NLD အဆိုကို မတ်တပ်ရပ်ကြ၊ မဲမပေးပဲ နေကြတာမျိုး တပ်ကိုယ်စားလှယ်တွေ ဆန္ဒပြ

ဖွဲ့စည်းပုံ ဓာတ်ပုံ မူပိုင် Reuters
Image caption ၅၉ (စ) ပြင်မှာလား၊ ၄၃၆ ပြင်မှာလား

ဖွဲ့စည်းပုံ အမြန် ပြင်ဆင်နိုင်ဖို့ အတွက် ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေး ဆိုပြီး ပြည်ထောင်စု လွှတ်တော်ထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တင်သွင်းလာတဲ့ အရေးကြီး အဆိုဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူး ဆိုပြီး တပ်မတော် ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့ပါတယ်။

ဥပဒေကို လက်တလုံးခြား လုပ်တယ် ဆိုတဲ့ အသုံးအနှုန်း မျိုးထိ တပ်မတော်သား ကိုယ်စားလှယ်တွေအထဲက ဗိုလ်မှူးချုပ် မောင်မောင်က သုံးစွဲ ကန့်ကွက်ခဲ့တဲ့အတွက် လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် တာဝန်ယူထားတဲ့ ဦးတီခွန်မြတ်က အဲဒီ စကားလုံး အပေါ် သတိပေးတာမျိုး အထိ ဖြစ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံ ပြင်ချင်ရင် ဖွဲ့စည်းပုံပါ နည်းဥပဒေပါ ပုဒ်မ ၁၃၅ က ခွင့်ပြုထားသလို ဥပဒေကြမ်း အရင်တင်ရမယ် ဆိုပြီး တပ်မတော် ကိုယ်စားလှယ်တွေက ထောက်ပြ ခဲ့ကြပါတယ်။

ဒီလို ဥပဒေကြမ်း တင်လာမှ နောက်တဆင့် အနေနဲ့ လွှတ်တော် နှစ်ရပ်ပေါင်း ကော်မတီဖွဲ့ စိစစ်ရမှာ ဖြစ်တဲ့ အတွက်၊ ကော်မတီ အရင်ဖွဲ့မယ် ဆိုရင် ဘယ်ပုဒ်မတွေကို ပြင်ဖို့ စိစစ်မယ် ဆိုတာက အစ အဲဒီ ကော်မတီရဲ့ သဘောအတိုင်း ဖြစ်သွားမှာကို တပ်ကိုယ်စားလှယ်တွေ စိုးရိမ် နေကြပါတယ်။

တပ်ကိုယ်စားလှယ်တွေ မတ်တပ်ရပ် ဆန္ဒပြ၊ မဲမထည့်ပဲ ဆန္ဒပြ

NLD ပါတီဘက်က ပူးပေါင်းကော်မတီ အရင်ဖွဲ့ဖို့ အဆို တင်လာတဲ့အပေါ် တပ်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ မတ်တပ်ရပ် ကန့်ကွက် နေကြတဲ့ အတွက် လွှတ်တော် နာယကက ပြန်ထိုင်ကြဖို့ ဖျောင်းဖျ ခဲ့ပါတယ်။

အဲဒီလို ကန့်ကွက်သူတွေ ရှိတဲ့အတွက် ဒီအဆိုကို လွှတ်တော်ထဲ လက်ခံ ဆွေးနွေးမလား ဆိုပြီး မဲခွဲကြတဲ့ အခါမှာလည်း တပ်ကိုယ်စားလှယ်တွေဟာ မဲမပေးပဲ ဆန္ဒပြကြပါတယ်။

Image caption လုပ်ထုံးကို ကျော်လုပ်တာကို လက်မခံနိုင်ဘူးလို့ တပ်ကိုယ်စားလှယ်တွေ ကန့်ကွက်

NLD ပါတီ လွှမ်းမိုးထားတဲ့ လွှတ်တော် နှစ်ရပ်ပေါင်း ဖြစ်တဲ့အတွက် အဆိုလက်ခံ ဆွေးနွေးဖို့ဘက်က ၃၉၄ ၊ ကန့်ကွက်မဲ ၁၇ မဲ၊ ကြားနေ ၃ မဲနဲ့ နိုင်ပြီး ဖွဲ့စည်းပုံ အမြန်ပြင်နိုင်ရေး ပူးပေါင်းကော်မတီ ဖွဲ့ကြမလား ဆိုတာ ပြည်ထောင်စု လွှတ်တော်ထဲ ဆွေးနွေး လာတော့မှာ ဖြစ်ပါတယ်။

