နိုင်ငံတကာငွေပေးချေမှုမှာ ဂျပန်ယန်းနဲ့တရုတ်ယွမ်ကိုပါအသုံးပြုနိုင်ဖို့ ဗဟိုဘဏ်ခွင့်ပြု၊မင်္ဂလာဒုံမှာ ညအိပ်စဉ်ပျောက်ဆုံးသွားတဲ့ကလေးငယ်တစ်ဦး သေဆုံးလျှက် ပြန်လည်တွေ့ရှိအပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် AFP/GETTY Images
Image caption နိုင်ငံတကာ ငွေပေးချမှုတွေမှာ ဂျပန်ယန်းနဲ့တရုတ်ယွမ်ကို လိုင်စင်ရဘဏ်တွေကို အသုံးပြုပြီး စာရင်းရှင်းလင်းတာတွေကို ဆောင်ရွက်နိုင်မှာဖြစ်

(၁) နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေမှာ ဂျပန်ယန်းနဲ့တရုတ်ယွမ်ကိုပါအသုံးပြုနိုင်ဖို့ ဗဟိုဘဏ်ခွင့်ပြု

နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေမှာ အမေရိကန်ဒေါ်လာနဲ့ ယူရိုကိုသာ ခွင့်ပြုထားခဲ့ရာက ဂျပန် ယန်းနဲ့ တရုတ်ယွမ်ငွေကို ပါ လိုင်စင်ရဘဏ်တွေကိုအသုံးပြုပြီး သုံးစွဲရှင်းလင်းနိုင်ဖို့ကို ကန့်သတ်ချက်အချို့နဲ့အတူ ဗဟိုဘဏ်က ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃၀ ရက် ရက်စွဲနဲ့ ဗဟိုဘဏ်ကထုတ်ပြန်လာတဲ့ ကြေညာချက်အရ နိုင်ငံတကာ ငွေပေးချမှုတွေကို နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း လိုင်စင်ရဘဏ်တွေကို အသုံးပြုပြီး စာရင်းရှင်းလင်းတာ တွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

အခုလိုခွင့်ပြုလိုက်တဲ့အတွက် ယခင်က တရုတ်နိုင်ငံနဲ့ကုန်သွယ်ရာမှာ တရုတ်ယွမ်ငွေကို ဒေါ်လာနဲ့တဆင့် လဲပြီး ဒေါ်လာအကောင့်နဲ့ယူရိုအကောင့်တွေကိုသာ လွှဲပြောင်းပေးအပ်တာ ရယူတာတွေကို လုပ်ရတဲ့ အတွက် အလုပ်ပိုရှုပ်သလို ငွေလဲနှုန်းအဆင့်ဆင့်ကြောင့် ဆုံးရှုံးတာတွေမဖြစ်တော့ဘူးလို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ဒေါက်တာစိုးထွန်းကဘီဘီစီကိုပြောပါတယ်။

ဗဟိုဘဏ်ရဲ့ ဖြေလျှော့ပေးချက်မှာ လိုင်စင်ရဘဏ်အချင်းချင်း အပြန်အလှန်စာရင်းဖွင့်ပြီး စာရင်း ရှင်းလင်း ပေးချေတာမျိုးကိုသာခွင့်ပြုထားပြီး လူတစ်ဦးချင်းနဲ့ တရားဝင်အဖွဲ့အစည်းတွေအနေနဲ့ ငွေစာရင်းဖွင့် လှစ်ခွင့်တော့မပါဝင်ဘူးလို့သိရပါတယ်။

(၂) မင်္ဂလာဒုံမြို့မှာ ညအိပ်နေစဉ်ပျောက်ဆုံးသွားတဲ့ ကလေးငယ်တစ်ဦး နောက်တစ်နေ့အခြားနေရာမှာ သေဆုံးလျှက် ပြန်လည်တွေ့ရှိ

မင်္ဂလာဒုံမြို့မှာ ညအိပ်နေစဉ်ပျောက်ဆုံးသွားတဲ့ ကလေးငယ်တစ်ဦးကို နောက်တစ်နေ့မှာ မင်္ဂလာဒုံမြို့နယ် အထက (၇) ကျောင်းအနီးမှာ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းထံကသိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၀ရက်ည၁၂ နာရီဝန်းကျင်က မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု ကာယ (၁၂) လမ်းနေအိမ်ရှိအသက် ၅နှစ်အရွယ်မိန်းကလေးငယ်မှာ အိပ်ရာထဲသိပ်ထားပြီး မိဘတွေအပြင်ထွက်ပြီး ပြန်လာစဉ် သတိပြုမိခိုက်မှာ အိပ်ရာထဲမှာ မရှိတော့ဘဲ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားတဲ့မိန်းကလေးငယ်ရဲ့အမှုကို အမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက် သတင်းပေးနိုင်သူတွေအနေနဲ့ မင်္ဂလာဒုံလွှတ်တော်အမတ်ဦးအောင်လှိုင်ဝင်းက သူ့ဆီကို သတင်းပေးဆက်သွယ်ကြဖို့ကိုလည်း ပြောဆိုထားပါတယ်။

