တပ်မတော်ထုတ်ပြန်ချက်အပေါ် KNU တုံ့ပြန်တဲ့အကြောင်းအပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

Image caption ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင်များ

(၁) တပ်မတော်ထုတ်ပြန်ချက်အပေါ် KNU တုံ့ပြန်

တပ်မတော်က အပစ်အခတ်ရပ်စဲထားတဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကနေ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားမှု ၁၃ ကြိမ်၊ နယ်မြေကျော်လွန်လှုပ်ရှားမှု ၁၆၈ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁၀ ကြိမ်၊ လူသစ်စုဆောင်းမှု ၂၀ ကြိမ်၊ တပ်မတော်ကို ချောင်းမြောင်းပစ်ခတ်မှု ၁၀ ကြိမ်နဲ့ ကားမိုင်းဖြစ်စဉ်ဖြစ်ပွားမှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး " ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေး အတွက်ထုတ်ပြန်ချက်" ပါ အပိုဒ်(၅)၊ (၆)နှင့် (၇)တို့ကို အကြိမ်ကြိမ် ဖောက်ဖျက်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ NCA မထိုးထားတဲ့ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ လူသစ်စုဆောင်းတာ ဆက်ကြေးကောက်တာတွေအများဆုံးပြုလုပ်တယ်လို့ ပါရှိပါတယ်။

NCA စာချုပ်လက်မှတ်ထိုးထားတဲ့ KNU အဖွဲ့အနေနဲ့လည်း ဒီဇင်ဘာ ၂၁ ရက်နေ့က ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ဆက်ကြေးကောက်ခံမှု ၂ ကြိမ်၊ ချောင်းမြောင်းပစ်ခတ်မှု ၉ ကြိမ်နဲ့ကားမိုင်းဖြစ်စဉ် ၂ ကြိမ်တို့ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင့်အမျိုးသား အစည်းအရုံး KNUရဲ့ အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမူးကတော့ 'ဖွံဖြိုးရေးကိစ္စနဲ့ လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကာလတွေမှာ တစ်ယောက်နဲ့ တစ်ယောက် စွပ်စွဲအပြစ်တင်တဲ့ ပုံစံမျိုးကြုံရတာဖြစ်တယ်၊ ကေအန်န်ယူအနေနဲ့ အစိုးရနဲ့ တပ်မတော်ကို တွေ့ဆုံဆွေးနွေးဖို့ အမြဲတောင်းဆိုနေပြီး ဒီကြားကာလမှာ အခုလို နားလည်မှုလွဲတဲ့ ကိစ္စတွေ ဖြစ်ရတာပါ'လို့ ပြောပါတယ်။

KNU အဖွဲ့အနေနဲ့အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၂ခုနှစ် ကစလို့ ၂ ဖက်တပ်တွေ နေရာချထားရေးဆွေးနွေးဖို့ တင်ပြခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဒီကိစ္စဟာ အခုချိန်ထိတော့ ဆွေးနွေးတာ မတွေ့ရသေးပါဘူးလို့လည်း ပြောပါတယ်။

ဒီပြသာနာတွေကိုဖြေရှင်းနိုင်ဖို့အတွက် KNU အပါအဝင် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအနေနဲ့ လာမယ့်ဖေဖော်ဝါရီလ ထဲမှာ အစိုးရ၊ တပ်မတော်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်ဆိုပြီးတော့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

(၂) ဘရာဇီးဆည်ပြိုမှု ၃၉ ဦးသေဆုံး၊ ရာနဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘရာဇီးဆည်ပြိုမှု ရာနဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဘရူမာဒင်ညိုမြို့က ဖှေဂျိုသံရိုင်းသတ္တုတွင်းမှာ အနည်စစ်ကန်ကို ကာထားတဲ့ ဆယ်ပြိုကျလို့ လူအနည်းဆုံး ၃၉ ဦးသေဆုံးခဲ့ပြီး ရာနဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဘရာဇီးအစိုးရကထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့က ပြိုကျခဲ့တဲ့ဆည်ဟာ ဘရာဇီးရဲ့ အကြီးဆုံး သတ္ထုတွင်း ကုမ္ပဏီဖြစ်တဲ့ Vale ကုမ္ပဏီပိုင် သတ္ထုတွင်းကဖြစ်ပြီး ဘာ့ကြောင့် ပြိုကျရတယ်ဆိုတာ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လောလောဆယမှာတော့ ကယ်ဆယ်ရေးသမားတွေဟာ ဆည်ပြိုကျရာ မင်းနားဂျဲရိုင် ပြည်နယ်အတွင်းက ဘရူမာဒင်ညိုမြို့မှာ မြေကြီးဖယ်ရှားတဲ့စက်တွေ၊ ရဟတ်ယာဉ်တွေသုံးပြီး ကယ်ဆယ်ရေးတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။