NLD ဘက်က ဘာလို့ ဒီ အဆို တင်တာလဲ

ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့ဖို့ တိုက်တွန်းတဲ့ အဆို တင်သူက မကွေးတိုင်း မဲဆန္ဒနယ် အမှတ် (၄) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ဖြစ်ပါတယ်။

သူဟာ NLD ပါတီရဲ့ ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်၊ NLD ပါတီ ဝင်ပြိုင်တဲ့ ရွေးကောက်ပွဲ ၃ ရပ် စလုံးမှာလည်း ပါတီ ကိုယ်စားပြု အနိုင်ရထားသူလည်း ဖြစ်သလို နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ NLD ပါတီရဲ့ အဓိက အကျဆုံး ရွေးကောက်ပွဲ မဲဆွယ်ကတိ ဖြစ်ပြီး ရွေးကောက်ပွဲ နိုင်ပြီး ၃ နှစ်ကျော် အချိန်မှာ ဖွဲ့စည်းပုံ ပြင်ရေး လွှတ်တော်ထဲ ဘယ်လို လုပ်ဆောင်သင့်လဲ ဆိုတာကို အခုလို အရေးတကြီး အဆို တင်လာတာ ဖြစ်ပါတယ်။

စနစ်တကျနဲ့ ဆောလျင်စွာ ပြင်နိုင်ဖို့ ဆိုရင် ကော်မတီတစ်ရပ် အရေးတကြီး ဖွဲ့ဖို့ လိုနေတယ်လို့ အဆိုရှင် ဦးအောင်ကြည်ညွန့်က ဆိုပါတယ်။

Image caption ဘယ်အချက်တွေ ပြင်မှာလဲ ဆိုတာတော့ ထည့်မပြောသေး

ဖွဲ့စည်းပုံရဲ့ ဘယ်ပုဒ်မတွေပြင်မလဲ ဆိုတာတော့ ပြောမထား

ဦးအောင်ကြည်ညွန့်ရဲ့ အရေးတကြီး အဆိုထဲ ဖွဲ့စည်းပုံပါ ဘယ်အချက်တွေ ဘယ်ပုဒ်မတွေ ပြင်ဆင်သင့်တယ် ဆိုတဲ့ အတိတကျ ထောက်ပြ အကြံပြုမှုတွေ ပြုလုပ် မထားပါဘူး။

ဒါပေမယ့် လက်ရှိ ဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးနဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို အဟန့်အတား ဖြစ်စေတဲ့ ပြဌာန်းချက်တွေနဲ့ နိုင်ငံသားတွေရဲ့ တန်းတူညီမျှရေးကို အကာအကွယ် မပေးနိုင်တဲ့ အချက်တွေလည်း ပါနေတယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ဖွဲ့စည်းပုံအပေါ် ဦးအောင်ကြည်ညွန့် ဝေဖန်တဲ့ အထဲ ဒီမိုကရေစီ မဏ္ဍိုင်ကြီး သုံးရပ်ကို တဖက်စောင်းနင်း ဖြစ်စေတဲ့ အချက်၊ ရွေးကောက်ပွဲတွေ လွတ်လပ် တရားမျှတမှု ရှိနိုင်ရေးကို ထိခိုက်စေတဲ့ အချက်မျိုးတွေလည်း ၂ဝဝ၈ ဖွဲ့စည်းပုံမှာ ပါဝင်နေတာကို သူတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို့ ပြောကြတဲ့အခါ ၅၉(စ) နဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတို့ အပေါ် အာရုံစိုက် ပြောဆိုမှုတွေ ရှိထားပါတယ်။

Image caption စီးပွားရေးအတွက် အာရုံစိုက်ဖို့လည်း ဖိအားတွေ ရှိနေတဲ့ အတိုင်ပင်ခံ

၅၉(စ) ဆိုတာကတော့ သမ္မတလောင်း အနေနဲ့ နိုင်ငံခြားသား အိမ်ထောင်ဖက် မရှိရဘူး ဆိုတဲ့ ကန့်သတ်ချက် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ထားတာ ဆိုတဲ့ ယူဆ ရှုမြင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သလို၊ လက်တွေ့မှာလည်း ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ပါတီ နိုင်ခဲ့ပေမယ့် သမ္မတ မဖြစ်ခဲ့ပဲ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးနေရာကို ဖန်တီး ရယူ ခဲ့ရပါတယ်။

