မြစ်ဆုံ စီမံကိန်း ပြန်စမလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက တရုတ်နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမယ်လို့ ကြေညာခဲ့ပြီးချိန်မှာ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ ဂယက်က လူတွေကြားထဲမှာ ငြိမ်သက်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Hong Liangရဲ့ ၂၀၁၈ ဒီဇင်ဘာလကုန်ပိုင်း ကချင်ပြည်နယ် ခရီးစဉ်အပြီး ဒီစီမံကိန်းကို ကချင်လူထုက မကန့်ကွက်ဘူးလို့ တရုတ်သံရုံးက ထုတ်ပြန်ခဲ့တဲ့နောက်မှာတော့ မြစ်ဆုံ စီမံကိန်း အပေါ် ကန့်ကွက်သံတွေ ပိုမို ဆူညံလာခဲ့ပါ တယ်။

တကယ်တော့ တရုတ်သံအမတ်ကြီးဟာ ၂၀၁၆ ခုနှစ်ကလည်း ကချင်ပြည်နယ်ကို သွားရောက်ပြီး မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ သဘောထားကို တီးခေါက် ခဲ့ပါသေးတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အစိုးရ တက်လာတဲ့ အချိန်မှာလည်း တရုတ်ဘက်က စီမံကိန်းကို ပြန်စဖို့ မကြာမကြာ လေသံပစ်လေ့ရှိပါတယ်။

အဲဒီအချိန်တုန်းက အန်အယ်လ်ဒီဘက်ကတော့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံချုပ်ဆိုတဲ့ စာချုပ်တွေအပေါ်မှာ မူတည်ပြီး စဉ်းစားမှာ ဖြစ်သလို လူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး လူထုအကျိုးမရှိတဲ့ စီမံကိန်းတွေကို ဆက်လုပ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလ အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဘာသာရေးနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ အရင် အစိုးရ လက်ထက်က လုပ်ဆောင်ထားတဲ့ စီမံကိန်းဖြစ်လို့ ဆိုပြီး အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ငြင်းလိုက်ရင် မကောင်းဘူးလို့ ပြောဆိုခဲ့တယ်လို့ သူနဲ့ တွေ့ဆုံခဲ့တဲ့ ဘာသာရေး ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီနောက် ချင်းပြည်နယ် ခရီးစဉ်မှာလည်း အရင်အစိုးရ လက်ထက်က စီမံကိန်းတွေကို အန်အယ်လ်ဒီအစိုးရ မူဝါဒနဲ့ မကိုက်လို့ ဖျက်ချင်တိုင်း ဖျက်လိုက်ရင် နောင်မှာ စီးပွားရေးသမား တယောက်မှ မြန်မာမှာ လာရောက် ရင်းနှီးမြုပ်နှံမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် ဒီစီမံကိန်း ပြန်စတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ လူတွေအကြား ပိုမို မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။

Image caption မြစ်ဆုံကို ကန့်ကွက်မှုတွေ တိုးလာနေ

ဒီလိုအခြေအနေတွေ ဖြစ်လာတာကြောင့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ လူငယ် ကွန်ရက်တွေ စုပေါင်းပြီး ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လက်ရှိအချိန်ထိ မြစ်ဆုံ စီမံကိန်း ဧရိယာထဲကို ဒေသခံတွေ ဝင်ခွင့်မရသေးသလို ဒီနေရာမှာ တရုတ်ကုမ္ပဏီရဲ့ လစာကို ယူထားတဲ့ အစောင့်တွေ ရှိနေဆဲ ဖြစ်တယ်လို့ စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံလည်းဖြစ်၊ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ကချင် လူမှုအဖွဲ့အစည်း Mungchying Rawt Jat အဖွဲ့ဝင် ဒေါ်ဂျာခေါန်က ပြောပါတယ်။

"ရေကာတာ လုပ်မယ့်နေရာမှာ ဝင်ထွက်သွားလာခွင့်မရသေးဘူး၊ စီမံကိန်းလုပ်တဲ့ နေရာဘက်ကို ကျွဲတွေ နွားတွေ သွားရှာမယ်ဆိုရင်လည်း မှတ်ပုံတင် ဒါမှမဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ ယူပြီးတော့ ဝင်ရတယ်"လို့ သူက ပြောပါ တယ်။

