ဦးရွှေမန်းပါတီ အန်အယ်လ်ဒီ နဲ့ လက်တွဲမလား၊ တပ်မတော်ကရော ထောက်ခံမှာလား

ဓာတ်ပုံ မူပိုင် Thura Shwe Mann Facebook
Image caption ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဉီးရွှေမန်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဟောင်း သူရ ဦးရွှေမန်းဟာ နိုင်ငံနဲ့ နိုင်ငံသားတွေ အတွက် လိုအပ် လာမယ် ထင်လို့ ပါတီသစ် ထောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း အဖွဲ့ဝင် အဖြစ် ပါဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းဦး က ပြောပါတယ်။

ပါတီ နာမည် နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင် ကို တင်ပြဖို့ နာမည် ၃ မျိုး ကနေ ၄ မျိုး အထိ ရွေးချယ် ထားတယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ ပြည်ထောင်စု ပါတီ၊ ပြည်သူ့အရေး ပါတီ၊ အမျိုးသား အကျိုးစီးပွား အရေး ပါတီ၊ နိုင်ငံသား အရေး ပါတီ စသည်ဖြင့် ပါဝင်တယ်လို့ ဦးဝင်းဦး က ဘီဘီစီကို ပြောပါတယ်။

အဲဒီ နာမည်တွေ ထဲကမှ ကော်မရှင်ကနေ ကန့်ကွက်ရန် ရှိမရှိ ကြေညာ ပြီးမှ တခုကို ရွေးချယ် မယ်လို့ သိရပါတယ်။

ပါတီ ကို အဖွဲ့ဝင် ၁၉ ယောက်နဲ့ စတင်ဖွဲ့စည်းမှာ ဖြစ်ပြီးတော့ အဲဒီအထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက လွှတ်တော် ကိုယ်စားလှယ် ဟောင်း ၄ဦး ပါဝင်ပါတယ်။ အဲဒီလူတွေ အပါအဝင် တပ်မတော် သား ဟောင်း ၇ ဦး ပါဝင် မှာပါ။

အရပ်ဘက်က လူပုဂ္ဂိုလ် ၁၂ ဦး ပါဝင်မှာ ဖြစ်ပြီး အဲဒီလူတွေ ထဲမှာ ကြံ့ခိုင်ရေး ပါတီဝင်ဟောင်း ၁၀ ဦး ပါဝင်ပါတယ်။ လောလောဆယ် အချိန်အထိ ဘယ်သူ ဘယ်ဝါတွေဖြစ်တယ် ဆိုတဲ့ အမည်စာရင်း ထွက်ပေါ်လာ တာတော့ မရှိသေးပါဘူး။

ဓာတ်ပုံ မူပိုင် U Shwe Mann Facebook
Image caption ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဖြူးမှာ မဲဆွယ်စည်းရုံးနေတဲ့ သူရ ဉီးရွှေမန်း

ကြံ့ခိုင်ရေး ပါတီဝင်ဟောင်းတွေ ပါဝင်ပေမယ့် ကြံ့ခိုင်ရေး ပါတီရဲ့ မူဝါဒ တွေနဲ့ လုံးဝ မတူညီတဲ့ မူဝါဒတွေ ချမှတ် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ဦးဝင်းဦး က ဆိုပါတယ်။

ပြည်သူတွေ အတွက် လိုအပ်ချက်တွေ ဖြစ်တဲ့ စီးပွားရေး အခန်းကဏ္ဍ၊ အလုပ်သမား နဲ့ တောင်သူလယ်သမား အရေး အခန်း ကဏ္ဍ တွေမှာ အဓိက လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ဦးဝင်းဦး က ပြောပါတယ်။

သူရ ဦးရွှေမန်း ပါတီသစ် ထူထောင်မယ့် ကိစ္စ နဲ့ ပတ်သက်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း နေပြည်တော်မှာ တိုင်ပင်ပြီး လုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်း ဖြစ်၊ တပ်မတော် ရဲ့ ထိပ်တန်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း အနေနဲ့ ပါတီ ထူထောင်ဖို့ လုပ်ဆောင် လာတာဟာ နိုင်ငံရေး အာဏာ အတွက် အလုပ်လုပ်ချင်တဲ့ အခြေခံ အကြောင်းတရားကြောင့် ဖြစ်တယ်လို့ ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်းအုပ်ကြီး ဦးမြတ်သူ က သုံးသပ်ပါတယ်။

