Right to Recall ဥပဒေ ပြဋ္ဌာန်းပေးဖို့ အတိုက်အခံပါတီ တောင်းဆို

right to recall၊ ဥပဒေ၊ ကိုယ်စားလှယ် ဓာတ်ပုံ မူပိုင် AMYOTHAR HLUTTAW
Image caption လွှတ်တော်ကိုယ်စားလှယ်ကို ပြည်သူက ပြန်ရုပ်သိမ်းနိုင်ရေး ဥပဒေ ပြဋ္ဌာန်းဖို့ ရှိမရှိ အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ဖူး

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆ (က) မှာ ပါတဲ့ အချက်တစ်ခု ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မဲဆန္ဒရှင် ပြည်သူတွေက ကျေနပ်မှု မရှိဘူး ဆိုရင် တာဝန်ကနေ ပြန်လည် ရုပ်သိမ်းနိုင်မယ့် Right to Recall ကို လက်ရှိ လွှတ်တော်မှာ အမြန်ဆုံး ဥပဒေ ရေးဆွဲပြီး ပြဋ္ဌာန်းပေးဖို့လိုအပ်နေပြီလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဇန်နဝါရီလ ၃၀ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မဲဆန္ဒရှင် ပြည်သူတွေရဲ့ မူလ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေချင်လို့ ဒီဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မဲဆန္ဒရှင်တွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မကြိုက်ရင် ပြန်ဖယ်ရှားပြီး အကောင်းဆုံး ကိုယ်စားလှယ်ကို ပြန်ရွေးခွင့် ရှိတယ်လို့ ဆို

မိမိနိုင်ငံနဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် ပြည်သူလူထုက လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမယ့် အဲဒီ ကိုယ်စားလှယ်တွေ အနေနဲ့ လုပ်ငန်း ထမ်းဆောင်မှု အပိုင်းမှာ အားနည်းရင်၊ ပြည်သူလူထုရဲ့ အသံကို နားမထောင်ဘဲ အမှားအယွင်း လုပ်နေရင်၊ ကိုယ်ကျင့်တရား ချိုးဖောက် မှားယွင်းခဲ့ရင် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ကိုယ်ရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်ကို ကိုယ်တိုင် ပြန်ဖယ်ရှားခွင့် ရှိပြီး အကောင်းဆုံး ကိုယ်စားလှယ်ကို ပြန်ရွေးချယ်နိုင်ကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

ဒီ Right to Recall အခွင့်အရေးကို ဒီမိုကရေစီစနစ် စတင်ကျင့်သုံးတဲ့ ၂၀၁၀ ခုနှစ်မှာ ကတည်းက ပြည်သူလူထု ရသင့်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်းမှာ ပါတီကိုယ်စားလှယ်တွေ တင်ပြခဲ့ဖူးပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်မှာ မဆောင်ရွက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒီအချက်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း အတိအလင်း ဖေါ်ပြထားပြီးသား ဖြစ်ပြီး အတည်ပြုပေးဖို့ပဲ လိုတာမို့ လွှတ်တော်အနေနဲ့ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