ဒီတော့ ခေတ္တရပ်ထားတယ်ဆိုတဲ့ မြစ်ဆုံ စီမံကိန်းဟာ လက်ရှိမှာ ဘယ်အနေအထားကို ရောက်နေပြီလဲ ဆိုတာ နိုင်ငံသူ နိုင်ငံသားတွေအကြား သိလိုတဲ့ ကိစ္စတခုလည်း ဖြစ်နေပါတယ်။

Image caption သဘာဝအလှအပတွေနဲ့ ကချင်ပြည်နယ်က မြစ်ဆုံ

မြစ်ဆုံဘယ်ကစ

မြစ်ဆုံစီမံကိန်းဟာ ၂၀ဝ၀ ခုနှစ် နောက်ပိုင်းတွေမှာ အစပျိုး သန္ဓေတည်ခဲ့ပြီး တရုတ်နိုင်ငံ ပြင်ပမှာ တရုတ်ရဲ့ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း တခု ဖြစ်ပါတယ်။

၂၀ဝ၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာရှ- အာဖရိက ထိပ်သီး ဆွေးနွေးပွဲမှာ ဒီစီမံကိန်းအတွက် တရုတ်နဲ့ မြန်မာအစိုးရတို့ အပြန်အလှန် သဘော တူညီခဲ့ကြပါတယ်။

တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က ဒီစီမံကိန်းကို သဘောတူခဲ့တာလို့ အဲဒီအချိန်တုန်းက သတင်းတွေက ရေးခဲ့ပါတယ်။

စီမံကိန်းမှာ မေခနဲ့ မလိခမြစ်တွေပေါ်မှာ ဆည် ၇ ခုလောက် ဆောက်လုပ်မှာ ဖြစ် သလို မေခနဲ့ မလိခဆုံတဲ့ နေရာနဲ့ မနီးမဝေးမှာ ဆည်ကြီးတခုလည်း ဆောက် လုပ်မှာ ဖြစ်တယ်လို့ သုတေသန စာတမ်းတွေက ဖော်ပြပါတယ်။

စီမံကိန်းသာ အကောင်ထည်ဖော်ဖြစ်မယ်ဆိုရင် လျှပ်စစ် ဓာတ်အား မီဂါဝပ် ၆၀ဝ၀ အထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ၁၅ ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ထုတ်လုပ်တဲ့နေရာတခု ဖြစ်လာမှာဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း ဧရိယာအတွင်း ဆောက်လုပ်ထားတဲ့ ဆည် ၇ ခုကနေ လျှပ်စစ် ဓာတ်အား မီဂါဝပ် ၁၈၀ဝ၀ ထိ ထုတ်လုပ်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒီစီမံကိန်းမှာ တရုတ်အစိုးရပိုင် တရုတ်လျှပ်စစ်စွမ်းအား ရင်းနှီးမြုပ်နှံမှု ကော်ပို ရေးရှင်း (CPI)က အများဆုံး ရင်းနှီးမြုပ်နှံထားပြီး မြန်မာအစိုးရနဲ့ အေးရှား ဝေါလ် ကုမ္ပဏီတို့လည်း ရင်းနှီးမြုပ်နှံထားကြတာ ဖြစ်ပါတယ်။ စီမံကိန်းဟာ ဒေါ်လာသန်း ၃၆၀ဝနီးပါး တန်ကြေး ရှိနေပါတယ်။

Image caption ဧရာဝတီမြစ် စတင်စီးဆင်းရာ မြစ်နှစ်သွယ် စုပေါင်းလာတဲ့ မြစ်ဆုံ

စီမံကိန်းကရတဲ့ လျှပ်စစ် ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံတောင်ပိုင်းကို ပေးပို့မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ မြန်မာအစိုးရအနေနဲ့ ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေရနိုင်သလို နှစ် ၅၀ ကြာရင် စီမံကိန်းတခုလုံးကို ပိုင်ဆိုင်ခွင့် ရမှာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ နောင်နှစ် ၅၀ ကြာရင် မြစ်ဆုံအနီးတဝိုက်က သဘာဝ ပတ်ဝန်းကျင် ပျက်စီး သွားပြီး နည်းပညာလည်း တိုးတက်လာတာကြောင့် ဒီစီမံကိန်းကို မြန်မာက လက်ဝယ် ပိုင်ဆိုင်တဲ့ အချိန်မှာ နည်းပညာပိုင်းကလည်း ခေတ်မမီတော့ဘူးလို့ ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။