ပုဒ်မ ၄၃၆ ကတော့ အခြေခံ ဥပဒေကို ဘယ်လို ပြင်ဆင်မလဲ ဆိုတဲ့ အချက်ဖြစ်ပြီး ပြင်နိုင်ခွင့် ရှိဖို့ဆို လွှတ်တော်ထဲ မဲအရေအတွက် ၇၅ ရာခိုင်နှုန်း ပြည့်မီရမယ် ဆိုတဲ့ အချက်ကို လျှော့ချ လိုကြတာ ဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အရ လွှတ်တော်ထဲ တပ်ကလာတဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေတဲ့ အတွက် ၇၅ ရာခိုင်နှုန်း သဘောတူမှ ဖွဲ့စည်းပုံ ပြင်နိုင်မယ် ဆိုတဲ့ ကန့်သတ်ချက်ကိုလည်း ပယ်ဖျက် လိုကြတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ရေးအပေါ် တပ်ရပ်တည်မှု

တပ်ရဲ့ သဘောထားဟာ လက်ရှိ ဖွဲ့စည်းပုံကို လုံးဝ မထိရ မတို့ရ ဆိုတဲ့ ရပ်တည်မှု မဟုတ်ပဲ၊ တပ်မတော် အကြီးအကဲ အနေနဲ့လည်း ပြင်ဆင်ဖို့ လိုအပ်တာကို လက်ခံတဲ့ သဘော၊ ပြင်မယ်လို့ ပြောတာမျိုးတွေ တရားဝင် ပြုလုပ်ထားပါတယ်။

လက်ရှိ ဖွဲ့စည်းပုံမှာ တပ်ဘက်ကလည်း ပြင်ချင်တာတွေ ရှိနေတယ်လို့ တပ် လွှတ်တော် ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က သတင်းထောက်တွေကို ပြောပေမယ့် ဘယ် ပုဒ်မတွေ ပြင်ချင်တာလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောကြားခြင်း မရှိပါဘူး။

Image caption ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကန့်ကွက်မှာ မဟုတ်ကြောင်း အာမခံတဲ့ ဗိုလ်မှူးချုပ် မောင်မောင်

ရွေးကောက်ပွဲနိုင် NLD ပါတီ အနေနဲ့ အစိုးရကို ဦးဆောင်ဖွဲ့ထားတဲ့ ၃ နှစ်ကျော် ကာလအတွင်းမှာ ရခိုင်နဲ့ ရှမ်း ပြည်နယ်လို နေရာတွေမှာ ဒေသန္တရ အစိုးရ အဖွဲ့ နဲ့ ဒေသန္တရ လွှတ်တော်ကြား ပြဿနာ ကြီးကြီးမားမား ရှိနေပြီး ဒါကို ပြေလည်ဖို့ ဆိုရင် အခြေခံ ဥပဒေကို ပြင်သင့်တယ် လို့လည်း ဗိုလ်မှူးချုပ် မောင်မောင်က ဆိုပါတယ်။

ဒေသန္တရ လွှတ်တော်ထဲမှာ ဒေသခံ တိုင်းရင်းသား ပါတီက လွှမ်းမိုးထားပေမယ့် အခြေခံ ဥပဒေ အရ ဗဟို အစိုးရကပဲ ဒေသန္တရ အစိုးရ အဖွဲ့ကို ဦးဆောင်မယ့် ဝန်ကြီးချုပ်ကို ခန့်ရတာကို ဗိုလ်မှူးချုပ် မောင်မောင် ရည်ညွှန်းဟန် တူပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ် ကန့်သတ်ထားတာလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားတဲ့ ၅၉ (စ) ကို တပ်ဘက်က ပြင်ဆင်လိုလား ဆိုပြီး သတင်းထောက် တစ်ဦးက မေးတဲ့ အခါမှာတော့ ဗိုလ်မှူးချုပ် မောင်မောင်က ဒီ ပုဒ်မ ပြင်သင့် မသင့် တပ်ရဲ့ သဘောထား ဘယ်လို ရှိလဲ ဆိုတာကို တိုက်ရိုက် ဖြေကြားတာမျိုး မလုပ်ပါဘူး။

ပြင်ရေး မပြင်ရေး ဆွေးနွေးကြပြီ ဆိုရင် ရလာမယ့် အဖြေတွေပေါ် မူတည်ပြီး ဆောင်ရွက်ရမှာ ရှိတယ်လို့ပဲ တုံ့ပြန် ခဲ့ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်အနေနဲ့ ကန့်ကွက် ဟန့်တားမှာ မဟုတ်ဘူးလို့ ဗိုလ်မှူးချုပ် မောင်မောင်က ထပ်လောင်း ကတိပေး ပြောကြား ခဲ့ပေမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ဖို့တော့ လိုတယ်လို့လည်း သတိပေးပါတယ်။

