ရသေ့တောင်တိုက်ပွဲကြောင့် အရပ်သား ၂ ဦး ကျည်မှန်

ဒဏ်ရာရတဲ့ ကလေးကို ဆေးရုံကို ခေါ်ဆောင်လာစဉ် ဓာတ်ပုံ မူပိုင် NARINJARA
Image caption ဒဏ်ရာရတဲ့ ကလေးကို ဆေးရုံကို ခေါ်ဆောင်လာစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ဘက် သမီးလှ ကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ တို့အကြား ဇန်နဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရခဲ့ပြီး ကလေးငယ်က ဒဏ်ရာပြင်းထန်တဲ့အတွက် ရသေ့တောင်ဆေးရုံကနေ စစ်တွေပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ဆေးကုသပေးနေရပါတယ်။

ဒဏ်ရာရထားတဲ့ ကလေးငယ်ဟာ အသက် ၇ နှစ်အရွယ်ပဲ ရှိသေးပြီး 'ကလေးငယ်ဟာ မိခင်ဖြစ်သူအပါအဝင် ညီအစ်ကို မောင်နှမတွေနဲ့ အိမ်မှာအတူ ရှိနေစဉ်မှာ တိုက်ပွဲဖြစ်ပွားရာက ပစ်ခတ်တဲ့ သေနတ်ကျည်ဆံက ဦးခေါင်း ညာဘက်နားထင်ကို ရှပ်ပြီး ထိမှန်ခဲ့တာ' လို့ ဖခင်ဖြစ်သူ ဦးကျော်ကျော်နိုင်က ပြောပါတယ်။

' ဘယ်သူပစ်မှန်းလည်း မသိပါဘူး။ ဒီကလေးငယ်လိုပဲ ရွာက နောက်ထပ် အမျိုးသမီးတစ်ဦးဟာလည်း တင်ပါးကို သေနတ်ကျည်ဆံ ရှပ်ထိမှန်တယ်' လို့ ဦးကျော်ကျော်နိုင်က ဆက်ပြောပါတယ်။

အေအေနဲ့ တပ်မတော်ကြားတိုက်ပွဲဟာ သမီးလှကျေးရွာကနေ ၂ ဖာလုံလောက်ဝေးတဲ့ အနောက်ဘက် တံတားအနီးမှာ ဖြစ်ခဲ့ပြီး ဒေသခံတစ်ဦးကတော့ 'လက်နက်ကြီးပစ်တာ အချက် ၂၀ လောက်ကြားခဲ့ရပြီး လက်နက်ငယ်အသံတွေတော့ အဆက်မပြတ်ကြားခဲ့ရတယ်' လို့ ပြောပါတယ်။

တိုက်ပွဲရပ်ပြီးတဲ့နောက် ဒဏ်ရာရတဲ့ မောင်နိုင်စိုးကို ကားနဲ့ ရသေ့တောင်ဆေးရုံကို ယူဆောင်လာခဲ့ပေမယ့် ညနေ ၅ နာရီခန့်မှာတော့ ရသေ့တောင်မြို့နယ်ဆေးရုံကနေ စစ်တွေပြည်သူ့ဆေးရုံကို ပြောင်းရွှေ့လိုက်ရတယ်လို့ ရသေ့တောင်မြို့နယ်ထဲက လူမှုကူညီရေးအဖွဲ့တွေစုဖွဲ့ထားတဲ့ စစ်ဘေးရှောင်ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကျော်သာခင် ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေကြားတိုက်ပွဲတွေပြင်းထန်နေပြီး ရသေ့တောင်မြို့နယ်မှာတော့ ဒီလအစောပိုင်းက ရေကောင်းချောင်းကျေးရွာက ကလေးငယ် တစ်ဦး လက်ပစ်ဗုံးပေါက်ကွဲသေဆုံးခဲ့သလို အခု ဒဏ်ရာရတဲ့ ကကလေးငယ် အပါအဝင် အနည်းဆုံး ဒဏ်ရာရသူ ကလေး ၃ ဦးရှိနေပြီ ဖြစ်ပါတယ်။