''သူ့အနေနဲ့ ရှိပြီးသား ပါတီ တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်လို့ မရတဲ့ အတွက် သီးခြား ပါတီ ထောင်လာတာပါ။ လက်ရှိ အာဏာရ NLD ပါတီ အပြင် ပြည်ခိုင်ဖြိုး ပါတီ ကလည်း လက်မခံနိုင်တော့တဲ့ အတွက် သီးခြား တစ်စင်ထောင် ဖို့ ဆုံးဖြတ် လိုက်ပုံ ရပါတယ်။ တပ်နဲ့ အလယ်အလတ် အမြင် ရှိတဲ့ တချို့လူတွေရဲ့ အားနဲ့ ပါတီ ထူထောင်လိုက်တယ်လို့ မြင်ပါတယ်'' လို့ဦးမြတ်သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် U Shwe Mann Facebook
Image caption ၂၀၁၅ ရွေးကောက်ပွဲ ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဉီးဝင်းမြင့်တို့ကို တွေ့ရစဉ်

NLD ပါတီနဲ့ မဟာမိတ် ဖြစ်နိုင်မလား။

လက်ရှိ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စ ရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် သူရ ဦးရွှေမန်း ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တာဝန်ပေးထားတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် လွှတ်တော် နိုင်ငံရေး မှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် လှုပ်ရှားတဲ့ အခါမှာ ဦးရွှေမန်း က အကူအညီ ပေးခဲ့ဖူးတာကြောင့် ပြည်ထောင်စု အဆင့် ကော်မရှင်မှာ တာဝန် ပေးအပ် ခဲ့တာ ဖြစ်တယ် ဆိုတဲ့ ထုတ်ဖော် ဝန်ခံချက်တွေလည်း ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့ အတွက် သူရ ဦးရွှေမန်း ပါတီသစ် ထောင်တဲ့ အခါမှာလည်း NLD ပါတီနဲ့ မဟာမိတ် ဖြစ်နိုင် တယ် ဆိုတဲ့ မှန်းဆ ပြောဆိုမှုတွေလည်း ရှိပါတယ်။

ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်းအုပ်ကြီး ဦးမြတ်သူ က သူရ ဦးရွှေမန်း အနေနဲ့ ပြည်ခိုင်ဖြိုးပါတီ ထက် NLD ကိုသာ မဟာမိတ် အဖြစ် ရွေးချယ် နိုင်တယ်လို့ သူ့ အနေနဲ့ ထင်မြင်မိကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မိတ်ဆွေ အဆင့် ဆက်ဆံရေး မျိုးသာ ရှိပြီး မဟာမိတ် သဘောမျိုး ပူးပေါင်း လုပ်ဆောင် တာ မရှိတဲ့ အတွက် မိတ်ဖက် ပါတီ ဖြစ်ဖို့ ခဲယဉ်း တယ်လို့ သတင်းစာဆရာ ကိုသီဟသွေး က သုံးသပ်ပါတယ်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူရဦးရွှေမန်း ရဲ့ ပါတီ ကို မဟာမိတ်ပါတီ အဖြစ် ရွေးချယ်မယ် ဆိုရင် တခြား SNLD ပါတီလို၊ ၈၈ တုန်း က အတူ လှုပ်ရှား ခဲ့သူတွေ ကို ဘယ်လို စဉ်းစားမလဲ ဆိုတဲ့ တွေးတော ချက် ရှိနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က မဟာမိတ် ပါတီ နိုင်ငံရေး ကိုစဉ်းစား မယ်ဆိုရင်တော့ တခြား ပါတီ တွေကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်တဲ့ အတွက် ဦးရွှေမန်း ရဲ့ ပါတီသစ် နဲ့ မဟာမိတ် အဖြစ်ပူးပေါင်း ဖို့ မဖြစ် နိုင်ဘူး ဆိုပြီးတော့လည်း ကိုသီဟသွေး က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် U Shwe Mann Facebook
Image caption ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ NLD ပါတီက ကိုယ်စားလှယ် ကို ရှုံးနိမ့်ခဲ့

ရွေးကောက်ပွဲ နိုင်ခြေ။

သူရ ဦးရွှေမန်းဟာ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တုန်း က ဇာတိ ဖြစ်တဲ့ ဖြူးမြို့နယ် ကနေ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး ရွေးချယ် ခံခဲ့ရကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက် ခဲ့သူပါ။

ဒါပေမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ NLD ပါတီက ကိုယ်စားလှယ် ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဒါကလည်း သမ္မတ ရုံးက ညွှန်ကြားရေးမှူး တယောက်က အဲဒီ ဒေသမှာ တသီး ပုဂ္ဂလ အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့တာ အပြင် ကြံ့ခိုင်ရေး ပါတီ ကိုယ်စား လှယ် ကလည်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး မဲ အကွဲအကွဲ အပြားပြား ဖြစ်မှုကြောင့် ရှုံးနိမ့် ခဲ့ရတာ ဖြစ်တယ်လို့ သူရ ဦးရွှေမန်း က ပြောခဲ့ဖူးပါတယ်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ ဦးရွှေမန်း အနေနဲ့ ဘယ်ဒေသ ကို ကိုယ်စားပြု ပြီး ဝင်ရောက် ယှဉ်ပြိုင်မလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ရွေးချယ် ခံရနိုင်ပါတယ်။ သူ့ရဲ့ ဇာတိမြေက ထောက်ခံအားပေးမှု ကို ယုံကြည်ပြီးတော့ ဖြူးဒေသ ကနေပဲ နောက်တကြိမ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှု လုပ်မယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် ဦးရွှေမန်း ရဲ့ ပါတီသစ် ထူထောင်ပြီးနောက်ပိုင်းမှာ NLD နဲ့ ဘယ်လောက် ပူးပေါင်း ဆောင်ရွက်မှု ရှိသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ လည်း ရွေးကောက်ပွဲ နိုင်ခြေ ကို ခန့်မှန်းရမှာပါ။

NLD နဲ့ပါတီချင်း ဆက်ဆံရေး မှာ ဘယ်လောက် အထိ နားလည်မှု ယူထား သလဲ၊ ဘယ်လောက် အထိ ယုံကြည်မှု ရှိသလဲ ဆိုတဲ့ အချက် တွေကို ကြည့်ပြီး အကယ်၍ အန်အယ်လ်ဒီဘက်က အဲဒီ ဒေသကို မယှဉ်ပြိုင်ဘဲ ချန်လှပ်ထားခဲ့မယ် ဆိုရင် သူဟာ နောက်တကြိမ် ရွေးချယ် ခံရနိုင်တယ်လို့ သတင်းစာဆရာ ကိုသီဟသွေးက သုံးသပ် ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း အား တပ်မတော် အခမ်းအနား မှာ တွေ့ရစဉ်

တပ်မတော် နဲ့ ဆက်ဆံရေး။

သူရဦးရွှေမန်း အပေါ် တပ်မတော် ရဲ့ အမြင်ဟာ NLD ဘက်ကို ယိမ်းယိုင် သွားသူ၊ ကြံ့ခိုင်ရေး ပါတီကို ထိခိုက်မှုတွေ ရှိအောင် လုပ်ခဲ့သူ ဆိုတဲ့ အမြင် မျိုး ရှိကြောင်း အငြိမ်းစား တပ်မတော် အရာရှိကြီးတွေက ပြောဆို ကြပါတယ်။

လွှတ်တော်ထဲမှာ ဆိုရင်လည်း သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင် ကို တပ်မတော် သား ကိုယ်စားလှယ်တွေ ဘက်က တစိုက်မတ်မတ် ကန့်ကွက်မှုတွေ လုပ်ခဲ့တဲ့ သာဓက တွေလည်း ရှိခဲ့ပါတယ်။

ပြည်ခိုင်ဖြိုး နဲ့ တပ်မတော် အကြားမှာ ဆက်ဆံရေး က တချို့ အရာရှိကြီးတွေ ပါတီ အတွက် တပ်မတော် ကနေ နုတ်ထွက်ပြီး ပါတီ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်တာ၊ တချို့ တပ်မတော် အခြေစိုက် စခန်းတွေမှာ ပြည်ခိုင်ဖြိုး ပါတီက မဲ အသာရ တာတွေ စတဲ့ ဆက်ဆံရေး မျိုး ရှိခဲ့တာ ဖြစ်ပါတယ်။

သူရဦးရွှေမန်း ဟာ တပ်မတော် ထိပ်တန်း ခေါင်းဆောင် တဦး ဖြစ်ခဲ့ပြီး တပ်မတော်သား တချို့ရဲ့ ထောက်ခံမှု ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ပါတီသစ် ထူထောင် ပြီးတဲ့နောက် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ပါတီ တို့ရဲ့ နီးစပ်မှု ပုံစံမျိုးတော့ မရရှိ နိုင်ပါဘူး။