အဆိုတင်မယ့်အကြောင်း ရက်ကပ်ပြီးမှ ပါတီ ခေါင်းဆောင်တွေ ထုတ်ပြောလာ

ပူးပေါင်းကော်မတီဖွဲ့ရေး အရေးအဆိုဟာ ၂ဝ၁၅ ရွေးကောက်ပွဲ နောက်ပိုင်း NLD ပါတီ အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်တွင်း ပထဆုံး အကြိမ် လှုပ်ရှား လာတာ ဖြစ်ပါတယ်။

လွှတ်တော်ထဲ လွှမ်းမိုးထားနိုင်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ဖွဲ့စည်းပုံ ပြင်ရေး NLD ဘက်က အသံတိတ် နေတယ်ဆိုတဲ့ အားမရ သံမျိုးတွေတောင် ဖွဲ့စည်းပုံ ပြင်ရေး လိုလားတဲ့ ဒီမိုကရေစီ အင်အားစု တချို့ဆီက ထွက်လာ ခဲ့ပါတယ်။

အရေးကြီး အဆို တင်မလာခင် တစ်ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသန္တရ အစိုးရ ဝန်ကြီးချုပ်တွေကို ခေါ်တွေ့တယ် ဆိုတဲ့ သတင်း ထွက်လာပြီးတဲ့နောက် ပါတီ ဗဟို အလုပ်အမှုဆောင် တွေလည်း ပါတီဝင် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီ ဗဟို အလုပ်အမှုဆောင်တွေနဲ့ ပါတီ ကိုယ်စားလှယ်တွေ အစည်းအဝေးမှာတော့ ပါတီ ဒုဥက္ကဌ လည်းဖြစ်၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ဇန်နဝါရီ ၂၉ ရက် နေ့ကျရင် ပြည်ထောင်စု လွှတ်တော်ထဲ အဆို တင်မယ့် အကြောင်း အသိ ပေးပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုးနိုင် တန့် နေရတဲ့ အချိန်မှာ NLD ပါတီ အပေါ် လူအများရဲ့ ယုံကြည်ကိုးစားမှု မကျဆုံးရအောင် ဖွဲ့စည်းပုံ ပြင်ရေးကို လွှတ်တော်တွင်း လှုပ်ရှားလာတာ ဖြစ်နိုင်တယ်လို့ ကိုယ်တိုင်လည်း စစ်အစိုးရလက်ထက် နိုင်ငံရေးနဲ့ နှစ်ရှည် ထောင်ကျ ခဲ့ဖူးပြီး အခုလည်း ဖွဲ့စည်းပုံ ပြင်ရေး တွန်းအားပေးနေသူ ဖြစ်တဲ့ စာရေးဆရာမ မသီတာ(စမ်းချောင်း) က သုံးသပ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ တကျော့ ပြန်လည်လာမယ့် ၂ဝ၂ဝ နီးကပ်လာချိန်မှာ NLD အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကတည်းက ပေးထားတဲ့ ကတိကဝတ် အတွက် ဆောင်ရွက် လာတာ ဖြစ်နိုင်ကြောင်းလည်း မသီတာက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဦးကိုနီလုပ်ကြံမှု ၂ နှစ်ပြည့်နဲ့ အမှုအပေါ် မိသားစု အမြင်

တကယ် အလုပ်ဖြစ်နိုင်လား

NLD ရဲ့ အခု ခြေလှမ်းကနေ ဖွဲ့စည်းပုံ ပြင်ရေး တကယ် အလုပ် ဖြစ်လာနိုင်လား ဆိုတဲ့အပေါ် အခု အချိန်မှာ အတိအကျ ပြောလို့ မရနိုင်သေးဘူးလို့ ရခိုင်အမျိုးသားပါတီ ANP က မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမယ့် လက်တွေ့ကျကျ ပြင်ဆင်လို့ ရနိုင်တဲ့ အချက်တွေတော့ ရှိနေပြီး ဥပမာ - ဗဟို ချုပ်ကိုင်မှု ဖြေလျှော့ပေးရေးလို ကိစ္စမျိုးတွေ စတင် လုပ်ဆောင်မယ်ဆို အဆင်ပြေနိုင်တယ် ဆိုပြီးတော့လည်း ဦးဦးလှစောက ဆိုပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု အခြေခံ သဘောတရား အပေါ် မူတည်တဲ့ အစိုးရ အသုံးစရိတ် ဘတ်ဂျက်တွေ ချပေးတာမျိုးလို အာဏာရ ပါတီ အနေနဲ့ လက်တွေ့ကျကျ လုပ်ဆောင် ပေးနိုင်တာတွေ ရှိတယ်လို့ ဦးဦးလှစောက တိုက်တွန်းပါတယ်။