(၃) အာဖဂန်အရေး အမေရိကန်နဲ့ တာလီဘန်တွေဆွေးနွေး

ဓာတ်ပုံ မူပိုင် AFP
Image caption အာဖဂန်မှာတွေ့ရတဲ့ အမေရိကန်တပ်သားတွေ

အာဖဂန်နစ္စတန်နိုင်ငံတွင်း နှစ်ပေါင်း ၁၇ နှစ်တာ ကြာရှည်နေပြီဖြစ်တဲ့ တာလီဘန်တွေနဲ့ ပဋိပက္ခစစ်မီးကို အဆုံးသတ်နိုင်ရေး ဆွေးနွေးနေခဲ့ရာမှာ သိသာတဲ့ပြောင်းလဲမှုတွေ ရလာခဲ့ကြပြီလို့ အမေရိကန်အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

ကာတာမှာ အာဖဂန်ငြိမ်းချမ်းရေးအတွက် အမေရိကန်နဲ့ တာလီဘန်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲဟာ ၆ ရက်တာရှိနေပြီး ဒါဟာ မျှော်လင့်ထားတာထက်ပိုပြီး ရက်ကြာကြာ ဆွေးနွေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်အထူးကိုယ်စားလှယ် ဇမိုင်းခါလစ်ဇက်က ကာတာဆွေးနွေးပွဲကနေ ရရှိတဲ့ တိုးတက်မှုတွေကို အာဖဂန်အစိုးရကို အသိပေးထားတယ်လို့ ပြောပါတယ်။

လက်ရှိသဘောတူမှု မူကြမ်းမှာ အာဖဂန်မြေပေါ်ကနေ နိုင်ငံခြားတပ်တွေ ရုပ်သိမ်းပေးမယ်ဆိုတဲ့ လိုက်လျောမှုမျိုး အမေရိကန်ကပေးမယ့် လက္ခဏာမျိုးတွေ့ရတယ်လို့ တာလီဘန်တွေဘက်က ပြောတာမျိုးလည်း ရှိနေပါတယ်။

အပြန်အလှန်အားဖြင့် အမေရိကန်ဘက်ကလည်း တာလီဘန်တွေအနေနဲ့ နိုင်ငံရပ်ခြားက ဂျီဟတ်ဝါဒီလက်နက်ကိုင်တွေကို အာဖဂန်မြေပေါ်မှာ လက်သင့်ခံမထားဖို့ကို အလိုရှိနေတာဖြစ်ပါတယ်။

(၄) ဟွာဝေးကိစ္စကြောင့် တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ် ရာထူးကထုတ်ခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကနေဒါဝန်ကြီးချုပ်နဲ့ အတူတွေ့ရတဲ့ တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်

တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ် ဂျွန်မက်ကလန်ဟာ တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးရဲ့ ထိပ်သီးအမှုဆောင်အမျိုးသမီး မန်ဝမ်ကျိုးကို အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် ကနေဒါက ဖမ်းဆီးထားတယ်ဆိုတဲ့အပေါ် ပြောခဲ့တဲ့ မှတ်ချက်ကြောင့် ရာထူးကနေ ထုတ်ပယ်ခံရတယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

မစ္စတာ မက်ကလန်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒူးက ထုတ်ပြန်ပေမယ့် အကြောင်းပြချက်တစုံတရာတော့ မပေးခဲ့ပါဘူး။

ဟွာဝေးရဲ့အမှုဆောင် မန်ဝမ်ကျိုးကို လွှဲပေးဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို ဝေဖန်တဲ့စကားမျိုး မစ္စတာမက်ကလန်က ပြောခဲ့ပြီး အဲ့ဒီအတွက်လည်း လူသိရှင်ကြားပြန်လည်တောင်းပန်ထားရပါတယ်။

မန်ဝမ်ကျိုးကို ကနေဒါက ဖမ်းဆီးခဲ့တဲ့ နောက်ဆက်တွဲအနေနဲ့ တရုတ်နိုင်ငံထဲမှာလည်း ကနေဒါနိုင်ငံသား ၂ ယောက် ထိန်းသိမ်းခံထားရပါတယ်။