နှစ် ၂၀ အတွင်း ဒေါ်လာဘီလီယံ ၂၀၀ ကျော်တဲ့ ရင်းနှီးမြုပ်နှံမှုတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဖိတ်ခေါ်ခဲ့

Invest Myanmar Summit 2019 ပွဲမှာ အဖွင့်မိန့်ခွန်းပြောကြားနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption Invest Myanmar Summit 2019 ပွဲမှာ အဖွင့်မိန့်ခွန်းပြောကြားနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

ပြည်ပလုပ်ငန်းရှင် ၃၀၀ ကျော်၊ ပြည်တွင်း လုပ်ငန်းရှင် ၅၀၀ ကျော် တက်ရောက်ခဲ့တဲ့ ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်ပြပွဲ Invest Myanmar Summit 2019 ဖွင့်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာမှာ 'မကြာခင်က ထုတ်ပြန်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအရ လာမယ့်နှစ် ၂၀ အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ရှိတဲ့ တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်' လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတစ်ခုအဖြစ် မျှော်မှန်းထားတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

'ဖွံဖြိုးတိုးတက်မှုမှာ အခြေခံအဆောက်အအုံလိုအပ်ချက်လို စိန်ခေါ်မှုများစွာ ရှိနေပြီး၊ သဘာဝဓာတ်ငွေ့နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေ ပေါကြွယ်ဝပေမယ့် ကမ္ဘာပေါ်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အနည်းဆုံး နိုင်ငံတစ်ခု အဖြစ် ရှိနေသေးတယ်' ဆိုတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောခဲ့ပါတယ်။

ရင်းနှီးမြုပ်နှံမှုပွဲမှာ အများဆုံးဖိတ်ခေါ်ထားတာကတော့ မြို့သစ်စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ လမ်းစီမံကိန်းတွေပါဝင်မယ့် အခြေခံအဆောက်အအုံကဏ္ဍ၊ ရေအားလျှပ်စစ်စီမံကိန်းတွေ ပါဝင်မယ့် စွမ်းအင်ကဏ္ဍနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍတို့ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption Invest Myanmar Summit 2019 ပွဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

'နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုအများဆုံးလုပ်နေတာက တရုတ်၊ စင်္ကာပူ၊ ထိုင်း နိုင်ငံတို့ဖြစ်ပြီး နိုင်ငံတကာက ရင်းနှီးမြုပ်နှံသူတွေ ပြည်တွင်းကို ဝင်လာချင်အောင် အခြေအနေတစ်ရပ် ဖန်တီးပေးနိုင်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ရင်းနှီးမြုပ်နှံလာကြမှာပါ' လို့ ရင်းနှီးမြုပ်နှံမှုပွဲကို တက်ရောက်နေတဲ့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဦးဝေဖြိုးက ပြောပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီ ၂၈၊ ၂၉ (၂) ရက်တာ ကျင်းပနေတဲ့ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ပွဲကို တရုတ်နိုင်ငံသားတွေ အများဆုံးလာရောက်ကြတာကို တွေ့ရပါတယ်။

ဒါပေမယ့် ပွဲမှာ ဟောင်ကောင်နဲ့ အိန္ဒိယနိုင်ငံသားတချို့တွေ့ရပေမယ့် အနောက်နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်တာကတော့ အတော်လေးနည်းတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။