ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ဆေးအရေးယူသင့်တယ်လို့ မစ္စယန်ဟီးလီပြော၊အိန္ဒိယသမ္မတပေးတဲ့ ဂုဏ်ထူးဆောင် သားကောင်းဆု မြန်မာနိုင်ငံသားတစ်ဦး ရရှိအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ထွက်ပြေးရမှု တပ်မတော် ခေါင်းဆောင်တွေကို စွပ်စွဲထား

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ဆေးအရေးယူသင့်တယ်လို့ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီပြော

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တခြားတာဝန်ရှိသူတွေကို လူမျိုးတုံးသုတ်သင်မှုနဲ့ စစ်ဆေးအရေးယူသင့်တယ်လို့ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံခဲ့အပြီး ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ တဲ့သတင်းစာ ရှင်းလင်းပွဲမှာ မစ္စယန်ဟီးလီးကအခုလို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် တာဝန်ရှိသူတွေကို အရေးယူမှသာ ဒုက္ခသည်တွေ ပြန်လာရေးအတွက် အဆင်ပြေမှာ ဖြစ်တယ် လို့လည်း သူမက သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားခဲ့ပါတယ်။

မစ္စယန်ဟီးလီကို မြန်မာနိုင်ငံကိုလာရောက်ခွင့်ကို မြန်မာအစိုးရဘက်က ပိတ်ပင်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Embassy of India, Yangon
Image caption အိန္ဒိယနွယ်ဖွား ဂုဏ်ထူးဆောင် သားကောင်းဆု (The Pravasi Bharatiya Samman Award) ကို မြန်မာနိုင်ငံက ဦးမောင်ရွှေ ရရှိ

အိန္ဒိယသမ္မတပေးတဲ့ ဂုဏ်ထူးဆောင် သားကောင်းဆု မြန်မာနိုင်ငံသားတစ်ဦး ရရှိ

အိန္ဒိယသမ္မတ Mr Ramnath Kovind က ပေးအပ်တဲ့ နိုင်ငံရပ်ခြားနေ အိန္ဒိယနွယ်ဖွား ဂုဏ်ထူးဆောင် သားကောင်းဆု (The Pravasi Bharatiya Samman Award) ကို မြန်မာနိုင်ငံက ဦးမောင်ရွှေ (ခေါ်) Shri Banwarilal Satya Narayan Goenka ကရရှိခဲ့တယ်လို့ အိန္ဒိယသံရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဦးမောင်ရွှေဟာ၂၀၁၉ ခုနှစ်အတွက် ဒီဆု( Pravasi Bharatiya Samman Award) ကို ယူဂန္ဓာ၊ အီတလီ၊ ဆွစ်ဇာလန်၊ တောင်အာဖရိကနဲ့ ပြင်သစ်စတဲ့ နိုင်ငံ ၄ ခုက လူ ၄ ဦးနဲ့အတူ ရရှိခဲ့တာဖြစ်ပါတယ်။

ပြည်ပကြွေးမြီ ဒေါ်လာသန်းပေါင်း တစ်သောင်းကျော်အနက် တရုတ်က ချေးငွေအများဆုံးနဲ့အတိုးနှုန်း အမြင့်ဆုံးဖြစ်

မြန်မာနိုင်ငံရဲ့ ကြွေးမြီ ဒေါ်လာသန်းပေါင်းတသောင်းကျော်အနက် အတိုးနှုန်းမြင့်တဲ့ ကြွေးမြီတွေကို ပြန်ဆပ်နိုင်ဖို့ နည်းလမ်းရှာရန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းခဲ့ပါတယ်။

ပြည်ပကြွေးမြီ ဒေါ်လာသန်းပေါင်းတသောင်းကျော်အနက် တရုတ်နိုင်ငံက ကြွေးမြီက ဒေါ်လာ လေးထောင်လောက်ရှိနေပြီး အတိုးနှုန်းက လေးရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းဝန်းကျင်အထိရှိနေတာဖြစ်ပါတယ်။

' ' ကျန်တဲ့နိုင်ငံတွေက အတိုးနှုန်းက ပွိုင့် ၀၁ တို့ ၁ တို့လောက်ပဲရှိတာ ။တရုတ်က လေးရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ဖြစ်နိုင်ရင်ဒါကို နည်းလမ်းရှာပြီး ဆပ်ဖို့ ပြောတာပေါ့။ အတိုးနှုန်းနည်းနည်းနဲ့ရမယ့် နိုင်ငံတွေကနေ ထပ်ချေးစေချင်တယ်။ ဒီအတိုးနှုန်းမြင့်တဲ့အကြွေးတွေကို မြန်မြန်ဆပ်လိုက်ပေါ့။ ဟိုအကြွေးတွေက ဆိုင်းငံ့ကာလကလည်း ကြာမယ်။ အတိုးနှုန်းကလည်းနည်းတော့ ဆပ်ရတာချင်းအတူတူသက်သာတာပေါ့။'' လို့ လွှတ်တော်မှာတိုက်တွန်းပြောကြားခဲ့တဲ့ ချောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးကဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အစိုးရဌာနတွေမလည်ပတ်နိုင်ခဲ့တဲ့အတွက်အစိုးရ ဝန်ထမ်း ၈သိန်းဟာ ၃၅ရက်ကြာ လစာမရဘဲရှိခဲ့

အမေရိကန် အစိုးရယန္တရားတွေရပ်တန့်ထားတာကို ယာယီအဆုံးသတ်ဖို့ သမ္မတထရမ့်သဘောတူ

အမေရိကန်အစိုးရယန္တရားတွေ ရပ်ဆိုင်းထားရတာကို ယာယီအဆုံးသတ်ဖို့ သမ္မတထရမ့်က သဘောတူ လိုက်ပါတယ်။

ပါတီ ၂ရပ်ဆွေးနွေးညှိနှိုင်းပြီးတဲ့နောက် ဒေါ်လာ ၇ ဒဿမ ၅ ဘီလီယံဘတ်ဂျက် ကိုအသုံးပြုပြီး အစိုးရ ဌာနတချို့ သုံးပတ်အကြာပြန်လည်လည်ပတ်နိုင်ဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

အဲဒီဘတ်ဂျက်ထဲမှာ အဓိကပြဿနာဖြစ်နေတဲ့ မက္ကစီကို နယ်စပ်တံတိုင်းတည်ဆောက်ရေး ဘတ်ဂျက် မပါဝင်သလို အပြီးသတ်ပယ်ချတာမျိုးလည်း မလုပ်ထားပါဘူး။ ဒီ ၃ပတ်အတွင်းမှာ နယ်စပ်တံတိုင်း ဘတ်ဂျက်အရေးကို ပြန်ပြီးဆွေးနွေးကြမှာဖြစ်ပါတယ်။

အမေရိကန်အစိုးရ ယန္တရားတွေ ရပ်ဆိုင်းပြီး အစိုးရဌာနတွေမလည်ပတ်နိုင်ခဲ့တဲ့အတွက်အစိုးရ ဝန်ထမ်း ၈သိန်းဟာ ၃၅ရက်ကြာ လစာမရဘဲရှိခဲ့ပါတယ်။