စီမံကိန်း စတင်ဖို့ သဘောတူညီပြီးတဲ့နောက် တရုတ် CPIကုမ္ပဏီက ဒေသခံတွေကို ငှားရမ်းတာ မရှိဘဲ တရုတ် အလုပ်သမားတွေကို ခေါ်သွင်းခဲ့ပါတယ်။

စီမံကိန်း ဧရိယာထဲက သစ်ပင် သစ်တော အပါအဝင် သဘာဝ သံယံဇာတ ကိုလည်း ထုတ်ယူခဲ့ပါတယ်။ ဒေသခံတွေကိုလည်း ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တစုံတရာ ချပြဆွေးနွေးတာတွေ လည်း မရှိခဲ့ပါဘူး။ စီမံကိန်း ဧရိယာထဲမှာပါတဲ့ ကျေးရွာတွေဆိုရင်လည်း ပြောင်းရွှေ့ ခဲ့ရပါတယ်။

ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ ဝေဖန် ကန့်ကွက်မှုတွေ မြင့်တက်လာပါတယ်။ စီမံကိန်း ရပ်ဆိုင်းဖို့အတွက် စည်းရုံး လှုံဆော်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့ ပါတယ်။

ဒါကြောင့် ဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ ဒီစီမံကိန်းကို ယာယီ တစ်ဘက်သပ် ရပ်ဆိုင်းဖို့ ကြေညာခဲ့ပါတယ်။

ဒီစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ အတွက် တရုတ်အစိုးရဘက်က အံအားသင့်ခဲ့ပြီး ဆန့်ကျင် ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ တရုတ် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံက ထုတ်တဲ့ သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်း တာကို တရုတ်အနေနဲ့ သင်ခန်းစာယူပြီး နိုင်ငံရပ်ခြားမှာရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေ နောင်မှာ ဆုံးရှုံးမှုမရှိအောင် အသေအချာ ဆောင်ရွက်ဖို့ ရေးသားခဲ့ကြပါတယ်။

Image caption မြစ်ဆုံ စီမံကိန်း ကန့်ကွက်ပွဲ

အန်အယ်လ်ဒီအစိုးရနဲ့ မြစ်ဆုံ

အတိုက်အခံဘဝက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူကို ချပြဖို့ အဲဒီတုန်းက အစိုးရကို တောင်းဆိုခဲ့ဖူးပါတယ်။

၂၀၁၅ ခုနှစ် ကချင်ပြည်နယ်မှာ မဲဆွယ်စည်းရုံးခဲ့စဉ်က အန်အယ်လ်ဒီအနေနဲ့ အစိုးရ ဖြစ်ခဲ့ရင် ပထမဆုံးလုပ်မယ့်အလုပ်က အစိုးရအနေနဲ့ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ဘယ်လို သဘောတူညီချက်တွေ ယူထားသလဲဆိုတာ သိအောင်လုပ်ပြီး ပြည်သူကို ချပြမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်အထိ စာချုပ်ပါ အကြောင်း အရာတွေကို ပြည်သူကို ထုတ်ဖော်ပြောဆိုခဲ့တာ မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ အစိုးရ တက်လာချိန်မှာ တရုတ်ဘက်က မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ပြောဆိုခဲ့တာကြောင့် ၂၀၁၆ ခုနှစ် သြဂုတ်လမှာ "ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်"ကို ဖွဲ့စည်းပေးခဲ့ပါတယ်။