Image caption ရွာပေါင်း ၅၀ ကျော်က လူ သောင်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြ

(၃) ရခိုင်မှာ ကျည်ဆံထိမှန်လို့ သေဆုံးခဲ့ရတဲ့ ကလေးငယ် အသုဘကို လူသောင်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျည်ဆံ ထိမှန်ပြီး သေဆုံးသွားခဲ့တဲ့မောင်နိုင်စိုး အသက် (၇) နှစ်ကို အသုဘကို သူ့ရဲ့ မွေးရပ်ရွာ သမီးလှရွာသစ်မှာ ဇန်နဝါရီ ၃၀ရက်နေ့က ပြုလုပ်ရာမှာ ရွာပေါင်း ၅၀ ကျော်က လူ သောင်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

' ' သူ့အနေနဲ့ သူခံစားနေရတာကို မပြောပြတတ်တော့ဘူးလို့'' သေဆုံးသူကလေးငယ်ရဲ့ဖခင်က ဘီဘီစီကိုပြောပါတယ်။

ဒေသခံ ပြည်သူတွေ ထောင်ပေါင်းများစွာဟာ တိုက်ပွဲတွေကြောင့် အခုလို ကလေးငယ်တွေ သေဆုံးမှုတွေ ရှိနေတဲ့ အတွက် တိုက်ပွဲတွေ ရပ်တန့်ရေးကိုလည်း အသုဘအခမ်းအနားမှာ တောင်းဆိုခဲ့ကြပါတယ်။

မောင်နိုင်စိုးဟာ ဒီလ ၂၆ ရက်နေ့က သူနေထိုင်ရာ သမီးလှရွာသစ် အနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့စဉ် အတွင်း ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့တာဖြစ်ပါတယ်။

သူ့ကို စစ်တွေကနေ ရန်ကုန်ဆေးရုံကြီးထိ ပို့ဆောင်ခဲ့ပေမယ့် ကျောက်တော် အရောက်မှာ ကွယ်လွန်ခဲ့ တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗင်နီဇွဲလားနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းမြင့်ပြီး လူထုရဲ့စားဝတ်နေရေးအကျပ်ဆိုက်

(၄) ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်ကို ထောက်ခံကြောင်း သမ္မတထရမ့်ထုတ်ဖော်ပြောဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားအတိုက်အခံလည်းဖြစ် ယာယီခေါင်းဆောင်လို့ သူ့ကိုယ်သူကြေညာ ထားသူလည်းဖြစ် တဲ့ ဟွမ်ဂိုင်ဒို ကို ထောက်ခံကြောင်း ဖုန်းဆက်ပြောကြား လိုက်ပါတယ်။

အမေရိကန်ဟာ ဗင်နီဇွဲလား သမ္မတ နစ်ကိုးလက်စ် မာဒူရိုကို ဖိအားတွေ ပေးနေချိန်မှာပဲ ဗင်နီဇွဲလား နိုင်ငံဆိုင်ရာ အမေရိကန်သံတမန်အသစ် အဲလိယော့ အေဘရမ်စ်ကလည်း အမေရိကန်က ထိန်းချုပ် ကန့်သတ်ထားတဲ့ ဗင်နီဇွဲလားအစိုးရရဲ့ပိုင်ဆိုင်မှုတွေကို လူသားချင်း စာနာထောက်ထားမှုအကူအညီ အတွက် ယာယီခေါင်းဆောင် ဟွမ်ဂိုင်ဒိုထံ လွှဲပြောင်းသွားမယ်လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်ကလည်း အမေရိကန် အခြေစိုက် ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံပိုင်ကုမ္ပဏီလုပ်ငန်းခွဲ တစ်ခုနဲ့တွေ့ဆုံဆွေးနွေးတာ အပြုသဘော ဆောင်တိုးတက်မှုရှိခဲ့တယ်လို့ ပြောပါတယ်။ မစ္စတာ ဘော်လ်တန်ဟာ ငွေပေးချေမှုတွေ ဟွမ်ဂိုင်ဒိုဆီ ရောက်နိုင်ရေး ကြိုးပမ်းနေတာပါ။ မစ္စတာ မာဒူရိုကတော့ ဝါရှင်တန်ဟာ အမေရိကန်မှာရှိတဲ့ဗင်နီဇွဲလား ပိုင်ဆိုင်မှုတွေကို ရယူဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲပါတယ်။

ဆက်စပ် အကြောင်းအရာများ