလို သက်သေ (ဆေးကုသနေတာကို သိရက်နဲ့ ထိမ်ချန်မှု) အဖြစ် ထည့်ဖမ်းဆီး ထားတယ်လို့ ဆိုပါတယ်။

ရေကောင်းချောင်း ကျေးရွာဟာ ရက္ခိုင့် တပ်မတော်(အေအေ) နဲ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဘူးသီးတောင် နယ်စပ်မှာ ရှိနေတဲ့ ကျေးရွာဖြစ်ပြီး၊ နယ်ခြားစောင့်တပ် ကျေးရွာကို ရောက်ရှိလာချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှုး မရှိနေချိန်နဲ့ တိုက်ဆိုင်ပြီး အခုလို ဖမ်းဆီးခံခဲ့ရတာလို့ ဒီအမှုကို လိုက်ပါကူညီပေးသူက ပြောပါတယ်။

သူတို့တွေကို ဒီဇင်ဘာ ၂၈ ရက်က စစ်တပ်ဖမ်းဆီးခေါ်ဆောင်သွားနောက် စေတီပြင် နယ်ခြားစောင့် စခန်းကို လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။ စေတီပြင် နယ်ခြားစောင့်စခန်းကနေ ရသေ့တောင်မြို့မ စခန်းကို ထပ်မံ လွှဲပြောင်းပြီးတဲ့နောက် စေတီပြင်ရဲစခန်းရဲ့ စခန်းမှုးက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) နဲ့ အမှုဖွင့် တရားစွဲဆို ခဲ့တယ်လို့ ဆိုပါတယ်။

" သူတို့တွေ ကြားညပ်သွားတာ၊ အရမ်းရိုးတဲ့သူတွေ အရမ်းလည်း ကြောက်တတ်ကြတယ်။ ကျေးရွာမှာက ဆရာဝန် ကျန်းမာရေးမှူးမှ မရှိတာ၊ တိုင်းရင်းဆေးဆရာပဲ အားကိုးရတယ်။ ဆေးကုလို့ လူသေတာလည်း မရှိဘူးလို့ ရွာသားတွေက ပြောတယ်။ နေတဲ့ရွာနဲ့ ရဲစခန်း၊ တရားရုံးတွေကို သွားနေရတာ နားလည်းမလည် ဒုက္ခရောက်ကြတယ်ဆိုပြီး မိသားစုတွေက ဖုန်းဆက်ပြောကြတယ်" လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption ရသေ့တောင်မြို့နယ် တရားရုံး

အလားတူပဲ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွာသား ၂ ဦးကိုလည်း မတရားအသင်းနဲ့ ဆက်သွယ်ကူညီ ငွေကြေးထောက်ပံ့တယ်ဆိုပြီး ပုဒ်မ ၁၇ (၁)(၂) ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ အမှုကို လိုက်ပါ ကူညီပေးသူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား လတ်တလော တိုက်ပွဲ ဖြစ်စဉ်တွေကြောင့် အခုလို ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ ဖမ်းဆီးတရားစွဲ ခံရတာ၊ ခေါ်ယူမေးမြန်း စစ်ဆေးခံရတာတွေ ရှိနေတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှုးအကြား ထိတ်လန့် နေကြပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် ရသေ့တောင်မြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အယောက် ၃၀ ဟာ သူတို့ရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ကြောင့်ကြမှုတွေ ရှိလာပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ဇန်နဝါရီ ၁၅ ရက်က သွားရောက်ပြီး သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တာဝန်ရှိသူတွေ အနေနဲ့ ကူညီဖြေရှင်းပေးဖို့နဲ့ မဖြေရှင်းပေးနိုင်ရင် တာဝန်ကနေ နုတ်ထွက်ကြဖို့ ရှိနေတယ် ဆိုတာ တင်ပြခဲ့ကြတယ်လို့ သူတို့တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