အလွယ်တကူ ပြင်နိုင်လောက်တဲ့ ကိစ္စချင်းရာတွေကို မပြင်ပဲ ထားခဲ့တာကြောင့်လည်း ရခိုင်ပြည်နယ်အရေး ပြဿနာကြီးရတာတွေ ရှိတယ်လို့ ဦးဦးလှစောက ပြောပြီး ဖွဲ့စည်းပုံဟာ ပြင်ဆင်သင့်တာ ကြာပြီလို့လည်း ထပ်လောင်း ပြောဆို သွားပါတယ်။

Image caption ဗဟိုချုပ်ကိုင်မှု လျှော့ပြီး ဖက်ဒရယ်မူကို အခြေခံတဲ့ ဘတ်ဂျက်ခွဲဝေပုံကို စလုပ်လို့ရတယ်
Image caption ပူးပေါင်းကော်မတီထဲ တပ်ကိုယ်စားလှယ် တွေလည်း ပါဝင်နိုင်တယ်လို့ NLD အမတ် ဖျောင်းဖျခဲ့။

ရှေ့ဘာဆက်ဖြစ်လာမလဲ

ဖွဲ့စည်းပုံ ပြင်ရေး အတွက် ပူးပေါင်း ကော်မတီ တစ်ရပ် အမြန်ဆုံး ဖွဲ့ပါဆိုတဲ့ ဦးအောင်ကြည်ညွန့်ရဲ့ အဆိုကတော့ မဲခွဲတဲ့အခါ ထောက်ခံမဲ ၃၉၄ နဲ့ နိုင်ထားတာကြောင့် ပြည်ထောင်စု လွှတ်တော်ထဲ မကြာခင်ပဲ ဆွေးနွေးလာဖွယ် ရှိပါတယ်။

လာမယ့် ဖေဖေါ်ဝါရီလဆန်း မကြာခင် ရက်ပိုင်းမှာပဲ ပူးပေါင်း ကော်မတီဖွဲ့ရေး လွှတ်တော်ထဲ ဆွေးနွေး လာနိုင်တယ်လို့ နေပြည်တော်မှာရှိတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

လွှတ်တော်ထဲက ဦးအောင်ကြည်ညွန့် အဆိုကို တပ်မတော်သားတွေ မတ်တပ်ရပ် ကန့်ကွက် ခဲ့ကြတုန်းက NLD ပါတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ မြတ်ဉာဏစိုးက ပူးပေါင်း ကော်မတီ ဖွဲ့ဖို့ NLD အဆိုတင်ရတာဟာ တပ်မတော်သား ကိုယ်စားလှယ်တွေပါ အဲဒီ ကော်မတီထဲ ပါဝင်နိုင်ခွင့် ရှိဖို့ ဖြစ်တယ်ဆိုပြီး လွှတ်တော်ထဲ ပြောဆို ခဲ့ပါတယ်။

ကော်မီတီ ဖွဲ့ရေး ဆိုတာ လုပ်ထုံးနဲ့ မညီတဲ့ အဆို ဖြစ်တယ်ဆိုပြီး သဘောမတူ ဖြစ်နေတဲ့ တပ်ကိုယ်စားလှယ်တွေ အနေနဲ့ သူတို့ ကန့်ကွက်တဲ့ကြားက လက်ခံ ဆွေးနွေးဖို့ ဖြစ်လာတဲ့ အဆိုအပေါ် ဆက်လက် ကန့်ကွက် သွားနိုင်ဖွယ် ရှိပါတယ်။

ဒါပေမယ့် တပ်ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောထားကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ရော ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း စိစစ်ဆွေးနွေးဖို့ရာ ပူးပေါင်း ကော်မတီ တစ်ရပ် ဖွဲ့စည်းရေး NLD ဘက်က စိုင်းပြင်းလာတဲ့ အပေါ် သူစေလွှတ်ထားတဲ့ တပ်ကိုယ်စားလှယ်တွေကို ဆက်လက် ကန့်ကွက်ခိုင်းမလား၊ ပူးပေါင်း ပါဝင်ဖို့ အမိန့်ပေးလာမလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၂၀၀၈ ဖွဲ့စည်းပုံအခက်အခဲကို ဘယ်လို ကျော်လွှားနိုင်မလဲ

ဒီသတင်းနဲ့ပတ်သက်သမျှ