ဒီနောက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဒီကော်မရှင်က သမ္မတထံကို စီမံကိန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း မရှိသေးတာကြောင့် မြစ်ဆုံနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒနဲ့ သဘောထား ဘယ်လိုရှိနေသလဲဆိုတာ မသိရပါဘူး။ ဒါ့အပြင် စီမံကိန်းက ဘယ်လို အခြေအနေရှိနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ကော်မတီအဖွဲ့ဝင်တွေအနေနဲ့လည်း သူတို့ ဘာတွေ တွေ့ရှိခဲ့သလဲဆိုတဲ့ အပေါ် ရေငုံနုတ်ပိတ်နေခဲ့ကြပါတယ်။ မီဒီယာတွေရဲ့ မေးမြန်းမှုတွေကိုလည်း ဖြေကြားခဲ့ခြင်း မရှိပါဘူး။

ဘာကြောင့် မြစ်ဆုံ စီမံကိန်းအကြောင်း ရှင်းရှင်းလင်းလင်း မသိရတာလဲ။

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ အခြေအနေကို အစိုးရအနေနဲ့ လူထုကို ချပြဖို့ အခက်အခဲအကြပ်အတည်း တစ်ခု ရှိပုံရတယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူက တရုတ် မြန်မာ အရေးကို လေ့လာသူ မခင်ခင်ကျော်ကြီးက သုံးသပ်ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရအနေနဲ့လည်း အရင် အစိုးရလက်ထက်က ရပ်ဆိုင်းထားခဲ့တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းလို စီမံကိန်းတွေကို တခုချင်း ပြန်လည် လုပ်ဆောင်လာခဲ့တာကြောင့် မြစ်ဆုံကို အကဲ စမ်းချင်တဲ့ သဘောလို့လည်း ဆိုပါတယ်။

"ဘာတွေဖြစ်နိုင်မလဲ ဆိုတာကတော့ စာချုပ်ကို ကြည့်ခွင့်ရတဲ့သူတွေပဲ သိလိုက်မယ်၊ စာချုပ်ထဲမှာပါတဲ့ ဘယ်လို အချက်အလက်တွေကများ မြစ်ဆုံကိစ္စကို အစိုးရအနေနဲ့ အဖြေတခု ထုတ်ဖို့က ခက်ခဲနေသလဲ ဆိုတာမျိုးပေါ့နော်"လို့ သူက ပြောပါတယ်။

မြစ်ဆုံနဲ့ ပတ်သက်ရင် အရင်ကလည်း တရုတ်ဘက်က ကြိုကြား ကြိုကြား သွေးတိုး စမ်းလေ့ရှိတာကြောင့် တရုတ်အနေနဲ့ ဒီစီမံကိန်းအပေါ် လက်လျှော့မယ့် သဘောမျိုး မရှိဘူးလို့ မခင်ခင်ကျော်ကြီးက ပြောပါတယ်။

"အစိုးရအနေနဲ့ တရုတ်နဲ့ မိတ်ပျက်မယ့် ကိစ္စမျိုးလည်း မဖြစ်စေချင်ဘူး၊ ဒါပေမဲ့ တဘက်ကလည်း ပြည်သူက ဒါကို ကန့်ကွက်နေတဲ့အခါမှာ ဆုံးဖြတ်ရခက်ခဲနေတဲ့ အနေအထား ရှိမယ်လို့ ထင်ပါတယ်"လို့ သူက ပြောပါတယ်။

ဒီစီမံကိန်းဟာ တရုတ်ရဲ့ အကျိုးစီးပွားအတွက် အရေးပါတဲ့ နိုင်ဖဲ တချပ် ဖြစ်နိုင် တယ်လို့လည်း မခင်ခင်ကျော်ကြီးက သုံးသပ်ပါတယ်။

ဒါ့ကြောင့်လည်း သံသယတွေကို ရှင်းသွားဖို့ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်တဲ့ မရေမရာ မရှင်းလင်းတဲ့ အချက်တွေကို ပြည်သူကို ချပြဖို့ လိုသလို နောင်မှာ အမြဲ ဆက်ဆံနေရမယ့် အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အကောင်းဆုံး အဖြေတခုကို အစိုးရအနေနဲ့ ဆွေးနွေးအဖြေထုတ်ဖို့က အရေးကြီးတယ်လို့ သုံးသပ်သူတွေက ယူဆ တိုက်တွန်းနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