စစ်ကိုင်းမြို့ မှာ ကျောက်တွင်းပြိုလို့ လူ ၃ ယောက် သေဆုံး၊ ၁ ယောက် အသက်ရှင်လျက် ကယ်နိုင်

ပိတ်မိနေသူတွေကို ရှာဖွေ ဆယ်ထုတ်နေတဲ့မြင်ကွင်း ဓာတ်ပုံ မူပိုင် Swan Pyae Aung
Image caption ပိတ်မိနေသူတွေကို ရှာဖွေ ဆယ်ထုတ်နေတဲ့မြင်ကွင်း

စစ်ကိုင်းမြို့၊ စစ်ကိုင်တောင်ရိုး တောင်ညိုအရှေ့ရွာ အနီးမှာရှိတဲ့ ကျောက်ထုတ်တဲ့ လုပ်ငန်းခွင်မှာ ဒီနေ့ မနက်ပိုင်းက ကျောက်တူးဖော်ရာကနေ ကျောက်တောင်ပြိုကျလို့ လူ ၃ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

"အသက်ရှင်ရက် ၁ ယောက် ကယ်တင်နိုင်တယ်။ မန္တလေး ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါပြီ။ သေဆုံးတဲ့သူ ၃ ယောက်ရဲ့ အလောင်းကိုလည်း ရှာတွေ့ ဆယ်တင်နေပါပြီ။ ၁ ယောက် ကျန်သေးတယ်လည်း ပြောနေတော့ ရှာဖွေနေကြဆဲပါ" လို့ ကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ မန္တလေး အခြေစိုက် Myanmar Rescue အဖွဲ့ဝင် ကိုစွမ်းပြည့်အောင်က ပြောပါတယ်။

ပြိုကျတဲ့ ကျောက်တွင်းဟာ စစ်ကိုင်းမြို့နဲ့ ၃ မိုင် အကွာမှာရှိတဲ့ တောင်ညိုရွာသစ် ရှင်သီဝလီတောရ တောင်ဘက်မှာ ရှိပြီး ကျောက်တောင်တွေကနေ လမ်းခင်းကျောက်အဖြစ် ဒေသခံတွေက တူးဖော်ထုတ် လုပ်ကြတာလို့ စစ်ကိုင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Swan Pyae Aung
Image caption ပိတ်မိနေသူတွေကို ရှာဖွေ ဆယ်ထုတ်နေတဲ့မြင်ကွင်း

အဲဒီကျောက်တောင်ကို အနီးမှာရှိတဲ့ ဒေသခံကျေးရွာသားတွေက တနိုင်တပိုင် လက်နဲ့တူးဖော် ထုတ်လုပ် နေကြတာ ဖြစ်ပြီး၊ ကျောက်တွင်းပြိုကျချိန်မှာ ပိတ်မိနေတဲ့ လူအရေအတွက်ကို အနီးနားရှိသူတွေက အမှတ်မဲ့ဖြစ်ပြီး သေချာပြောပေးနိုင်သူ မရှိဘူးလို့ စစ်ကိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှုး ဦးစိုးမင်းဦးက ပြောပါတယ်။

"လက်နဲ့ တူးထားတော့ အောက်မှာ ကလိုဏ်ပုံစံတွေ ဖြစ်နေတယ်။ အဲ ကလိုဏ်ကြီးတွေထဲ ထော်လာဂျီနဲ့ မောင်းဝင်ပြီး ကျောက်တင်နေတုန်း အပေါ်ကျောက်ပြားက ဝုန်းဆိုပြိုကျတာ လူတွေထွက်ပြေးချိန်တောင် မရဘူးလို့ အနားမှာ ကျောက်တူးနေတဲ့ သူတွေက ပြောတယ်။ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ပါတယ် ကြားရတယ်" လို့ ကျောင်းတွင်းပြိုကျတဲ့ အခြေအနေကို ဦးစိုးမင်းဦးက ပြောပါတယ်။

ပိတ်မိနေသူတွေကို ခက်ခက်ခဲခဲ ဆယ်ထုတ်နေရပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို စစ်ကိုင်း၊ မန္တလေး အခြေစိုက် လူမှုရေးအဖွဲ့၊ အစိုးရ ဌာနဆိုင်ရာ၊ မီးသတ် ကြက်ခြေနီ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကပါ ကူညီ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မနက် ၉ နာရီကျော် ကျောက်တွင်းပြိုကျချိန် ကတည်းက ကျောက်မြေစာ ပိနေပါတဲ့သူတွေကို ကယ်ဆယ်ထုတ်ရာမှာ နေ့လယ် ၂ နာရီ ကျော်မှာတော့ ကျောက်ပိသေဆုံးသူ ၃ ယောက်ရဲ့ အလောင်းတွေကို ဆယ်ထုတ်နိုင်ပြီ သေဆုံးသူတွေဟာ ကျောက်တွင်းပိ ပြင်းထန်ဒဏ်ရာတွေနဲ့ သေဆုံးရတာ ဖြစ်တယ်လို့ Myanmar Rescue အဖွဲ့က အတည်ပြု ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