ဦးရွှေမန်း ဟာ ပြည်ခိုင်ဖြိုးနဲ့ ပဋိပက္ခ ဖြစ်ပြီး လမ်းခွဲ ရတဲ့ အပေါ်မှာ တပ်မတော် ခေါင်းဆောင်တွေ ဘက် က ခြံခုန် သွားတဲ့ လူတယောက်လိုမျိုး သုံးသပ် ပြောကြားမှုတွေ ရှိခဲ့လို့ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၀ ရွေးကောက် ပွဲမှာ ဦးရွှေမန်းသာ အနိုင်ရခဲ့မယ် ဆိုရင် တပ်မတော် အနေနဲ့ ထူးထူး ခြားခြား တုံ့ပြန်မှု တွေ လုပ်လာမှာ မဟုတ်ဘူး ဆိုပြီးတော့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် U Shwe Mann Facebook
Image caption လွှတ်တော် ကော်မရှင် ရေးရာများဆွေးနွေး

အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်လာနိုင်

သူရ ဦးရွှေမန်းဟာ နိုင်ငံရေး ပါတီ မထူထောင်ခင်မှာကတည်း က လက်ရှိ ၂၀၀၈ အခြေခံဥပဒေ ကို ပြင်ဆင် ဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သူ တယောက်ပါ။ သူရ ဦးရွှေမန်း အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပိုပြီး သဘောထား ပျော့ပြောင်းတဲ့ အမြင်မျိုး ရှိသူလည်း ဖြစ်ပါတယ်။

ပါတီသစ် ကို မှတ်ပုံတင်ပြီးတဲ့ အခါမှာလည်း ရွေးကောက်ပွဲ အောင်နိုင်ရေး ကြွေးကြော်သံ အဖြစ် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာ ကို ထည့်သွင်း လာနိုင်ပါတယ်။ LD ရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံ ဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အားကိုးခဲ့ရသူ တဦး လည်း ဖြစ်ပါတယ်။

အခြေခံဥပဒေ ကို ပြင်ဆင်ရေး ဆိုတာကို နိုင်ငံရေး ပါတီ အားလုံး က လက်ခံ ထားတာပါ။ ဥပမာ အားဖြင့်၂၀၁၅ ခုနှစ်တုန်း က ပြည်ခိုင်ဖြိုး ပါတီကလည်း ငြိမ်းချမ်းရေး ရရှိဖို့ အတွက် လက်ရှိ အခြေခံ ဥပဒေ ကို ပြင်ဆင် ဖို့ လိုအပ် ကြောင်း ရွေးကောက်ပွဲမူ အဖြစ် ပြောဆို ထားတွေ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါ်အောင်ဆန်းစုကြည်ပုံရိပ် အကြောင်း သူရဦးရွှေမန်းနဲ့ အင်တာဗျူး

ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု လွတ်တော် အစည်း အဝေးမှာ အခြေခံဥပဒေ ပြင်ဆင်ရေး ကို NLD ပါတီ အနေနဲ့ အဆို တင်သွင်း တော့မယ် ဆိုပြီး ပြောဆို မှုတွေ ရှိလာပါပြီ။ ဒါပေမယ့် လွှတ်တော် အစည်းအဝေး အစီအစဉ် ထဲမှာ မပါတဲ့ အတွက် အရေးကြီး အဆို အဖြစ် တင်မယ်လို့ ယူဆရပါတယ်။

ဒီအဆို ကို တပ်မတော် ဘက် က ထောက်ခံမှု လုပ်ဖို့ ထက် ပုဒ်မ ၄၃၆ ကို အကြောင်းပြပြီး ကန့်ကွက်ဖို့ များတာကြောင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ပြီးတဲ့ အထိ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ ကြန့်ကြာ နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ် ထားပါတယ်။

ပုဒ်မ ၄၃၆ ဆိုတာ အကြမ်း အားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပြဌာန်းချက်တွေကို ပြင်ချင်ရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ် ဆိုပြီး တော့ ပြဋ္ဌာန်း ထားတာပါ။

အကယ်၍ သူရဦးရွှေမန်းသာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ် ဆိုရင်တော့ အခြေခံ ဥပဒေပြင်ဆင်ရေး ကို NLD နဲ့ အတူ ပူးပေါင်း လုပ်ဆောင် လာမယ်လို့ ယူဆ ရကြောင်း ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်းအုပ် ဦးမြတ်သူ က သုံးသပ် ထားပါတယ်။